သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားနေ့ နိုင်ငံတကာ ကျင်းပ


မေလ ၁ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ အလုပ်သမားအခွင့်အရေး တိုးတက်စေဖို့ ကမ္ဘာတဝန်းက အလုပ်သမားအရေး လှုပ်ရှားသူတွေ တောင်းဆိုနေကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ အလုပ်သမားအခွင့်အရေးနဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ အခွင့်အရေးတောင်းဆိုဆန္ဒပြပွဲတွေကို New York, Florida, California ပြည်နယ်တွေအပြင် တခြားပြည်နယ်တွေမှာ ပြုလုပ်နေကြပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာတော့ နှစ်တိုင်း အလုပ်သမားသမဂ္ဂတွေက စီစဉ်တဲ့ အလုပ်သမားအခွင့်အရေးတောင်းဆိုဆန္ဒပြပွဲမှာ နှာခေါင်းစည်းတွေကာပြီး အမဲရောင် ခေါင်းစွပ်အင်္ကျီဝတ်ထားသူ ၁ ထောင်ကျော်လောက်က ဈေးဆိုင်မှန်တွေကို ရိုက်ခွဲ လက်လုပ်ဓါတ်ဆီဗုံးတွေနဲ့ ပြစ်ဖေါက်မီးရှို့ခဲ့ကြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲခဲ့ရပါတယ်။ အကြမ်းဖက် ဆန္ဒပြသူ ၂ ရာကျော်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

စပိန်နိုင်ငံမှာတော့ အမျိုးသမီးအမျိုးသား တန်းတူအခွင့်အရေးရရှိရေး။ လုပ်ခလစာတိုးမြှင့်ရေးနဲ့ ပင်စင်လစာတိုးတက်ရေးတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို စပိန်မြို့ပေါင်း ၇၀ ကျော်မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာဆိုရင်လည်း အလုပ်ခွင်တွေမှာ ရေတိုအလုပ်ခန့်မှုတွေ ရပ်သွားအောင်လုပ်မယ်လို့ သမ္မတ Rodrigo Duterte ရွေးကောက်ပွဲကတိပေးထားတဲ့အတိုင်း မလုပ်တဲ့အပေါ် လူပေါင်း ၅ ထောင်လောက် မနီလာမြို့တော်က သမ္မတအိမ်တော်နားမှာ ဆန္ဒပြခဲ့ကြပါတယ်။

အစိုးရလစာတိုးပေးဖို့။ အလုပ်လက်မဲ့ပြဿနာဖြေရှင်းပေးဖို့နဲ့ အလုပ်သမားသမဂ္ဂတွေအပေါ် ဖိနှိပ်မှုတွေရပ်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။ Cambodia နိုင်ငံမှာတော့ ဝန်ကြီးချုပ် Hun Sen က အထည်ချုပ်အလုပ်သမား ၅ ထောင်လောက်နဲ့ အလုပ်သမားနေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ Phnom Penh မြို့တော်ထဲက ပန်းခြံတခုမှာ စုဝေးပြီး အလုပ်သမားတွေကြုံတွေ့နေရတဲ့ ပြဿနာတွေ ဖြေရှင်းပေးရေးတောင်းဆိုဖို့ လွှတ်တော်အဆောက်အဦးဆီ ချီတက်ဆန္ဒပြဖို့ ကြိုးစားတဲ့ အလုပ်သမား ၂ ထောင်လောက်ကိုတော့ ရဲတွေက တားဆီးခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော်မှာလည်း အလုပ်သမားသမဂ္ဂဝင် ၁ သောင်းလောက်လမ်းပေါ်ထွက်ပြီး လုပ်ခလစာတိုးပေးရေးအပြင် တခြားအခွင့်အရေးတွေကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမားနေ့ နိုင်ငံတကာ ကျင်းပ
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG