သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးဝန်ကြီးချုပ်ဟောင်း Najib Razak နိုင်ငံပိုင် 1MDB လုပ်ငန်းက ဒေါ်လာဘီလျံနဲ့ချီ အလွဲသုံးမှုနဲ့ ရင်ဆိုင်နေရ


မလေးရှားနိုင်ငံပိုင် 1MDB လုပ်ငန်းကြီးကနေ ဒေါ်လာဘီလျံနဲ့ချီ အလွဲသုံးစားမှု အရှုပ်တော်ပုံနဲ့ ဆက်နွယ်ပြီး ဝန်ကြီးချုပ်ဟောင်း Najib Razak ဟာ နောက်ထပ် အမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

1MDB လက်အောက်ခံ လုပ်ငန်းခွဲတခုဖြစ်တဲ့SRC International ကနေ ကိုယ်ပိုင် ဘဏ်စာရင်းထဲကို ဒေါ်လာ ၁၀ သန်း လွဲှပြောင်းမှု အပါအဝင် ငွေမည်းခဝါချမှု အမှု ၃ မှုနဲ့ ဒီကနေ့ နောက်ထပ်စွဲချက်တင်ခံခဲ့ရတာပါ။

အမှုတမှုချင်းစီအတွက် ပြစ်မှုထင်ရှားရင်တော့ အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သလို၊ ခိုးယူခဲ့တဲ့ ငွေကြေးပမာဏရဲ့ ၅ ဆထက်မနည်းတဲ့ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒီကနေ့ တရားခွင်မှာတော့ ဝန်ကြီးချုပ်ဟောင်းက စွဲချက်တွေအားလုံးအတွက် အပြစ်မရှိကြောင်း လျှောက်လဲခဲ့တာပါ။

အသက် ၆၄ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း Najib ကိုတော့ ပြီးခဲ့တဲ့လထဲမှာပဲ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှုနဲ့ ရာဇဝတ်ကြောင်းအရ ၃ မှု၊ 1MDB လုပ်ငန်းကြီးကနေ အလွဲသုံးစားမှုနဲ့ ဆက်နွယ်တဲ့အမှု ၁ မှုတို့နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။ အစောပိုင်းမှာ စွဲဆိုထားတဲ့ အမှုတမှုချင်းစီဟာလည်း ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ်အနှစ် ၂၀ အထိ ကျခံရနိုင်ပါတယ်။ အစောပိုင်း စွဲဆိုထားတဲ့ အမှုတွေမှာလည်း အပြစ်မရှိကြောင်း ဝန်ကြီးချုပ်ဟောင်းက လျှောက်လဲထားတာပါ။ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်မှာ တည်ထောင်ခဲ့တဲ့ 1MDB လုပ်ငန်းကြီးက အလွဲသုံးစားမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေမှာတော့ ဝန်ကြီးချုပ်ဟောင်း Najib ကို အဓိက စုံစမ်းနေတာ ဖြစ်ပါတယ်။

အမေရိကန် တရားရေး ဝန်ကြီးဌာနကလည်း မလေးရှားနိုင်ငံပိုင် 1MDB လုပ်ငန်းကနေ ဒေါ်လာ ၄.၅ ဘီလီယံ ခိုးယူခံခဲ့ရကြောင်းနဲ့ ဒီအထဲက တချို့ကတော့ ဝန်ကြီးချုပ်ဟောင်းရဲ့ ကိုယ်ပိုင်ဘဏ်စာရင်းထဲကို ရောက်ခဲ့ကြောင်းလည်း စွပ်စွဲထားတာပါ။ အလွဲသုံးစားမှုအရှုပ်တော်ပုံနဲ့အတူ ဝန်ကြီးချုပ်ဟောင်း ဦးဆောင်တဲ့ အာဏာရ အမျိုးသားတပ်ဦး ညွန့်ပေါင်းအဖွဲ့ဟာလည်း မေလရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ မလေးရှားနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၅၇ ခုနှစ်ကစလို့ နှစ်ပေါင်း ၂၂ နှစ်ကြာ တောက်လျှောက် အာဏာရလာခဲ့တဲ့ အစိုးရကိုတော့၊ တချိန်ကအာဏာရပါတီရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ Mahathir Mohamad ဦးဆောင်တဲ့ အတိုက်အခံ ညွန့်ပေါင်းအဖွဲ့က ရွေးကောက်ပွဲမှာ အနိုင်ယူခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG