သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဖြေရှင်းဖို့ မလေးရှားပြင်ဆင်ထား


မလေးရှားဝန်ကြီးချုပ် Anwar Ibrahim
မလေးရှားဝန်ကြီးချုပ် Anwar Ibrahim

အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ၂၀၂၅ ခုနှစ်မှာ မလေးရှားနိုင်ငံ ယူတဲ့အခါ မြန်မာ့အရေးဟာ ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်လိမ့်မယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ကပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ လူတွေ သေဆုံး၊ အိုးအိမ်မဲ့ဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အတိုင်းအတာ ပမာဏကြောင့် ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်လိမ့်မယ်လို့ ကွာလာလမ်ပူမြို့တော်မှာ ဇွန်လ ၆ ရက်နေ့က ကျင်းပတဲ့ ၃၇ ကြိမ်မြောက် အာရှ ပိစိဖိတ်ဆိုင်ရာ ဆွေးနွေးပွဲ မိန့်ခွန်းမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

"မြန်မာပြည်သူတွေအတွက် ဘယ်အရာက အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်တို့က ဝင် ဆုံးဖြတ်ပေးရမှာ မဟုတ်ပါဘူး။ မြန်မာ့အိမ်နီးချင်းဖြစ်သလို မိတ်ဆွေဖြစ်တဲ့ မလေးရှားနိုင်ငံအနေနဲ့က တတ်နိုင်သမျှ ကူညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ် Anwar Ibrahim ကပြောသွားပါတယ်။

နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး ISIS မလေးရှားက ကျင်းပတဲ့ ဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံအနေနဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာရင် သူ့အစိုးရကိုင်စွဲထားတဲ့ မူတွေနဲ့ ဒေသတွင်းအရေးကို တက်တက်ကြွကြွဆောင်ရွက်သွားမယ်လို့လည်း ပြောကြားသွားပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအနေနဲ့ တသံထဲထွက်ဖို့ လိုတယ်လို့လည်း မလေးရှားဝန်ကြီးချုပ်က မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

အာဆီယံအဖွဲ့ရဲ့ ပဋိညာဉ်ကို အဖွဲ့ဝင်နိုင်ငံတခုက ချိုးဖောက်နေတဲ့အပေါ် မတုံ့ပြန်ရင် လုပ်သင့်တဲ့ဝတ္တရားပျက်ကွက်တာဖြစ်တယ်လိုလည်း သူကထောက်ပြပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ နိုင်ငံရေးအရ ဖယ်ကျဉ်မှုတွေကို အဆုံးသတ်ဖို့နဲ့ ၂၀၂၁ ခုနှစ်ထဲက ရထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဆောင်ရွက်ဖို့လည်း မလေးရှားနိုင်ငံက ထပ်မံတောင်းဆိုတယ်လို့ မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးနိုင်တဲ့ ဆွေးနွေးဖက်တွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပိုပြီးထိထိရောက်ရောက်ပေးနိုင်ဖို့နဲ့ မြန်မာ့အရေးမှာ အရေးပါသူအားလုံးကြား တဖြည်းဖြည်းနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်သွားအောင် ကြိုးစားသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ၃၇ ကြိမ်မြောက် အာရှ ပိစိဖိတ်ဆိုင်ရာ ဆွေးနွေးပွဲ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG