သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့ဆင်ဆာအဖြတ်တောက်ဆုံး ၁၀ နိုင်ငံစာရင်းထဲ မြန်မာနိုင်ငံကို သတင်းထောက်များ ကာကွယ်ပေးရေး ကော်မတီ (CPJ) က ထည့်သွင်းလိုက်တာဟာ မီဒီယာလွတ်လပ်မှု အပြည့်ပေးပါတယ်ဆိုတဲ့ မြန်မာအစိုးရလက်ထက် လုပ်ဆောင်မှုတွေအပေါ် လက်တွေ့နဲ့ ကင်းကွာမှုရှိတဲ့ မှတ်ချက်တခုသာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း စာပေစိစစ်ရေးဖြတ်တောက်မှု မရှိတော့ပေမဲ့ အစိုးရဘက်က သတင်းမီဒီယာသမားတွေအပေါ် ဥပဒေတွေနဲ့ တရားစွဲဆို ထောင်ချမှုတွေ လုပ်လာတာကြောင့် အခုလို နိုင်ငံတကာစံနဲ့ မညီတဲ့ မီဒီယာလွတ်လပ်ခွင့် ဆုံးရှုံးမှုတွေ ဖြစ်လာရတာလို့လည်း မြန်မာသတင်းထောက်များကွန်ရက်က ပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

အရပ်သားအစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတဲ့အချိန်မှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ပေးနိုင်ဖို့ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်က ဆောင်ရွက်စေခဲ့တာမို့ အခုလိုမျိုး ဆင်ဆာ အဖြတ်တောက်ဆုံးစာရင်းထဲ ထည့်သွင်းဖော်ပြချက်ဟာ အမှန်တရား လက်တွေ့နဲ့ ကင်းကွာတဲ့ မှတ်ချက်ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးလည်းဖြစ် သမ္မတအိမ်တော် သတင်းထုတ်ပြန်ရေး တာဝန်ခံလည်းဖြစ်တဲ့ ဦးဇော်ဌေးက အခုလို တုံ့ပြန်ပါတယ်။

“အမေရိကန်လိုပေါ့နော် တယ်လီဖုန်းပြောတာကအစ watching လုပ်နေတဲ့ အနေအထားမရှိဘူး။ အင်တာနက်ဝပ်ဆိုဒ်ကို မပြောနဲ့ပေါ့နော် လူပုဂ္ဂိုလ်တဦးချင်း လွတ်လပ်ခွင့်တွေ အကုန်လုံး ပေးထားတယ်ဗျ။ နောက်သတင်းစာဂျာနယ်တွေ သတင်းမီဒီယာတွေနဲ့ ပတ်သက်ပြီးတော့ ထိန်းချုပ်တယ်ဆိုတာ ကျနော်တို့တော့ နားမလည်ဘူး။ သမ္မတကြီးလက်ထက်မှာ အကုန်လုံး ရေးချင်တာရေး၊ ခွင့်ပြုနေပြီ။ ကျနော်တို့ အဲဒီမဖွင့်ခင်ကလည်း စဉ်းစားတယ်၊ သမ္မတကြီးက ပြောတယ်။ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ တာဝန်သိမှု မျှဝေသွားမှရမယ်ဆိုတာ။ အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ မီဒီယာသမားတွေပေါ့နော် ပညာရှင်တွေ အကုန်လုံးက ပြောကြတယ်။ အဲတော့ တာဝန်ယူမှု၊ တာဝန်သိမှုကို ဘယ်လိုထိန်းမလဲ။ လွတ်လပ်လာတာနဲ့အမျှ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးစီးပွားဆိုင်ရာ ထိပါးမှုတွေ ရှိလာနိုင်တယ်။ ရှိလာရင် ဘယ်လိုလုပ်မလဲဆိုတော့ ကျင့်ဝတ်ကိုပြောတဲ့အခါမှာ မီဒီယာတခုချင်းရဲ့ နာမည်ဂုဏ်သိက္ခာနဲ့ဆိုင်တယ် ဆိုသော်လည်း ကျနော်တို့ လူ့အဖွဲ့အစည်းက အဲလောက်အထိ အမြင်မကျယ်သေးဘူး။ အဲတော့ ရေးချင်တိုင်းရေးနေတဲ့ခေတ်က ဒီနေ့ခေတ် အချက်အလက် သေချာသည်ဖြစ်စေ၊ မသေချာသည်ဖြစ်စေပေါ့နော် ဒီလောက် လွတ်လပ်ခွင့်တွေရလာတဲ့ အနေအထားမှာ သတင်းလွတ်လပ်ခွင့် အနိမ့်ဆုံး၊ ထိန်းချုပ်မှုအမြင့်ဆုံး နိုင်ငံထဲမှာ ပါတယ်ဆိုတာကတော့ လက်တွေ့နဲ့ကင်းကွာတယ်။”

မြန်မာသတင်းသမားတွေ စုဖွဲ့ထားတဲ့ မြန်မာသတင်းထောက်များကွန်ရက် (MJN) အနေနဲ့ကတော့ ဒါဟာ အစိုးရဘက်က မီဒီယာအပေါ် ဥပဒေအကြောင်းပြပြီး အပြစ်ပေးအရေးယူမှု စတဲ့ ကိုင်တွယ်ဖြေရှင်းမှု ပြင်းထန်လွန်းတာဖြစ်လို့ အခုလို နိုင်ငံတကာစံနဲ့ မညီဘူးဆိုတဲ့ မီဒီယာလွတ်လပ်မှု ဆုံးရှုံးတဲ့မှတ်ချက်တွေကို မြန်မာနိုင်ငံ ရရှိခဲ့တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“မီဒီယာမှာဖြစ်တဲ့ အမှုကိစ္စတွေကို သူတို့က မတန်တဆ ပြစ်ဒဏ်တွေပေးတာပေါ့။ နောက် တရားစီရင်ရေးစနစ်ကလည်း အုပ်ချုပ်တဲ့အစိုးရအဖွဲ့သော်လည်းကောင်း၊ တခါတလေမှာ တပ်ရဲ့သြဇာ အဲဒါကို မလွန်ဆန်နိုင်တာ၊ သူတို့အဲဒါကိုကြောက်ပြီးတော့ ပြစ်ဒဏ်တွေပေးတဲ့ဟာမျိုးတွေ၊ သူတို့အဲဒါတွေကြောင့် အခုလို ရလဒ်မျိုး နိုင်ငံတကာက အခုလိုမှာထည့်တယ်လို့ ကျနော်ကတော့ အဲလိုပဲ မြင်ပါတယ်။”

သမ္မတရုံးပြောခွင့်ရက သတင်းသမားတွေဟာ တည်ဆဲဥပဒေကို ချိုးဖောက်တာကြောင့် ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“မီဒီယာတခုက ကျင့်ဝတ်နဲ့မညီဘူးဆိုတဲ့အခါကျရင် ကျနော်တို့က ဘယ်သွားရလဲဆိုရင် တရားတဘောင် စွဲရတာတွေရှိပါတယ်။ ဒါက ပုဂ္ဂလိက အချင်းချင်းလည်းစွဲတယ်။ မီဒီယာလုပ်နေတဲ့ လူတွေကိုယ်တိုင်ပေါ့နော် မီဒီယာတွေကိုယ်တိုင်က ကျန်တဲ့မီဒီယာသမားတွေကို တရားစွဲဆိုတာတွေ အများကြီးရှိတယ်။ ကျနော်တို့ ဒီအရှေ့ဘက်တန်ဖိုးပေါ့နော်။ အထူးသဖြင့် မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ဟာမျိုးတွေမှာကျတော့ ကျနော်တို့ ဒီဘက်မှာကျတော့ သူတို့ အနောက်တိုင်းသားတွေ အမြင်မှာ စံနှုန်းအားဖြင့် လွဲချော်နေတာတွေ ရှိကောင်းရှိမယ်။ သို့သော် လက်တွေ့ပေါ့နော် လူထုအပေါ်၊ မီဒီယာသမားတွေအပေါ် ထိန်းချုပ်မှုနဲ့ပတ်သက်လို့ မြင်ရတဲ့ကြိုးဖြစ်စေ၊ မမြင်ရတဲ့ကြိုးဖြစ်စေပေါ့နော် နောက် ကျနော်တို့ အစိုးရက monitoring လုပ်နေတာတွေနဲ့ ကျန်တဲ့အစိုးရတွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ထိန်းချုပ်မှု အနည်းဆုံးလို့တောင် ဆိုနိုင်ပါတယ်။”

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အရပ်သားအစိုးရ စတင်ချိန်က သတင်းမီဒီယာလွတ်လပ်ခွင့် အတန်အသင့် ရှိလာတယ်လို့ ပြောဆိုနေကြချိန်မှာပဲ သတင်းရေးသားဖော်ပြမှုတွေနဲ့ ပတ်သက်လို့ တရားစွဲဆိုမှုတွေနဲ့ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အပြင် သပိတ်မှောက်ဆန္ဒပြမှုတွေမှာ ကွင်းဆင်းသတင်းရယူနေတဲ့သတင်းသမားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုတွေ ရှိလာတယ်ဆိုပြီး သတင်းသမားတွေနဲ့ အာဏာပိုင်တို့ကြား တင်းမာမှုတွေ ဖြစ်လာနေတာပါ။ ဒါဟာ မြန်မာ့သတင်းမီဒီယာ လွတ်လပ်မှု ဆုံးရှုံးလာပြီး သတင်းလွတ်လပ်ခွင့် မရှိတော့တဲ့ နောက်ကြောင်းပြန်တဲ့ လုပ်ရပ်အဖြစ် နိုင်ငံတကာက မြန်မာ့သတင်းမီဒီယာစံကို သုံးသပ်လာနေကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG