သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား ယခင်နှင့်ယခု မဟာသီယာ အမြင်


ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဒ်
ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဒ်

မလေးရှားနိုင်ငံဟာ ဘဏ္ဍာရေးပိုင်းမှာ လုံးဝ ထိခိုက်ပျက်စီးနေပြီလို့ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်ဒ်က ပြော ပါတယ်။ အခုတကြိမ် ဝန်ကြီးချုပ်တာဝန် ပြန်ထမ်းဆောင်ရတာဟာ ပထမတကြိမ်ကထက် ပိုပြီး ရှုပ်ထွေးတယ်လို့လည်း ဆိုပါ တယ်။ မေလ ၂၄ ရက်၊ ကြာသပတေးနေ့က ဗွီအိုအေနဲ့ သီးခြားတွေ့ဆုံမေးမြန်းခန်းအတွင်း မစ္စတာမဟာသီယာက အဲဒီလို ပြောသွားတာပါ။ အဲဒီတွေ့ဆုံမေးမြန်းထဲကနေ David Boyle ကောက်နုတ်ရေးသားထားတဲ့ သတင်းလွှာကို ကိုကျော်ကျော်သိန်း က ပြောပြပါမယ်။

၁၅ နှစ်ကြာပြီးတဲ့နောက်မှာမှ တကျော့ပြန် ဝန်ကြီးချုပ်ဖြစ်လာတဲ့ မဟာသီယာ မိုဟာမက်ဒ်က ပထမတကြိမ် နှစ် ၂၀ ကြာ သူ ဝန်ကြီးချုပ်လုပ်ခဲ့တာနဲ့ အခုတကြိမ်ကြားမှာ အတော်လေး ကွာခြားတယ်လို့ဆိုပြီး အထူးသဖြင့်တော့ တိုင်းပြည်မှာ အကြွေး တင်နေတဲ့ပမာဏ သိပ်များလွန်းတာနဲ့ အကျင့်ပျက်ခြစားမှုကြောင့် နိုင်ငံတကာမှာ ဂုဏ်သိက္ခာ ကျဆင်းနေရတယ်လို့ ပြောပါ တယ်။

“ပထမအကြိမ် နှစ် ၂၀ ကြာ ဝန်ကြီးချုပ်လုပ်ရတာက အတော်လေး လွယ်ကူပါတယ်။ ရှိပြီးသားစနစ်ကို ကျနော်က အမွေ ဆက်ခံရတာပါ။ ကျနော်လုပ်ရတာက မလေးရှား ဖွံ့ဖြိုးတိုးတက်မှုှု လျင်ပြန်စေဖို့ အကြံအစည်သစ်တွေထုတ်ရတာပါပဲ။ ဒါပေမဲ့ အခုတော့ တကယ်ပဲ ပျက်စီးနေတဲ့ တိုင်းပြည်တခုကို ကျနော် ကိုင်တွယ်ရမှာပါ။ ဘဏ္ဍာငွေကြေးပိုင်း ပျက်စီးသွားပါပြီ။ အစိုးရ စနစ်ကို လျစ်လျူရှုခံထားရပြီး အသုံးမချခဲ့ပါဘူး။ စနစ်သစ်တခု၊ ပြောရရင်တော့ အာဏာရှင်စနစ်တခုကို အစပျိုးထားပါတယ်။”

တချိန်က မဟာသီယာရဲ့မဟာမိတ် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်က်ဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဝန်ကြီးချုပ် လုပ်ခဲ့ပြီး ၂၀၁၅ ထဲကစလို့ အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ နိုင်ငံပိုင် ရင်းနှီး မြှုပ်နှံမှုကုမ္ပဏီကနေ ဒေါ်လာဘီလီယံပေါင်းများစွာ အစပျောက်သွားတာကနေ စတာဖြစ်ပါတယ်။

ဒီသီတင်းပတ်မှာတော့ မစ္စတာနာဂျစ်ဘ်ရဲ့အိမ်ကို ရဲတပ်ဖွဲ့က ဝင်ရှာပြီး လက်ဝတ်ရတနာတွေ၊ ငွေသားတွေ၊ ရာပေါင်းများစွာသော တန်ဖိုးကြီး လက်ကိုင်အိတ်တွေ သိမ်းလာတယ်လို့ပြောတဲ့ အိတ်ကြီးတွေကို ရဲတွေက သယ်ထုတ်သွားကြပါတယ်။

ဝန်ကြီးချုပ်ရာထူးနဲ့ အကာအကွယ်လည်းမရှိတော့တဲ့ မစ္စတာနာဂျစ်ဘ်ဟာ ဒီသီတင်းပတ်အတွင်းမှာပဲ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်ရှေကမှာ နာရီအတော်ကြာ မေးမြန်းတာတွေကို ထွက်ဆိုပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့ကလုပ်တဲ့ ၆ နာရီကြာ စစ်ဆေးမေးမြန်းခန်းကနေ ထွက်လာချိန်မှာ မစ္စတာနာဂျစ်ဘ်က သူတို့မေးခွန်း တွေကို ကျနော်သိသလောက် အားလုံးဖြေခဲ့ပါတယ်လို့ ပြောပါတယ်။

ပျောက်သွားတဲ့ငွေအများစုကို ချေးပြီး ပြန်ဖြည့်ယူခဲ့ရတာကြောင့် နိုင်ငံအတွက် အတော်လေး အထိနာရပါတယ်။ ဒါပေမဲ့ ထိခိုက် ဆုံးရှုံးမှု လျော့ပါးသက်သာအောင် ဘယ်လိုလုပ်မယ်ဆိုတာ သူ့ပါတီနဲ့ တိုင်ပင်လုပ်ဆောင်နေပြီး ချေးငွေ ဒေါ်လာဘီလီယံ့ ၂၅၀ ထဲက ဘီလီယံ ၅၀ လောက်လျော့သွားအောင်လုပ်ဖို့ နည်းလမ်းတွေ့ထားပြီလို့ သူယူဆကြောင်း ဒေါက်တာမဟာသီယာက ပြောပါတယ်။

“တခြားနိုင်ငံတွေ၊ ပြည်ပဘဏ်တွေသာမက ပြည်တွင်းကနေတောင်မှ အရင်အစိုးရ ချေးခဲ့တဲ့အကြွေးဟာ သိပ်ကို များလွန်းပါတယ်။ ဒါကြောင့် ကျနော်တို့ ပထမဆုံးလုပ်ဖို့လိုတာက အကြွေးတွေကို ပြန်ဆပ်နိုင်ဖို့၊ အနိမ့်ဆုံးအဆင့် ချေးထားတဲ့ ငွေပမာဏလျော့ကျသွားအောင် ကြိုးစားဖို့ဖြစ်ပါတယ်။”

ရွေးကောက်ပွဲမတိုင်ခင် မစ္စတာနာဂျစ်ဘ်ပြဌာန်းသွားတဲ့ လူတွေလုံးဝမကြိုက်တဲ့ လုပ်ကြံသတင်းတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကို ဖျက်သိမ်းပစ်ဖို့ကိစ္စ သူစိတ်ပြောင်းနေပြီလို့ ပြောတာတွေကိုလည်း မဟာသီယာက ပယ်ချပါတယ်။ ဒါပေမဲ့လည်း လူမျိုးရေး တင်းမာမှုတွေဖြစ်အောင် လှုံ့ဆော်တာတွေကိုတားဆီးဖို့တော့ မီဒီယာတွေကို ထိန်းချုပ်မှုတချို့ လုပ်ဖို့လိုတယ်လို့ ပြောပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG