သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်မှာ မီဒီယာသမားတွေအပါအဝင် ဖမ်းဆီးမှုတွေများလာ


The Chinland Post
The Chinland Post

{{Zawgyi/Unicode}}

ချင်းပြည်နယ်ဟားခါးမြို့က ချင်းသတင်းဌာန အယ်ဒီတာချုပ်တဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးဖို့လာရှာတာမှာ မတွေ့လို့ သူ့ယောက်ဖဖြစ်သူကို ဖမ်းဆီးသွားပါတယ်။ မတူပီမြို့မှာလည်း ပရဟိတလုပ်ငန်းလုပ်ဆောင်နေတဲ့ အမျိုးသမီးတဦးအပါဝင်အရပ်သား ၃ ဦး ဖမ်းဆီးခံရပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်အတွင်းက သတင်းမီဒီယာလုပ်ငန်းတွေအပေါ် ခြိမ်းခြောက် ဖိအားပေးနေချိန်မှာပဲ ဟားခါးမြို့အခြေစိုက် The Chinland Post သတင်းဌာန အယ်ဒီတာချုပ် ဆလိုင်းဘွဲအုပ်ထန်ကို ဖမ်းဆီးဖို့ စစ်ကောင်စီတပ်ဖွဲ့တွေ ကြိုးစားခဲ့ပါတယ်။ မနေ့ညပိုင်းက နေအိမ်မှာ ဝင်ရှာတာ မတွေ့တဲ့တဲ့အတွက် သူ့ရဲ့ယောက်ဖဖြစ်သူ ဆလိုင်း ရောဘတ်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"သူက Chief Editor ပေါ့နော်။ သွားဖမ်းတဲ့အချိန်မှာ သူကအိမ်မှာမရှိဘူး။ အိမ်မှာမရှိတော့သူ့ရဲ့ကိုယ်စား သူ့ရဲ့ယောက်ဖကိုဖမ်းလိုက်တာ။ သူ့ယောက်ဖကိုထိန်းသိမ်းထားတုံးပဲ။"

ဆလိုင်းရောဘတ်ကို ဒီကနေ့ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဘက်ကပြောနေပေမဲ့ ပြန်လည်လွှတ်ပေးခြင်းမရှိသလို အယ်ဒီတာချုပ် ဆလိုင်းဘွဲအုပ်ထန်လည်း တိမ်းရှောင်နေရတယ်လို့ သူကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဟားခါးအခြေစိုက်မီဒီယာတွေအပေါ် စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေရှိနေလို့ The Chinland Post သတင်းဌာနကို လတ်တလော ပိတ်ထားရတယ်လို့ The Chinland Post သတင်းဌာန သတင်းထောက် တဦးက ပြောပါတယ်။

"ဟားခါးမှာရှိတဲ့ မီဒီယာအားလုံးကို ဖမ်းဖို့ကြိုးစားနေကြတာပေါ့နော်။ ကျနော်တို့ကတော့ ပထမဆုံးအကြိမ်ပေါ့။ ကျန်တဲ့အဖွဲ့တွေကတော့ သူတို့အိမ်ဝိုင်းလိုက် သူတို့ရုံးဖောက်လိုက်နဲ့။ ကျနော်တို့ရုံးက ပိတ်ထားတာ ကြာပြီးပေါ့လေ။"
ပြီးခဲ့တဲ့မတ်လကလည်း ဟားခါးမြို့ ဆန္ဒပြသပိတ်မှောက်သတင်းကို သွားရောက်သတင်းယူနေတဲ့ The Chinland Post သတင်းထောက်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး စစ်ဆေးပြီး နောက်ပိုင်းမှ ပြန်လွှတ်ပေးခဲ့ပါတယ်။

သတင်းမီဒီယာသမားတွေကိုဖမ်းဆီးတာဟာ ဒေသတွင်းသတင်းကို ထိန်းချုပ်ချင်တာကြောင့်လို့ The Chinland Post သတင်းထောက်တဦးကပြောပါတယ်။

"သူတို့နေ့တိုင်းလုပ်နေကျ မကောင်းမှုတွေကို ကျနော်တို့သတင်းရတာကိုး။ ဒီအစိုးရယန္တရား တခုကရပ်ထားတော့။ ပြည်သူတွေသိသင့်တဲ့ဟာတော့ သူတို့ရဲ့လုံခြုံရေးကိစ္စတွေ စစ်တပ်ဖက်ကလုပ်တဲ့ဟာလေးတွေလည်း မကောင်းတဲ့သတင်းတွေပဲရှိတယ်နော်။ သူတို့အဲဒီလိုခြိမ်းခြောက်လို့ ဒီကာလအတွင်းမှာ သတင်းရယူမှုကတော့ နည်းနည်းကျဲချင်မှာပေါ့နော်။"

ချင်းပြည်နယ် မတူပီမြို့မှာတော့ ပရဟိတလုပ်ငန်းလုပ်ဆောင်နေတဲ့ အမျိုးသမီးတဦးနဲ့ အရပ်သားနှစ်ဦး ဗုဒ္ဓဟူးနေ့ညက ဖမ်းဆီးခံရတယ်လို့ မတူပီမြို့ခံတဦးက ပြောပါတယ်။

"၃ ယောက်ပေါ့ဟုတ်။ ကောင်မလေးတယောက်ရယ်။ ကောင်မလေးက အိမ်မှာအဖမ်းခံရတယ်လို့။ သူက Joseph Oxygen ပရဟိတအသင်းက တယောက်ပေါ့နော် အဖမ်းခံရတယ်။ ည ၁၁ နာရီမှ ာဖမ်းတာပေါ့နော်။ ကျန်တဲ့နှစ်ယောက်ကျတော့ သူတို့လမ်းသွားရင်းနဲ့ဖမ်းတယ်လို့တော့ကြားတယ်။ ဒါပေမဲ့ ဘာအမှုနဲ့ ဖမ်းတယ်ဆိုတာ လောလောဆယ်တော့ အသေချာမသိရသေးဘူး။"

မတူပီမြို့မှာ တပ်တွေက ညဖက် ညဖက်မှာ ဧည့်စာရင်းစစ်ဆေးတာတွေလုပ်နေတယ်လို့လည်း အဲဒီအမျိုးသမီးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ချင်းပြည်နယ်တခုလုံး အတိုင်းအတာအနေနဲ့ လူ ၂၀၀ လောက် ဖမ်းဆီးခံခဲ့ရပြီး တချို့ကိုတော့ ပြန်လွှတ်ပေးတာတွေလည်းရှိတယ်လို့ ချင်းသတင်းဌာနတွေက မှတ်တမ်းပြုစုထားပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကတည်းကဆိုရင် ဖမ်းဆီး တရားစွဲခံထားရတဲ့ သတင်းထောက် ၄၂ ယောက်ထက်မနည်းရှိပြီး သတင်းမီဒီယာလုပ်ငန်းကြီး ၅ ခုရဲ့ လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်လည်း ရုတ်သိမ်းခံခဲ့ရပါတယ်။

.............................

တိုက်ရိုက် လင့်ခ်

{{Unicode}}














XS
SM
MD
LG