သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရောက် မြန်မာတွေ လုံခြုံရေးသတိရှိဖို့ နှိုးဆော်


မလေးရှားနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ လုံခြုံရေး အထူးသတိထားကြဖို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်က သတိပေး အကြောင်းကြားထားတယ်လို့ ကွာလာလမ်ပူအခြေစိုက် လူမှုအသင်းတွေက ပြောပါတယ်။

မလေးရှားနိုင်ငံတွင်း လူကုန်ကူးခံရသူတွေလို့ ယူဆရတဲ့ ဘယ်သူဘယ်ဝါမှန်း မသိရသေးတဲ့ ရုပ်အလောင်း အများအပြား တူးဖော်ရရှိပြီးနောက်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကြား စိုးရိမ်မှုတွေ တိုးလာနေတာပါ။ အခြေအနေ အသေးစိတ် မဆုမွန်က တင်ပြထားပါတယ်။

မလေးရှားနိုင်ငံတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မိမိတို့ရဲ့လုံခြုံရေး အထူးသတိထားကြဖို့နဲ့ အရေးပေါ် အကူအညီ လိုအပ်လာရင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အရေးပေါ် ဖုန်းနံပတ် ၀၁ ၇၃၄ ၇၆၇၂၆ ကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားကြဖို့ တိုက်တွန်းထားကြောင်း မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမြို့ အခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းက ဦးစန်းဝင်းက ပြောပါတယ်။

“ဟုတ်ပါတယ် သူတို့က မြန်မာတွေကို တဦးချင်းမသွားပါနဲ့ပေါ့။ အုပ်စုလိုက်သွားပါပေါ့။ အချိန်မတော် မသွားဖို့တို့၊ သတိနဲ့သွားလာဖို့တို့၊ သတိပေးချက်လည်း ထုတ်ထားပါတယ်။ အရေးပေါ်ဖြစ်ရင်လည်း သူတို့ hotline နံပါတ် 017 ဘယ်လောက် ဘယ်လောက်ပေါ့လေ အဲဒါကို ဆက်သွယ် အကူအညီတောင်းဖို့ ဆိုတဲ့အကြောင်း အဲဒီစာတွေ ထုတ်ထားပါတယ်ခင်ဗျ။”

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အလုပ်သမား အဖွဲ့အစည်းတွေဘက်ကလည်း မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေ လုံခြုံရေးသတိရှိကြဖို့ လိုက်လံ ဆော်သြပေးနေကြတယ်လို့ အခုလို ပြောပါတယ်။

“စက်ရုံတွေရဲ့ အလုပ်သမားတွေ၊ အဲ့လူတွေတွေ့ရင်လည်း ကျနော်တို့တွေ စည်းနဲ့ကမ်းနဲ့နေဖု့ိ အခုလို အနေအထားမှာ ကောင်းကောင်းမွန်မွန်နေဖို့၊ အရက်သေစာ မသောက်စားဖို့၊ ရန်မဖြစ်ဖို့ အဲဒီဟာတွေ ကျနော် သတိပေးပါတယ်။ အကြောင်းရှိရင်လည်း ကျနော်တို့ကတဆင့် ဒီ လူမှုကူညီရေးအသင်းတွေကို ဖုန်းဆက်ဖို့၊ ကျနော်တို့ကတဆင့် သံရုံးကိုလည်း အကြောင်းကြားမယ်ဆိုတာ တဦးနဲ့တဦး link လုပ်ထားပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့သီတင်းပတ်က ကွာလာလမ်ပူမြို့က မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ လှေစီးပြေး ဒုက္ခသည်တွေရဲ့အရေး မလေးရှားနိုင်ငံသားအချို့နဲ့ မြန်မာအချို့ လာရောက်ပြီး ဆန္ဒပြမှုဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ မြန်မာအလုပ်သမားတွေကြား စိုးရိမ်မှုတွေ ပိုတိုးလာနေတာ ဖြစ်တယ်လို့လည်း ကွာလာလမ်ပူမြို့မှာ နေထိုင်တဲ့ ဦးစန်းဝင်းက ပြောပါတယ်။

“သံရုံးကိုတောင် အတင်း ဝင်ရောက်မယ့်ပုံစံမျိုး ရှိခဲ့တဲ့အတွက်ကြောင့် အလုပ်သမားအများစုကတော့ ကြောက်လန့်နေပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေး၊ သောကြာ ၂ ရက်က ဆန္ဒပြမှုတွေဖြစ်တယ်။ နောက်တခုက ဒီမှာ သံရုံးဆန္ဒပြမှုမှာ လာပြီး လုံခြုံရေးယူတဲ့ ရဲတွေကလည်း သိတတ်စွာ စောင့်ကြပ်ပေးခြင်းမရှိဘူး။ တားမြစ်ခြင်းလည်း မရှိခဲ့ပါဘူး။ ဒါကြောင့်မို့ လုံခြုံမှုအနေအထားက မကောင်းမွန်ပါဘူး ဒီ မလေးရှားမှာရှိတဲ့ လူတော်တော်များများအတွက်ကတော့။”

မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့ မြန်မာနိုင်ငံကိုပြန်ဖို့ မြန်မာသံရုံးကို လာရောက် ဆက်သွယ်လာကြတဲ့သူတွေ များလာပြီး ရွှေ့ပြောင်းအလုပ်သမားတွေကြား လုံခြုံရေးသတိနဲ့ သွားလာနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေကတော့ အခုလက်ရှိ အနေအထားတော့ ပြီးခဲ့တဲ့ ကြာသပတေး၊ သောကြာ ၂ ရက် ဆန္ဒပြမှုတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ အပြင်ကို ညဘက်သွားတာတို့၊ overtime အလုပ်လုပ်တာတို့ မရှိကြတော့ဘူးခင်ဗျ။ အရမ်းကိုလျော့သွားတယ်။ အများစုကတော့ မြန်မာပြည်ကိုပြန်ဖို့ပဲ ဆိုင်းပြင်းနေကြတယ်။ လူတော်တော်များများကလည်း အဲဒီမြန်မာပြည်ကို နေ့စဉ်ရက်ဆက်ဆိုသလိုပဲ နိုင်ငံသားဖြစ်ကြောင်း CI ဆိုတဲ့ နိုင်ငံသားဖြစ်ကြောင်း စာရွက်စာတမ်းတွေ လျှောက်ပြီး ပြန်ကြတဲ့သူတွေ များပါတယ်။”

အခုဆိုရင် မလေးရှားနိုင်ငံ နယ်စပ်အနီးမှာ လူကုန်ကူးခံရသူလို့ယူဆရတဲ့ ဘယ်သူဘယ်ဝါဆိုတာ အမည်မဖော်နိုင်သေးတဲ့ ရုပ်အလောင်းတွေ ၁၀၀ ကျော် တူးဖော်တွေ့ရှိခဲ့ပေမဲ့ ဘယ်နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာတော့ မလေးရှားဘက်က တရားဝင်ပြောဆိုခြင်း မရှိသေးဘူးလို့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် နာရေးကူညီမှုကို လိုက်လံ ဆောင်ရွက်ပေးနေတဲ့ ဦးဆန်းဝင်းက ပြောပါတယ်။

“ဒီနေ့အထိ တူးဖော်တာ ၁၅၈ ယောက်လို့ သူတို့ ကြေညာထားတယ်ပေါ့လေ။ ဒါပေမဲ့ ဘယ်နိုင်ငံသားတွေဖြစ်တယ်၊ ဘယ်သူတွေဆိုတာကို တရားဝင် ကြေညာထားတာမရှိဘူး။ ကျနော်တို့ကြားတာကတော့ ဒီနှစ်နိုင်ငံနယ်စပ်ကြားမှာ trafficking တွေပေါ့လေ နောက်တခု ဘယ်နိုင်ငံသားတွေဆိုတာကိုတော့ အတိအကျရယ်လို့တော့ ဘယ်သူမှ မဖော်ထုတ်နိုင်ဘူး။ လူကုန်ကူးတဲ့သူတွေရဲ့ အနေအထားကနေပြီးတော့ သေဆုံးတာတွေဖြစ်နိုင်ပါတယ်။”

အခုလို မြန်မာအလုပ်သမားအများအပြား သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မလေးရှားနိုင်ငံတွင်း အခုလိုမျိုး လူကုန်ကူးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလို့ယူဆရတဲ့ အမည်မသိ ရုပ်အလောင်းတွေ တူးဖော်ရရှိတဲ့အရေး အပါအဝင် မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေး သံရုံးဘက်က ဆောင်ရွက် လုပ်ကိုင်ပေးနေတာတွေနဲ့ ပတ်သက်လို့ သိရှိနိုင်ဖို့ မြန်မာအစိုးရ၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ အလုပ်သမားရေးရာ သံအရာရှိနဲ့ တာဝန်ရှိသူတွေကို ဗွီအိုအေမြန်မာပိုင်းက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရပါဘူးရှင်။

XS
SM
MD
LG