သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးလှုပ်ရှားသူ မိသားစု ပျောက်ဆုံးမှုအတွက် မလေးရှားရဲတပ်ဖွဲ့ စတင်စုံစမ်း


မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်နဲ့ မြန်မာ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်နဲ့မိသားစု မိသားစု
မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်နဲ့ မြန်မာ့အလုပ်သမားရေးတက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်နဲ့မိသားစု မိသားစု

မလေးရှားနိုင်ငံမှာ အတင်းအကျပ် ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေ ထွက်နေတဲ့ မြန်မာ့အရေးလှုပ်ရှားသူ မသူဇာမောင်နဲ့ မိသားစု ပျောက်ဆုံးမှုနဲ့လို့ စုံစမ်းစစ်ဆေးနေကြောင်း မလေးရှားရဲတပ်ဖွဲ့က ဒီနေ့ပဲ ပြောလိုက်ပါတယ်။

ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတဲ့ အထောက်အထား ကိုင်ဆောင်ထားသူ အသက်၄၆ နှစ်အရွယ် မသူဇာမောင်နဲ့ သူ့ရဲ့ ခင်ပွန်း၊ ကလေးငယ်သုံးဦးတို့ဟာ ဇူလိုင် ၄ ရက်က ဘယ်သူဘယ်ဝါမှန်း အတိအကျ မသိရသူတွေက မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်က နေအိမ်မှာ လာရောက်ခေါ်ဆောင်သွားတာလို့ မျက်မြင်သက်သေတွေနဲ့ လုံခြုံရေးကင်မရာက မှတ်တမ်းတွေကို ကိုးကားပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကပြောပါတယ်။

“မသူဇာမောင်နဲ့ သူ့မိသားစုကို ရှာဖွေဖို့နဲ့ သူတို့ဘေးကင်းစေဖို့ မလေးရှားအစိုးရအနေနဲ့ အရေးတကြီး ဆောင်ရွက်သင့်ပါတယ်” လို့လည်း HRW အာရှရေးရာ ဒါရိုက်တာ Elaine Pearson က တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာပြောထားပါတယ်။

မိသားစုလိုက် ပျောက်ဆုံးနေကြောင်း တိုင်ကြားချက်ကို လက်ခံရရှိပြီးနောက်ရဲတပ်ဖွဲ့က လူပျောက်မှုနဲ့ အမှုဖွင့်ခဲ့တယ်လို့ဆီလန်ဂေါရဲဌာန အကြီးအကဲ ဟူစိန်အိုမာခန်း ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

ပြန်ပေးဆွဲမှုအပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားတာမရှိသေးပါဘူး။

မလေးရှားနိုင်ငံဟာမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန်ဝေဖန်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပေမဲ့၊ မြန်မာစစ်တပ်လက်အောက်ကနေမှထွက်ပြေးလာသူတွေ အပါအဝင် မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာကို နေရပ်ပြန်ပို့တာတွေ ရှိခဲ့တာကြောင့် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်တာကိုခံနေရတဲ့ နိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေအပေါ် အကြမ်းဖက်မှုဘေးကနေ လွတ်မြောက်ဖို့အတွက် ၂၀၁၅ခုနှစ်က ထွက်ပြေးလာပြီး မလေးရှားနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ မသူဇာမောင်ဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကိုထောက်ခံအားပေးခဲ့တဲ့အတွက်ကြောင့်ပစ်မှတ်ထားခံရဖွယ်ရှိကြောင်း HRW အဖွဲက ပြောပါတယ်။ ဒါပေမဲ့ ဘယ်သူတွေမှာ တာဝန်ရှိတယ် ဆိုတာတော့ ထုတ်ဖော်ပြောထားတာမရှိပါဘူး။

သူဇာမောင်ဟာမြန်မာမွတ်စလင်ဒုက္ခသည်အသိုက်အဝန်းကိုဦးဆောင်နေပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုစာမျက်နှာကို ဖတ်ရှုသူ ၉ သောင်း ၃ထောင် ကျော်ရှိပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြာခဏ ဝေဖန်လေ့ရှိသူ ဖြစ်ပါတယ်။ ကွာလာလမ်ပူမြို့က မြန်မာသံရုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ တစုံတရာ ပြောဆိုတာ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG