အခုနှစ်ပိုင်းအတွင်း သတင်းသမားတွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးထောင်ချအရေးယူခံနေရတဲ့အနေအထားမှာ တရားရေးစီရင်မှုကို မထိခိုက်စေတဲ့ နိုင်ငံတော်သမ္မတရဲ့လုပ်ပိုင်ခွင့်အတွင်းက တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးမယ်လို့ သမ္မတဘက်က ကတိပေး ပြောဆိုလိုက်ပါတယ်။ လက်ရှိ သတင်း သမားတွေနဲ့ အာဏာပိုင်တွေကြား တင်းမာမှုတွေဖြစ်နေချိန် မီဒီယာကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခိုက်မှာ သမ္မတဘက်က အပြုသဘောဆောင်တဲ့ အချက်တွေကို လက်ခံဆွေးနွေးခဲ့တယ်လို့ မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ)က ပြောဆိုလိုက်ပါတယ်။ အသေးစိတ် မဆုမွန်က ဆက်သွယ်မေးမြန်းထားတင်ပြထားပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတဲ့ လွတ်လပ်ပွင့်လင်းလာကာစ မြန်မာနိုင်ငံမှာ သတင်းသမားတွေကို ဖိနှိပ်မှုတွေပြင်းထန်လာတာ၊ ထောင်ဒဏ် နှစ်ရှည်ချမှတ်မှုတွေနဲ့ သတင်းလွတ်လပ်ခွင့်တွေ လျော့နည်းလာတာတွေအပေါ် စိုးရိမ်မှုတွေဖြစ်လာနေတဲ့အတွက် မီဒီယာလောကတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲ၊ပြဿနာတွေနဲ့ ပတ်သက်လို့ မြန်မာစာနယ်ဇင်းကောင်စီ(ယာယီ) က သမ္မတကို တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ မြန်မာစာနယ်ဇင်း ကောင်စီက ဦးဇော်သက်ထွေးက ပြောပါတယ်။
“မီဒီယာလွတ်လပ်ခွင့်ရလာတာ နှစ်နှစ်လောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့် မီဒီယာသမားတွေဟာ ကျင့်ဝတ်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အရည်အသွေးနဲ့ ပတ်သက်လို့ဖြစ်ဖြစ် လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒီအပေါ်မှာ သုံးနှစ်သားပဲရှိသေးတဲ့ ဒီမိုကရေစီအစိုးရက နှစ်နှစ်သားရှိတဲ့ မီဒီယာကို ပြစ်ဒဏ်ပေးတာ၊ ရိုက်မောင်းပုတ်မောင်းလုပ်တာ မလိုချင်ပါဘူး၊ ဒါကြောင့် ကျနော်တို့က ပြေလည်တဲ့နည်းလမ်းနဲ့ ညှိနှိုင်းပြီးတော့ ဒီမိုကရေစီနိုင်ငံတခုကို သွားဖို့အတွက် ကျနော်တို့အနေနဲ့ ရည်ရွယ်တယ်ဆိုတာကို အစိုးရကို အသိပေးချင်တာပါပဲ။”
သတင်းမီဒီယာသမားတွေနဲ့ အစိုးရကြား အခြေအတင် အငြင်းပွားဖွယ်ရာ တရားရေးစီရင်မှုတွေမှာ ထောင်ဒဏ်နှစ်ရှည် ပြစ်ဒဏ် ချမှတ်ခံနေရတဲ့ သတင်းသမားတွေအတွက် နိုင်ငံတော်သမ္မတဘက်က တရားရေးစီရင်မှုကို မထိခိုက်စေတဲ့ သမ္မတရဲ့လုပ်ပိုင်ခွင့်ထဲက ဥပဒေကြောင်းအရ မျှတအောင် ဆောင်ရွက်ပေးသွားမယ့်အကြောင်း အလေးအနက်ကတိပေးခဲ့တယ်လို့ မြန်မာစာနယ်ဇင်းကောင်စီက ဦးဇော်သက်ထွေးကပြောပါတယ်။
“ပြစ်ဒဏ်ချပြီးသား မီဒီယာသမားတွေရဲ့ ပြစ်ဒဏ်ဟာ ပြင်းထန်လွန်းတဲ့အခါကျတော့ သူက တရားစီရင်ရေးမဏ္ဍိုင်ကို စွက်ဖက်လို့ မရဘူးပေါ့။ အဲဒီတော့ သူ့အနေနဲ့ လုပ်ပိုင်ခွင့်ကတော့ အခြေခံဥပဒေကပေးထားတဲ့ ပုဒ်မ ၂၀၄ အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိပါတယ် တဲ့။ နောက်ဆုံး ကျနော့် (ဦးသိန်းစိန်) အနေနဲ့ အဲဒါမျိုး လုပ်ပေးလို့ရပါတယ်- အဲလို ပြောတာကိုး။ နောက်တစ်ခုကတော့ တရားစွဲတာတွေ၊ စစ်ဆေးမေးမြန်းနေတာတွေဟာ သမ္မတရဲ့အမိန့်သြဇာအောက်မှာပဲ ရှိတော့ ဒါတွေကိုတော့ သူ့ရဲ့ဝန်ကြီးဌာနတွေ၊ သူ့လူတွေကို အမိန့်ပေးပြီးတော့ ပြောင်းလဲလို့ရတဲ့ အခြေအနေမျိုး ရှိပါတယ်။”
နှစ်ဖက်ဆွေးနွေးမှုတွေအရ ပြန်ကြားရေးဝန်ကြီးသစ် ဦးရဲထွဋ်နဲ့လည်း သတင်းသမားတွေကြား ဆက်ဆံရေးပုံစံသစ်နဲ့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေရှိလာနိုင်မယ်လို့လည်း မြန်မာစာနယ်ဇင်းကောင်စီဘက်က ယူဆပါတယ်။
“စာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးအသစ်နဲ့ကတော့ ဆက်ဆံရေးအသစ် ထူထောင်ဖို့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးအသစ်ကနေပြီးတော့မှ ကျနော်တို့ စာနယ်ဇင်းကောင်စီ (ယာယီ) အပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့လက်ခံပြီးတော့ ဆက်ဆံမလဲဆိုတာကိုတော့ ကျနော်တို့က နည်းနည်းစောင့်ကြည့်ရအုံးမှာပေါ့။ အခုကတော့ မှတ်ချက်ပေးဖို့တော့ စောပါသေးတယ်။ ညှိနှိုင်းတွေ့ဆုံမှုအရတော့ အခြေအနေက အပြုသဘောဘက်ကိုတော့ တိမ်းညွတ်နေပါတယ်။”
အစိုးရပိုင်းဆိုင်ရာ ဝန်ကြီးဌာနတွေကို သတင်းအချက်အလက်မှန် ရယူနိုင်မှုခက်ခဲနေတဲ့အခြေအနေအပေါ်မှာလည်း တာဝန်ရှိသူတွေဘက်က သတင်း မီဒီယာတွေကို အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်နိုင်မယ့် အစီအစဉ်ဆောင်ရွက်ပေးဖို့ကိစ္စကိုလည်း အဓိကထား တိုက်တွန်းခဲ့ပါတယ်။
“ကျနော်တို့ကတော့ သူတို့အစိုးရအဖွဲ့က contact person တွေပေးပြီး ဖုန်းနံပါတ်တွေပေးပြီး အဲဒီဖုန်းတွေကို ဖုန်းဆက်ပြီး သတင်းယူတာ အလုပ်မဖြစ်ဘူးပေါ့။ အဲဒီအတွက် အစိုးရဆီက သတင်းတွေကို ရယူတဲ့အခါမှာ အခက်အခဲဖြစ်တာကို ပြင်ဆင်ပြောင်းလဲပေးဖို့ ဆွေးနွေးတဲ့အခါကျတော့ အခု သတင်းပေးဖို့အတွက် mechanism တခုကို အစိုးရဘက်က ရေးဆွဲပြီးတော့ အကောင်အထည်ဖော်ဖို့ သမ္မတက အမိန့်ပေးခဲ့တာပါ။”
သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြနေမှုတွေထဲမှာ သတင်းအချက်အလက်ဆိုင်ရာ အငြင်းပွားမှုတွေ၊ ပြဿနာတွေဖြစ်လာရင် မြန်မာစာနယ်ဇင်းကောင်စီအနေနဲ့ ကြားဝင်စေ့စပ် ဖြေရှင်းပေးနိုင်ဖို့ သမ္မတကို တောင်းဆိုခဲ့ကြပါတယ်။
“အဓိက ကတော့ ပြဿနာတစ်ခုခုဖြစ်တိုင်း တရားရုံးမှာ တရားစွဲပြီးတော့ မီဒီယာသမားတွေကို အပြစ်ပေးတာထက်စာရင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို အရင်အသိပေး အကြောင်းကြားပြီးမှ ဒီလိုဖြစ်တဲ့အတွက် စာနယ်ဇင်းကောင်စီဘက်ကလည်း ကျင့်ဝတ်နဲ့ပတ်သက်ပြီးတော့ အားနည်း ချွတ်ယွင်းချက်တွေရှိရင် အဲဒီမီဒီယာကို ခေါ်ယူပြီး စေ့စပ်ညှိနှိုင်းပေးပြီးတော့ နောင် ဒါမျိုးမဖြစ်ဖို့အတွက် ကျနော်တို့က ဆောင်ရွက်ရမယ့် အခြေအနေမျိုးကို ကျနော်တို့က အစိုးရကို ပြောပြတာပါ။ အစိုးရဘက်ကလည်း ဒီအခြေအနေမျိုးကို လက်ခံမယ့်သဘော ရှိပါတယ်။”
သတင်းသမားတွေအခွင့်အရေး၊ ဥပဒေအရအကာအကွယ်ပေးနိုင်ဖို့အတွက် အဓိကလိုအပ်နေတဲ့ ပြဌာန်းထားပြီး သတင်းမီဒီယာဥပဒေ အသက်ဝင်လာနိုင်ရေးကိုလည်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က သမ္မတ အတည်ပြုချက်အမြန်ရယူနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
“စာနယ်ဇင်းမီဒီယာဥပဒေက အသက်ဝင်ဖို့ပဲ ရှိတော့တယ်။ ကျနော်တို့ နည်းဥပဒေက ပြီးပြီ။ အခု ကျနော်တို့ရဲ့ နည်းဥပဒေဟာ ရှေ့နေချုပ်ရုံးကိုရောက်နေပြီးတော့ အဲဒါကို ရှေ့နေချုပ်ရုံးကနေပြီးတော့ သမ္မတဆီကို မြန်မြန်ပြန်လာပြီး အသက်ဝင်အောင် လုပ်ဆောင်ပေးဖို့၊ အဲဒါကို ဆွေးနွေးခဲ့တာ ရှိပါတယ်။”
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ ကိုယ်စားလှယ်တွေနဲ့ သမ္မတ တွေ့ဆုံပွဲမှာ ပြန်ကြားရေးဝန်ကြီးသစ် ဦးရဲထွဋ်လည်းပါဝင်ပြီး နှစ်ဖက် ရရှိလာတဲ့ သဘောတူညီချက်တွေ၊ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) က သြဂုတ်လ ၁ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။