သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းမီဒီယာ လွတ်လပ်ဖို့ စိန်ခေါ်ချက်များ ရှိနေဆဲ


East West Center ကြီးမှူးပြုလုပ်တဲ့ မီဒီယာညီလာခံ (ဓာတ်ပုံ - ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်)
မြန်မာနိုင်ငံတွင်း သတင်းမီဒီယာ လွတ်လပ်မှုတွေ ရှိလာပေမဲ့လို့ မြန်မာ့မီဒီယာတွေအတွက် ရှေ့လျှောက် ရင်ဆိုင်ရဦးမယ့် စိန်ခေါ်ချက် အတော်များများ ရှိသေးတယ်ဆိုပြီး ဒီကနေ့လုပ်တဲ့ East West Center ရဲ့ မီဒီယာညီလာခံအတွင်းမှာ သတင်းမီဒီယာသမားတွေက ဆွေးနွေးခဲ့ပါတယ်။

မီဒီယာဈေးကွက် အပြိုင်အဆိုင် ဖြစ်လာတဲ့အခါမှာ နိုင်ငံခြားမီဒီယာကြီးတွေ က ပြည်တွင်းသတင်းမီဒီယာတွေကို လွှမ်းမိုးချုပ်ကိုင်လာမယ့် အန္တရာယ်လည်းရှိတယ်လို့ အဲဒီမှာ တတ်ရောက် ဆွေးနွေးသွားတဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကလည်း ပြောဆိုပါတယ်။ မီဒီယာညီလာခံမှာ တတ်ရောက်သတင်းယူခဲ့တဲ့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

ရန်ကုန်မြို့မှာ East West Center က လုပ်တဲ့ မီဒီယာညီလာခံ ဒီကနေ့ နောက်ဆုံးရက်မှာပဲ မြန်မာ့မီဒီယာအတွက် ရှေ့စိန်ခေါ်ချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြတဲ့နေရာမှာ သတင်းမီဒီယာသမားတွေနဲ့အတူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် လည်း ပါဝင်ဆွေးနွေးခဲ့တာပါ။

လက်ရှိ မြန်မာ့မီဒီယာ အနာဂတ်အတွက် စိန်ခေါ်ချက်တွေနဲ့ ကြုံလာနိုင်တဲ့ အခက်အခဲတွေကို ဆွေးနွေးကြရာမှာ သတင်းပညာရပ် ကျွမ်းကျင်မှုပိုင်းရော ကျင့်ဝတ်ပိုင်းရော မီဒီယာဈေးကွက် ကိစ္စတွေကိုပါ အတော်လေး ဒေါင့်ပေါင်းစုံက ဆွေးနွေးခဲ့ကြတာ တွေ့ရပါတယ်။ ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ် ကတော့ လာမယ့်အနာဂတ်မှာ နိုင်ငံခြားမီဒီယာကြီးတွေ ၀င်ရောက် ခြယ်လှယ်လာမှာကို စိုးရိမ်တာတွေ့ရပါတယ်။

“ပုဂ္ဂလိက မီဒီယာတွေနဲ့ ပတ်သက်လို့ အနာဂတ်မှာ အပြိုင်အဆိုင်တွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီနေရာမှာ မီဒီယာကြီးတွေက လက်ဝါးကြီးအုပ် လွှမ်းမိုးလာချေ အန္တရာယ်လည်း ရှိပါတယ်။ အရှေ့ဥရောပမှာ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွေဖြစ်တော့ ဈေးကွက်ထဲက နိုင်ငံခြားမီဒီယာကြီးတွေ ၀င်လာပြီး ပြည်တွင်းမီဒီယာတွေကို ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ကတော့ မီဒီယာလုပ်ငန်းကြီး တခုထဲမှာတင် ပုံနှိပ်နဲ့ အသံလွှင့်လုပ်ငန်း နှစ်ခု ပိုင်ဆိုင်ထားတာကို ကန့်သတ်တာ၊ ရုပ်သံလွှင့်ဥပဒေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွေထဲမှာ မီဒီယာဈေးကွက်ထဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အချိုး သတ်မှတ်တာတွေ လုပ်ဆောင်ထားပါတယ်။”

ပြည်တွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အာဏာရှိသူတချို့က သတင်းမီဒီယာတွေကို လက်ဝါးကြီးအုပ်လာတဲ့ အခြေအနေတွေကိုလည်း သတင်းမီဒီယာသမားတွေက ဆွေးနွေးခဲ့ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ နိုင်ငံရေးသမားတချို့ မီဒီယာဈေးကွက်ထဲ ၀င်လာတာကြောင့်၊ သတင်းသမားတွေအနေနဲ့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း မျှတတဲ့ သတင်းတွေ ရေးသားဖော်ပြနိုင်ဖို့ ပို လိုအပ်လာတယ်လို့ ဦးရဲထွဋ် က ထောက်ပြခဲ့ပါတယ်။ သတင်းသမားတွေရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဆွေးနွေးခဲ့ရာမှာတော့ လူမှုသဟဇာတဖြစ်မှုနဲ့ တည်ငြိမ်မှုအတွက် လိုအပ်ချက်ကိုလည်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ပြောသွားပါတယ်။

“လူမှုအသိုင်းအ၀ိုင်း အသိပညာပေးတဲ့ community radio မျိုးတွေ ပိုပြီး လုပ်ကိုင်ခွင့်ပေးဖို့ အစိုးရအနေနဲ့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ Rwanda မှာ ဖြစ်ခဲ့တာမျိုး သတိထားရပါမယ်။ အဲဒီမှာ FM ရေဒီယိုတခုကနေ မျိုးပြုန်း သတ်ဖြတ်မှုအထိ ဖြစ်အောင် တွန်းပို့ခဲ့ပါတယ်။ ဒါကြောင့် community radio လုပ်တဲ့နေရာမှာ လူသားအရင်းအမြစ်ကိစ္စနဲ့ ကျင့်ဝတ်ဆိုင်ရာကိစ္စတွေကိုတော့ အတော် သတိထားဖို့ လိုပါလိမ့်မယ်။”

တချိန်တည်းမှာတော့ အစိုးရပိုင် သတင်းမီဒီယာတွေကို အများပိုင် ပုံစံဖြစ်အောင် တဖြေးဖြေးနဲ့ ပြောင်းလဲသွားမယ်ဆိုတဲ့အကြောင်းနဲ့ အဲဒီနေရာမှာ သတင်းပညာ တတ်ကျွမ်းနားလည်မှု လိုအပ်ချက်တွေ ရှိတယ်လို့လည်း ဦးရဲထွဋ် က ပြောပါတယ်။

တချိန်တည်းမှာတော့ လွတ်လပ်စွာ ရေးသားခွင့်ရှိတယ်ဆိုပေမဲ့ ကန့်သတ်ချက်တွေ ရှိနေတာကို သတင်းမီဒီယာသမားတွေက ဆွေးနွေး ပြောဆိုကြပါတယ်။ အထူးသဖြင့်တော့ အာဏာပိုင်တွေထံက သတင်းအချက်အလက် ရယူနိုင်ဖို့ အခက်အခဲမျိုး ဖြစ်တယ်လို့ chronicle သတင်းဌာန အယ်ဒီတာ ကိုဇေယျာလှိုင်က ဆွေးနွေးခဲ့ပါတယ်။

“ဆင်ဆာမရှိလို့ လွတ်လပ်စွာ ရေးခွင့်ရှိတယ်ဆိုပေမဲ့ ကျနော်တို့က လွတ်လပ်စွာ သတင်းရယူခွင့်မှာတော့ အတားအဆီး ရှိနေပါသေးတယ်။ ကျနော်တို့က သတင်းကို မရယူနိုင်ဘူးဆိုရင် ကျနော်တို့ သတင်းကို ပြန်ရေးလို့ ရမှာမဟုတ်ပါဘူး။ မကြာသေးခင်ကဖြစ်ခဲ့တဲ့ ကျနော်တို့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာဖြစ်ခဲ့တဲ့ ကျေးရွာဖျက်သိမ်းတဲ့ကိစ္စမှာ အာဏာပိုင်အဖွဲ့အစည်းက သတင်းထောက်အဖွဲ့ သွားတဲ့ကားကို လမ်းမှာပိတ်ဆို့ပြီးတော့ သတင်းပေးမယူတာမျိုးတွေ၊ တချို့နေရာမျိုးတွေမှာ သတင်းရယူဖို့ ခက်ခဲတာမျိုးတွေ၊ သတင်းထောက်ကို ခြိမ်းခြောက်တာမျိုးတွေ ဒါတွေကတော့ ကြုံနေပါသေးတယ်။ ဒါတွေကတော့ ပြုပြင်ရမယ့်အပိုင်းတွေ
ဖြစ်ပါတယ်။ နောက်ပြီးတော့ Government Censor ပေါ့လေ။ Government Censor ကတော့ မရှိတော့ဘူး။ ဒါပေမဲ့ Government Censor ဆိုတာက ကျနော်တို့ဟာ ကျနော်တို့ ရေးထားတဲ့ Written Law ကိုဗျ။ ဒါပေမဲ့ ကျနော်တို့က Unwritten Law တခု ကျန်နေပါသေးတယ်။ ရေးမထားတဲ့ဥပဒေ။ ကျနော်တို့ လူ့အဖွဲ့အစည်းက အချို့အကဲဆတ်တဲ့ ကျနော်တို့ နည်းနည်းလေး Sensitive ဖြစ်တဲ့ Issue တွေကို တင်လို့ရှိရင် လူ့အဖွဲ့အစည်းကိုယ်တိုင်ကပဲ ပြန်ပြီး ဖမ်းထားတာမျိုးတွေရှိတယ်။ ဥပမာ - သိပ်မကြာသေးခင်တုန်းကပဲ လိင်တူချစ်သူများ မင်္ဂလာဆောင်တဲ့ကိစ္စ၊ အဲ့ဒီကိစ္စမျိုးကို တချို့ပရိသတ်တွေက မကြိုက်ကြဘူး။ တချို့ပရိသတ်တွေက ကြိုက်ကြတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိနေကြတယ်။ ရေးသားတဲ့ သတင်းစာတွေကိုလည်း အတော်လေး ဝေဖန်တာ တွေ့ရပါတယ်။ ဒါတွေကကျတော့ မမြင်ရတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းက ပြန်တုံ့ပြန်တဲ့ ခုနပြောတဲ့ Censor ပေါ့နော်။ တချို့ Sensitive ဖြစ်တဲ့ကိစ္စတွေကို ကျနော်တို့ ရေးတဲ့အခါမှာ သူတို့ရဲ့ အယ်ဒီတာတွေ၊ သူတို့ရဲ့ ပရိသတ်တွေ မကြိုက်မှာ ကြောက်ပြီးတော့ ကျနော်တို့က ရေးခွင့်မရ ဖြစ်နေပါတယ်။”

လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေမှာ ပြည်တွင်းသတင်းမီဒီယာတချို့က ဘက်လိုက် ရေးသားသလို ဖြစ်နေတာ၊ ကျင့်ဝတ်မစောင့်ဘဲ လိုသလို ဆွဲရေးကြတာကိုလည်း ဦးဆောင် ဆွေးနွေးတဲ့ မြန်မာသတင်းသမားတွေက
ထောက်ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အပြောင်းအလဲတွေ
ဖြစ်လာတဲ့ သုံးနှစ်တာ ကာလအတွင်းမှာပဲ မြန်မာသတင်းမီဒီယာလောကမှာ သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေ အတော်များများ ရှိခဲ့တာကိုတော့ သတင်းမီဒီယာသမားတွေက အသိအမှတ်ပြု ပြောဆိုခဲ့ကြပါတယ်။

တချိန်တည်းမှာတော့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေသစ်တွေ ပြဌာန်းဖို့ ပြင်ဆင်ဆောင်ရွက်နေတာ ရှိသလို၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်စေတဲ့ ဥပဒေတွေ တည်ဆဲ ကျန်နေသေးတာကိုလည်း ဦးဆောင် ဆွေးနွေးသူတွေက ထောက်ပြခဲ့ကြပါ တယ်။
XS
SM
MD
LG