သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးဝါးအဖြစ် Marijuana အသုံးပြုမှု အဆိုးအကောင်း


Marijuana ဆေးခြောက်
Marijuana ဆေးခြောက်

မူးယစ်ဆေးဝါးနှိမ်နင်းရာမှာ ခပ်ကြမ်းကြမ်းကိုင်တွယ်လေ့ရှိတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ဆေးခြောက်- Marijuana ကို ဆေးကုသရာမှာ သုံးဖို့ ၂၀၁၈ နှစ်ကုန်ခါနီးမှာ ခွင့်ပြုလိုက်တာကြောင့် စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ဘာကြောင့်ပါလဲ။ ဆေးပညာရှင် ဒေါက်တာတင့်ဆွေကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဆေးခြောက် Marijuana ကို ဆေးကုသရာမှာ သုံးဖို့ ပထမဆုံးခွင့်ပြုတဲ့ နိုင်ငံဖြစ်ပါတယ်။ အခုလို တရားဝင် ခွင့်ပြုချက်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စတင်ပြဌာန်းလိုက်တဲ့နောက် မာရီဝါးနားကို ဆေးဝါးအဖြစ်သုံးဖို့ လုပ်နေတဲ့ ပညာရှင်တချို့က ဒီဥပဒေကို စိတ်ပျက်ကြောင်း ပြောဆိုလာကြသလို ဒါဟာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်း ရာချီ အမြတ်ရနေတဲ့ ပုဂ္ဂလိက စီးပွါးရေး လုပ်ငန်းကြီးတွေကို အစိုးရဌာနတွေက အခွင့်ရေးတွေ ပေးလာနိုင်တယ်လို့လည်း ထောက်ပြကြပါတယ်။

ဒါပေမဲ့ ထိုင်းမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဗျူရို အတွင်းရေးမှုးချုပ် Niyom Termsrisuk ကတော့ မာရီဝါးနားကို စတင်စိုက်ပျိုးရာကနေ ရောင်းဝယ်မှုနဲ့ အသုံးပြုသူ ရောဂါရှင်တွေ လက်ထဲ ရောက်တဲ့အထိ အဆင့်တိုင်းအတွက် စည်းမျဉ်းစည်းကမ်း ဥပဒေ၊ နည်းဥပဒေတွေ ချမှတ်ထိမ်းချုပ် ပြီး အမြတ်ထုတ်သူတွေရဲ့ အန္တရာယ်ကို ကာကွယ်သွားမှာ ဖြစ်ကြောင်းပြောပါတယ်။

GPO ထိုင်းအစိုးရ ဆေးဝါးဗေဒဌာနကလည်း မာရီဝါးနားကို အမျိုးအစား ခွဲခြားတာနဲ့ အရည်အသွေး ပိုကောင်းကောင်းရအောင်၊ စိုက်ပျိုးတာ၊ ရိတ်သိမ်းတာတွေ လုပ်နေတာပါ။ ဒီနှစ်ထဲမှာတော့ ကုသရေးမှာ ရောဂါ ၄ မျိုးဖြစ်တဲ့ ငယ်စဉ်ကတည်းက ဝက်ရူးပြန်လို့ တက်တဲ့ရောဂါ၊ ပြင်းထန်တဲ့ နာကျင်မှုခံစားနေရသူတွေ၊ အကြောရောဂါတမျိုးနဲ့ ကီမိုဆေးသွင်းနေရတဲ့ ကင်ဆာဝေဒနာရှင်တွေကို စတင်စမ်းသပ်ဖို့ လုပ်မှာ ဖြစ်ကြောင်း ထိုင်းအစိုးရ ဆေးဝါးဗေဒဌာနက ဒေါက်တာ Withoon က ပြောပါတယ်။

အခုလို စတင်စမ်းသပ်တဲ့ အဆင့်မှာပဲ ရှိနေသေးပေမယ့် ဆေးကုသရေးမှာသုံးမယ့် ဒီဆေးခြောက်ကို စီးပွါးဖြစ်တင်ပို့ရောင်းချ ဖို့အထိ ထိုင်းအစိုးရက စဉ်းစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိုးရရဲ့ တရားဝင်ခွင့်ပြုမှုကနေ ထိုင်းနိုင်ငံအတွင်း နောင်မှာ ဖြစ်လာနိုင်မယ့် ပြဿနာတွေအတွက် စိုးရိမ်မှုတွေလည်း တိုးလာနေတာဖြစ်ပါတယ်။

မာရီဝါးနား ဒါမှမဟုတ် Cannabis sativa လို့ခေါ်တဲ့ ဆေးခြောက်ဟာ ဘိန်း၊ ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေလောက် မပြင်းထန်ပေမယ့် ဆေးစွဲနိုင်တဲ့ အနေထားရှိသလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်တယ်လို့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ သူက ဘိန်း ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေလောက်တော့ စွဲစေတာ မရှိဘူး။ ဒါပေမယ်လို့ သုံးတဲ့လူတွေက ဒီဆေးခြောက်ကိုပဲ ရချင်လာတယ် .. ရတဲ့အခါမှာလည်း ဆေးအလေးချိန် ပိုပြီးရချင်လာတယ်၊ တနည်းအားဖြင့် ဒီပေါ်မှာ မှီတည်ချင်တဲ့စိတ်က များတယ်။ စွဲမစွဲ ဆိုတာက သုံးတဲ့ သောက်တဲ့လူရဲ့ စိတ်အခံနဲ့ ကျန်းမာရေးအပေါ်မှာ မူတည်တယ်။ ဆေးခြောက်ဝင်သွားရင် နှလုံးခုန် မြန်မာမယ်၊ မျက်နှာနီလာမယ်။ မျက်စိထဲက ဖိအား ပရက်ရှာကျမယ် အာခေါင်ခြောက်မယ်၊ လူကတော့ နေလို့ကောင်းတယ်လို့ ထင်နေမယ်၊ အကောင်းတွေပဲ မြင်နေမယ်၊ ဒါပေမဲ့သူက အချိန်ကို သတိမထားမိဘူး စားချင်စိတ်တွေများမယ်၊ နောက် စိုးရိမ်စိတ် နည်းမယ်ဆိုပေမယ့် တချို့မှာ စိုးရိမ်စိတ်ကဲပြီးတော့ စိတ်ဓါတ်ကျတယ်။ နောက်တခါ သူက တခြားလူထက်စာရင် အာရုံးခံစားမှု သူများထက်ပိုတိုးပြီးသိတယ်၊ ဒါပေမယ်လို့ သူဟာ ပြဿနာဖြေရှင်းဖို့ ဆုံးဖြတ်တဲ့အခါမှာ အင်မတန် အားနည်းသွားပါတယ်။ ခေါင်းမူးမယ် စိတ်ရှုတ်ထွေးမယ် အိပ်ချင်မယ် .. မရှိတဲ့ဟာတွေကို ရှိတယ်လို့ သူမြင်နေပြီးတော့ နောက်ဆုံး အားအင်ကုန်ခမ်းပြီးတော့ နေရခက်တဲ့ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။ နောက်ဘေးထွက် ဆိုးကျိုးကတော့ လိင်မှုဆိုင်ရာ အားနည်းမှုဖြစ်တယ်။ နောက်တခါ အဲလိုလူတွေမှာပဲ လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ ပိုဖြစ်တယ်လို့ သုတေသနတွေအရ သိရပါတယ်။”

အခုလို စိုးရိမ်မှု ရှိနေပေမယ့် မာရီဝါးနား ဆေးခြောက်ပါတဲ့ ဆေးတချို့နဲ့ ကုသနိုင်တဲ့ ရောဂါတွေလည်း ရှိတယ်လို့ လည်း ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ သူ့ထဲမှာ အဓိက လူရဲ့ ကျန်းမာရေးကို သက်ရောက်စေတာက THC (tetrahydrocannabinol) ဒြပ်ပေါင်းဖြစ်ပါတယ်။ ဒီဆေးခြောက်ပါတဲ့ ဆေးတွေကို ရောဂါ တချို့မှာ ကုနိုင်ပါတယ်။ တရားဝင်သုံးလို့ရတဲ့ ရောဂါတွေကတော့ Alzheimer အယ်ဇိုင်းမားရောဂါ၊ နောက် အစာမစားချင်တဲ့ ရောဂါ၊ ကင်ဆာဖြစ်လို့ ဒဏ်မခံနိုင်တဲ့ရောဂါ၊ Crohn’s disease လို့ခေါ်တဲ့ နာတာရှည် အူမကြီး ဝမ်းလျှောရောဂါ၊ နောက် အဓိကကတော့ Epilepsy လို့ခေါ်တဲ့ ဝက်ရူးပြန်ရောဂါ၊ နောက်တခါ Glaucoma လို့ခေါ်တဲ့ မျက်စိရေတိမ်ပေါ့။ သူက အဲဒါသောက်လို့ရှိရင် မျက်စိတွေက ဖိအားက ကျလာတယ်။ အဲဒီတော့ ဖိအားများတဲ့ ရေတိမ်အတွက်လည်း ကုပါတယ်။ နောက်တခါ စိတ်ရောဂါမှာ Schizophrenia လို့ခေါ်တဲ့ စိတ် ၂ ခွ ရောဂါနဲ့ PTSD လို့ခေါ်တဲ့ ဒဏ်ရာရပြီးနောက်မှာ ဖြစ်လာတဲ့ စိတ်ဖိအား များခြင်းရောဂါဖြစ်ပါတယ်။ နောက်တခု ကတော့ Multiple sclerosis လို့ခေါ်တဲ့ အဆစ်အမြစ်တွေရော၊ အရေပြားတွေရော မာပြီး တင်းပြီး တောင့်နေတဲ့ ရောဂါမျိုး အကုရ ခက်တဲ့ဟာမျိုး၊ နောက်တခါ ကြွက်သားတွေ တင်းအားများတဲ့ရောဂါ။ နောက်အဓိက ကတော့ ကင်ဆာဖြစ်လို့ ကိမိုခေါ်တဲ့ ကင်ဆာဆေး ပေးတဲ့အခါမှာ ဆေးရဲ့ ဘေးထွက်သတ္တိကြောင့် ပျို့တာအန်တာ သက်သာဖို့လည်း ဆေးခြောက်ကို သုံးနိုင်ပါတယ်။ နောက်တခုက အကြောင်းတခုခုကြောင့် အလွန်အကျွံနာတဲ့ဟာမျိုးအတွက်လည်း ပေးတယ်။ တချို့ကျတော့ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်စိတ် များတဲ့ လူနာတွေကိုပေးတယ်။ နောက် အခြားအကြောင်းကြောင်းကြောင့် တက်တဲ့ရောဂါတွေ နောက် ဆုံးတခုကတော့ Migraine လို့ခေါ်တဲ့ အမူးအကိုက် ရောဂါတမျိုးမှာလည်း သုံးကြပါတယ်ခင်ဗျ။”

အခုလို ဆေးဝါးကုသရေးမှာ သုံးတဲ့ ဆေးခြောက်တွေနဲ့ ပတ်သက်ပြီး စမ်းသပ်ဆဲ အဆင့်မှာ ရှိနေသေးပေမယ့် ၂၀၂၂ ခုနှစ် ရောက်ရင် အမေရိကန် ဒေါ်လာ ဘီလျံ ၂၀ ကျော်ဖိုး ထုတ်နိုင်ဖို့အထိ ထိုင်းအစိုးရက စီမံကိန်းဆွဲနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG