သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းစာဆရာ မောင်ဝံသ (ဦးစိုးသိမ်း) ကွယ်လွန်


စာရေးဆရာ မောင်ဝံသ။ (ဓာတ်ပုံ - ဆရာမောင်ဝံသ facebook စာမျက်နှာမှ)
စာရေးဆရာ မောင်ဝံသ။ (ဓာတ်ပုံ - ဆရာမောင်ဝံသ facebook စာမျက်နှာမှ)
နိုင်ငံရေးနဲ့ သတင်းစာသမားလောကမှာ ထင်ရှားသူ တဦးဖြစ်တဲ့ စာရေးဆရာ မောင်ဝံသ ဒီကနေ့မနက် အစောပိုင်းမှာပဲ ကွယ်လွန် သွားပါတယ်။ နိုင်ငံရေးမှာ အနစ်နာခံ ဆောင်ရွက်ခဲ့သူ တဦးဖြစ်သလို၊ မီဒီယာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့သူ သတင်းသမားတစ်ယောက်အဖြစ် ဆရာမောင်ဝံသ ကွယ်လွန်သွားတဲ့ အပေါ်မှာတော့ နိုင်ငံရေးလောကနဲ့ စာပေစာနယ်ဇင်းသမားတွေက ဆုံးရှုံးမှုကြီး တရပ်အဖြစ်နဲ့ မြင်ကြပါတယ်။ ဆရာမောင်ဝံသ ကွယ်လွန်သွားတဲ့အပေါ် နိုင်ငံရေးနဲ့ သတင်းစာသမား အသိုင်းအဝိုင်းက ဘာတွေ ပြောကြသလဲ ဆိုတာကိုတော့ မဆုမွန်က တင်ပြထားပါတယ်။

အသက် ၆၉ နှစ်အရွယ် ဝါရင့်သတင်းစာဆရာ မောင်ဝံသ (ခ) ဦးစိုးသိမ်းဟာ သြဂုတ်လ ၁၁ ရက်နေ့ မနက် ၆ နာရီ ၁၅ မိနစ်မှာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ခြောက်လ ကစလို့ စင်ကာပူနိုင်ငံမှာ ဆေးစစ်ရာက အဆုတ်ကင်ဆာ ရောဂါရှိပြီးကြောင်း သိခဲ့တဲ့အချိန်ကစလို့ ဆရာဦးဝံသဟာ နိုင်ငံရေး ဆောင်းပါးတွေကို ဆေးရုံ တက်နေစဉ် တလျှောက်လုံး ရေးသားခဲ့ပြီး နောက်ဆုံးရေးလက်စ စာမူကို အဆုံးမသတ်နိုင်ခဲ့ဘူး ဖြစ်သွားတယ်လို့ ဆရာမောင်ဝံသရဲ့ တတိယမြောက် သားဖြစ်သူ ကိုနောင်နောင်စိုးက ပြောပါတယ်။ ဆရာမောင်ဝံသ ရဲ့ နောက်ဆုံးခရီး အတွက် သားအငယ်ဖြစ်သူကို စောင့်ဆိုင်းနေပြီး နာရေးရက်အတိအကျကို မသတ်မှတ်နိုင်သေးဘူး ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

“အဖေက သူကတော့ နောက်ဆုံးအထိ စာရေးနေတာပေါ့နော်။ သူ နောက်ဆုံး ရေးသွားတဲ့ ဆောင်းပါးတော့ ရေးနေရင်းတန်းလန်းနဲ့ ခုလို ဖြစ်သွားတာပေါ့။”

၁၉၆၂ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ တဦးဖြစ်သလို ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တက်သိပညာရှင်များ အဖွဲ့မှာ ပါဝင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မှာလည်း ပဲခူးတိုင်း ဝေါမြို့နယ်မှာ ကိုယ်စားလှယ်နေရာကို အနိုင်ရခဲ့တာပါ။ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ရာက နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်းဖြစ်ခဲ့ရတဲ့ ဆရာမောင်ဝံသနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းကလည်း အခုလိုပြောပါတယ်။

“ဦးဝံသ က ဒီမိုကရေစီရေးမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဘက်က ရပ်တည်တဲ့ မီဒီယာသမားတယောက်ပါ။ အဲဒီတော့ သူ နေထိုင်မကောင်း ကတည်းက ကျနော်တို့ဆီက သွားပါတယ်။ ဒေါ်စုလည်း သွားပါတယ်။ ခုလို ကွယ်လွန်သွားတဲ့ အတွက်တော့ အထူးပဲ ဝမ်းနည်းပါတယ်။ ဒါဟာ ဒီမိုကရေစီ ကြိုးပမ်းသူများအတွက် နစ်နာမှုကြီးတခု၊ ဆုံးရှုံးမှုကြီးတခုလို့ ကျနော် ဒီလိုပဲမြင်ပါတယ်။”

ပြည်သူ့ခေတ်ဂျာနယ် အပါအဝင် သတင်းစာဂျာနယ်တွေမှာလည်း လက်ရှိနိုင်ငံရေး သုံးသပ်ချက် ဆောင်းပါးတွေကိုလည်း ရေးသားနေ သူဖြစ်တဲ့ ပြည်သူ့ခေတ်ရဲ့ အတိုင်ပင်ခံအယ်ဒီတာ ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြည်သူ့ခေတ်ဂျာနယ်က အယ်ဒီတာချုပ် ဦးမော်လင်းကလည်း ဆိုပါတယ်။

“သူကတော့ သူယုံကြည်ရာကို အမြဲတမ်း ပွင့်ပွင့်လင်းလင်းနဲ့ ရဲရဲတင်းတင်း ရေးသွားတဲ့ သတင်းစာဆရာ တယောက်ပါ။ ကွယ်လွန်သွားတာကတော့ ကျနော်တို့ ပြည်သူ့ခေတ် ဂျာနယ်အတွက်ကော၊ နိုင်ငံရဲ့ စာနယ်ဇင်းလောကအတွက် ဆုံးရှုံးမှု အကြီးအကျယ်တခုပဲလို့ ကျနော် မြင်ပါတယ်။”

ဆရာမောင်ဝံသာဟာ မကွယ်လွန်မီ အချိန်အထိ မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ဥက္ကဋ္ဌအဖြစ်ရော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
ဒီလို ဝါရင့်သတင်းသမား တဦးအဖြစ်နဲ့ လက်ရှိမီဒီယာအခြေအနေ နဲ့ နိုင်ငံရေးအခြေအနေတွေကို အမြဲတမ်း ထောက်ပြဝေဖန်သုံးသပ်လေ့ရှိသူ အဖြစ်နဲ့ အမှတ်ရနေမှာဖြစ်တယ်လို့လည်း အေပီ သတင်းဌာန ရဲ့ မြန်မာဌာနေသတင်းထောက် ဒေါ်အေးအေးဝင်းကလည်း ပြောပါတယ်။

“သတင်းကိစ္စတွေတင်မဟုတ်ဘူး။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးကိစ္စတွေကိုလည်း ခဏခဏ ဆွေးနွေးဖြစ်ကြတယ်လေ။ အင်မတန် တန်ဖိုးရှိပါတယ်။”

မျိုးဆက်သစ်သတင်းသမား တွေအတွက် အမြဲတမ်း သတင်းစာပညာတွေကို လက်ဆင့်ကမ်းဖလှယ်ပေးနေတဲ့ ဝါရင့်မျိုးဆက် သတင်းစာသမားကြီးတစ်ဦး ဆုံးရှုံးရတာဟာ သတင်းလောကအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုပါပဲလို့ မြန်မာဂျာနယ်လစ်ကွန်ယက်က အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်ကလည်း ပြောပါတယ်။

“သူ့ကို လှမ်းမေးလိုက်တဲ့အခါတိုင်းပဲဖြစ်စေ၊ သူ့ကို အကူအညီ သွားမေးတိုင်း အခါတိုင်းပဲဖြစ်စေ၊ အဖွဲ့အစည်းတွေမှာလည်း သူ တက်တက်ကြွကြွ နဲ့ ပါဝင်လုပ်ကိုင်နေတော့ ဒီလောကအတွက်တော့ တော်တော်လေးကို ဆုံးရှုံးမှုကြီးတခုပါ။”

စစ်အာဏာရှင်အစိုးရလက်အောက်ကနေ စာပေစာနယ်ဇင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ပြီး အခုအရပ်သားအစိုးရလက်ထက် စာပေပွင့်လင်း လွတ်လပ်စ အခြေအနေမှာလည်း စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေဆဲ သတင်းစာဆရာကြီး ဆုံးရှုံးလိုက်ရတာဟာ ဝမ်းနည်းစရာကောင်းတယ်လို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကလည်းပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်အတွက်ကို အစားထိုးမရတဲ့ ဆုံးရှုံးမှုပေါ့။ ဘာသာပြန်စာအုပ်တွေ အများကြီးလုပ်ခဲ့တယ်။ အတွေးအမြင်စာအုပ်တွေ အများကြီး ထုတ်ခဲ့တယ်။ ကျနော်တို့ ကိုယ်တိုင် အမြဲတမ်း ကိုးကားရတဲ့၊ ခေတ်သစ် ခေတ်ပြိုင် နိုင်ငံရေးအဘိဓာန်တွေ ထုတ်ခဲ့တယ်။ အများကြီး သူ အလုပ် လုပ်ခဲ့တယ်။ ပြောချင်တဲ့သဘောက ဒီ တော်တဲ့သူတွေ၊ ထက်မြက်တဲ့သူတွေဟာ သတင်းစာဆရာတွေဟာ ဖိနှိပ်မှုအောက်မှာလည်း အလုပ်တွေ အများကြီးလုပ်နိုင်ခဲ့တယ်ဆိုတာကို ပြတာပါ။ အဲဒါအတွက် ကျနော် မြင်တာကတော့ ဆရာမောင်ဝံသလို့ပဲ ကျနော် မြင်ပါတယ်။ ကျနော်တို့ တိုင်းပြည်အတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုပါ။”

ဆရာမောင်ဝံသ ဟာ သတင်းစာဆရာတဦး အဖြစ် နိုင်ငံတကာက ထင်ရှားသူတွေရဲ့ အတ္ထုပ္ပတိတွေ၊ နိုင်ငံတကာ စာပေတွေနဲ့ ကိုယ်တိုင်ရေး အတွေးအမြင် ဆောင်းပါးတွေ စာအုပ်တွေကို ရေးသားပြုစုခဲ့သူ လည်း ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ သားသမီး ၄ ဦး ကျန်ရစ်ခဲ့ပါတယ်။
XS
SM
MD
LG