သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်မှာ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းတပ်ဖွဲ့တွေ ပစ်ခတ်မှုဖြစ်


Photo- Thailand Border Patrol Police
Photo- Thailand Border Patrol Police

(Zawgyi / Unicode)

ထိုင်း မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မဲအိုင့် မြို့နယ် ဘွမ်ဒွိုင်တောင်ကြားမှာ မူးယစ်ဆေး သယ်ဆောင်လာတဲ့ လက်နက်ကိုင် ၃၀ လောက်နဲ့ ထိုင်းနယ်ခြားစောင့်တပ်တွေ ဒီနေ့ အောက်တိုဘာလ ၅ ရက်နေ့ မနက်က မိနစ်အနည်းငယ် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာနဲ့ အောက်တိုဘာလ အတွင်း ရွှေတြိဂံက လာတဲ့ စိတ်ကြွဆေး အလုံးရေပေါင်း ၄၄ သန်းကျော်ကိုလည်း ထိုင်း ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်း မြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မဲ့အိုင်းမြို့နယ် ဘွမ်ဒွိုင်တောင်ကြားမှာ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ လက်နက်ကိုင် အင်အား ၃၀ လောက်နဲ့ ထိုင်း နယ်ခြားစောင့်တပ်တွေဟာ အောက်တိုဘာလ ၅ ရက်နေ့ မနက်က မိနစ်အတန်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီနောက် လက်နက်ကိုင်တွေဟာ မြန်မာနိုင်ငံ နယ်စပ်ဘက်ကို ဆုတ်ခွါသွားတယ်လို့လည်း ဆိုပါတယ် ။

တိုက်ပွဲအပြီးမှာတော့ ထိုင်းနယ်ခြားစောင့်က အဲဒီနယ်မြေကိုရှင်းလင်းရာမှာ လက်နက်ကိုင်တွေ စွန့်ပစ်ထားခဲ့တဲ့ ကျောပိုးအိပ် ၆ လုံးကိုတွေ့ရတာပါ။ မူးယစ်မှောင်ခိုသမားတွေဟာ သေနတ်ထိတဲ့ ဒဏ်ရာတွေနဲ့ ဆုတ်ခွါသွားတယ်လို့ ယူဆရပြီး လမ်းတလျှောက် သွေးကွက်တွေ့ရကြောင်း သူတို့ စွန့်ပစ်ခဲ့တဲ့ အိပ်တွေထဲမှာတော့ စိတ်ကြွဆေးပြား ၇၆၀,၀၀၀ ကျော် သိမ်းဆည်းခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် ပြည်နယ်အမှတ် (၅) ဒေသ ရဲဌာနချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပပြုလုပ် သွားတဲ့ သတင်းစာရှင်းလင်ပွဲမှာတော့ တိုက်ပွဲသတင်းကို အသေးစိတ်ကို မပြောသေးပါဘူး။ လက်ရှိဒီနေ့မှာပဲ နောက်ထပ်နေရာတခုမှာ ဖမ်းမိတဲ့ မူးယစ်ဂိုဏ်းဝင်တွေအကြောင်းနဲ့ ရွှေတြိဂံဒေသက လာတဲ့ မူးယစ်ဆေးဝါးတွေ အကြောင်းကို ထိုင်းမူးယစ်နှိမ်နင်းရေး ရဲချုပ် ချင်နာဖတ် ဆာရစင် ကအခုလိုပြောသွားပါတယ်။

ဒီရက်ပိုင်းတွေအတွင်း အဓိက မူးယစ်တရားခံ ၁၈ ဦးနဲ့ အတူ စိတ်ကြွဆေးပြား ၂,၅၀၀,၀၀၀ ၊ Ice ကီလို ၇၀၀ ဖမ်းဆီးနိုင်ခဲ့ကြောင်း အခု လိုပြောသွားတာပါ။ ထိုင်းမူးယစ်နှိမ်နင်းရေး ရဲချုပ် ချင်နာဖတ် ဆာရစင် ပြောသွားတဲ့အထဲမှာ အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ အိမ်နီးချင်းနိုင်ငံကနေ ဝင်ရောက်လာတာဖြစ်ပြီး ထိုင်းတောင်ပိုင်းအထိ ပို့နေကြတာဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

တာဝန်သိသူတွေက ကြိုတင်သတင်းပေးတာကြောင့် အချိန်မီ ဖမ်းနိုင်ခဲ့တာဖြစ်တယ်လို့ ပြောသွားပါတယ်။
ထိုင်းမူးယစ်တိုက်ဖျက်ရေးက ထုတ်ပြန်ထားတဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အခု အောက်တိုဘာလဆန်း အထိ ထိုင်း- မြန်မာ - လာအို သုံးနိုင်ငံ ဆုံရာ ရွှေတြိဂံဒေသမှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပြား ၄၄သန်းကျော် ဖမ်းမိပြီး ကာလတန်ဖိုးကတော့ဘတ်ငွေ သန်းပေါင်း ၅,၀၀၀ ကျော်ရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)







XS
SM
MD
LG