သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောက အစိုးရဝန်ထမ်းများ နေရပ်ရင်းပြန်ပို့


မောင်တောက အစိုးရဝန်ထမ်းများ နေရပ်ရင်းပြန်ပို့ (MOI)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ တိုက်ခိုက်မှုတွေအကြား ပိတ်မိနေတဲ့ ကျောင်းဆရာ၊ ဆရာမ ၂၀၀ လောက်ကို တပ်မတော် ရဟတ်ယာဉ်နဲ့ ပြန်လည်ခေါ်ယူပြီး နေရပ်ပြန်ပို့ပေးနေပါတယ်။ ကျန်းမာရေး ၀န်ထမ်းတွေကတော့ မောင်တောမြို့နယ်ဆေးရုံမှာပဲ အသင့် အနေအထားနဲ့ ဆက်လက်နေထိုင်ဖို့ စီစဉ်ပေးထားပါတယ်။ အစိုးရတပ်မတော်နဲ့ အကြမ်းဖက်သူတွေအကြားမှာ တိုက်ခိုက်တာတွေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေသလို မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်က တိုင်းရင်းသားတွေကတော့ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် ပြောင်းရွှေ့တာတွေလည်း ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မောင်တောက အစိုးရဝန်ထမ်းများ နေရပ်ရင်းပြန်ပို့ (MOI)
မောင်တောက အစိုးရဝန်ထမ်းများ နေရပ်ရင်းပြန်ပို့ (MOI)

ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့တာ ၅ ရက်ကြာမြင့်လာချိန်အထိ အခြေအနေဟာ ငြိမ်သက်မသွားသေးဘဲ တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့ မောင်တောမြို့နယ်အတွင်းက ကျေးရွာတွေမှာပိတ်မိနေတဲ့ ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမတွေကို တပ်မတော်ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်တာတွေ စတင် လုပ်ဆောင်နေကြောင်း မောင်တောမြို့နယ်ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။

“ဒီနေ့ တနာရီကစပြီးတော့ တောင်ပြိုအစိုးရကနေပြီးတော့ ဟိုက်စကီး နှစ်စီးနဲ့ စပြီးတော့ သယ်နေပါပြီ။ အခုအချိန်အထိကတော့ နှစ်စီးလောက် သယ်လို့ပြီးပါပြီ။ ဆရာ ၇၀ ကျော် ရှိပါတယ်။ ဘူးသီးတောင်ကနေပြီးတော့ စစ်တွေကို အမြန်ဆုံး သယ်ပေးနေပါတယ်။”

ဘူးသီးတောင်ကို ရောက်နေတဲ့ ဆရာမတဦးကတော့ လက်ရှိအခြေအနေကို အခုလို ပြောပါတယ်။

“မင်းတိုက် မှာ။ အဲဒီနေရာမှာ လမ်းပမ်းဆက်သွယ်ရေး နည်းနည်းခက်ခဲလို့ အဲဒါကြောင့် ပိတ်မိသွားတာ။ ကျမနဲ့ပေါင်းတော့ ခုနစ်ယောက်လောက်ပေါ့နော်။ စစ်တပ်အစီအစဉ်နဲ့ လေယာဉ်နဲ့လာပြီးတော့ ကြိုပါတယ်။ အကုန်လုံးတော့ မရောက်သေးဘူး၊ တရာကျော်လောက် ရောက်ကြပြီ။ ”

လောလောဆယ်မှာတော့ မောင်တောမြို့နယ်က ကျောင်းတွေကို ရက်အကန့်အသတ်မရှိပိတ်ထားရပါတယ်။ မောင်တောမြို့နယ်က ကျေးလက်တွေမှာတာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့အခြေအနေကိုတော့ စစ်တွေမြို့ကျန်းမာရေးဌာနတာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ ကျန်းမာရေးဌာနတွေမှာ အဲဒီ ဖြစ်တဲ့နေ့မှာ တီဘီနဲ့ပတ်သက်ပြီး အစည်းအဝေးရှိတယ်။ အစည်းအဝေးရှိတော့ စုပြီးသားဖြစ်နေတာပေါ့။ မြို့နယ်ရုံးမှာ - သူတို့ မပြန်ဖြစ်ဘူး။ မြို့နယ်ရုံးမှာပဲ Stand-by ထားတာ။ အရေးပေါ်လူနာတွေကို သူတို့ပဲ စောင့်ရှောက်ပေးနေတာ။ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဒီကို ပြန်လာလို့မရဘူး။ စစ်တွေမှာဆိုလည်း စစ်တွေကို ခေါ်လို့မရဘူး။ ဟိုမှာပဲ အရေးပေါ်အနေနဲ့ သူတို့ကိုပဲ ထားရတယ်။ မောင်တောမှာတော့ ကျန်းမာရေးဝန်ထမ်းဆိုရင် အလွှာအသီးသီးဆိုရင် ဆရာမရယ်၊ နယ်မှာနေတဲ့ ကျန်းမာရေးမှူး တွေက ၅၀ ကျော်လောက်ပဲ ရှိမယ်။”

ဒီနေ့ထုတ်အစိုးရပိုင်သတင်းစာတွေမှာတော့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက မောင်တောမြို့နယ် ကြက်ရိုးပြင်ရွာမှာ အကြမ်းဖက်တိုက်ခိုက်တာကြောင့် တပ်မတော်စစ်ကြောင်းကရှင်းလင်းရာမှာ စီးနင်းသူ ၁၀ ယောက်ရဲ့အလောင်းနဲ့ တစ်လုံးထိုးသေနတ်တလက် သိမ်းဆည်းရမိကြောင်း၊ ကျီးကန်းပြင်ကျေးရွာ အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်ကို လူ ၅ ယောက်လောက်က လက်နက်ငယ်နဲ့ လာရောက်တိုက်ခိုက်ပြီး ၀ါးပိတ်ရွာကို မီးရှို့ခဲ့တာကြောင့် အိမ် ၂၅ လုံးလောက် ပျက်ဆီးကြောင်း ဖော်ပြပါတယ်။

နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် မောင်တောမြို့နယ်က တိုင်းရင်းသားတွေဟာ ဘူးသီးတောင်ကိုတိမ်းရှောင်နေသလို ဘူးသီးတောင် မြို့နယ်ကရွာသူရွာသားတွေကလည်း မြို့ပေါ်ကို တိမ်းရှောင်ဖို့ ပြင်ဆင်နေတယ်လို့ ဘူးသီးတောင်မြို့နယ် ANP ခေါ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဦးသန်းနိုင်က ပြောပါတယ်။

“ဘူးသီးတောင်မှာ အခြေအနေကတော့ လုံခြုံရေးတွေ အားနည်းနေတယ်။ ဒါနဲ့ နယ်ခံဒေသတွေကနေပြီးတော့ စိုးရိမ်ကြောင့်ကျပြီးတော့ မြို့ပေါ်ကို တက်ဖို့တောင် အခြေအနေရှိတယ်။ တချို့နေရာတွေမှာ ကလေးတွေနဲ့ မိန်းမတွေကို ပို့ထားကြပြီ။ လူကြီးတွေက ကိုယ့်နေရာမှာကိုယ်တော့ ရှိနေတာပေါ့။ မောင်တောဘက်ကနေပြီး ဘူးသီးတောင်ဘက်ကို ရောက်တယ်။ ဘူးသီးတောင်ကနေပြီးတော့ စစ်တွေကို အမြန်ယာဉ်လေးစင်းနဲ့ သူတို့ ဆင်းသွားကြတယ်။ နောက်ပြီးတော့ ဘူးသီးတောင်မှာ ကယ်ဆယ်ရေး စစ်ဘေးရှောင်စခန်း ဖွင့်ထားတယ်ခင်ဗျ။ စစ်ဘေးရှောင်စခန်းမှာတောင်မှ အခု လူ ၁၀၀ ကျော်လောက်၊ ၁၅၀ လောက်တောင်မှ ရောက်နေပြီ။”

စစ်ရှောင်စခန်းကို သုဓမ္မာရုံဘုန်းကြီးကျောင်းမှာ နေရာချထားပြီး ANP ပါတီနဲ့ ရပ်ရွာလူမှုရေးအသင်းတွေက ၀ိုင်းဝန်းကူညီနေကြောင်း ပြောပါတယ်။

ဒီကနေ့မှာလည်း မောင်တောမြို့နယ်မြောက်ဖက် ဒေသတွေမှာ ပစ်ခတ်သံတွေကြားနေရကြောင်း ပြောဆိုတာတွေရှိပါတယ်။ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG