သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖလော်ရီဒါပြည်နယ်သား ဒေါ်လာ ၁ ဘီလီယံခွဲကျော် ဧရာမထီကြီးပေါက်


Mega Millions
Mega Millions

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ နေထိုင်သူတဦးဟာ အင်္ဂါနေ့က ဒေါ်လာ ၁.၅၈ ဘီလီယံ စံချိန်တင် ဧရာမထီဆုကြီး ပေါက်ခဲ့ပါတယ်။ အနိုင်ရဂဏန်းတွေက ၃၂၊ ၁၉၊ ၁၃၊ ၃၃၊ ၂၀ နဲ့ Mega Ball ဆုကြီးပေါက်ဂဏန်းက ၁၄ ဖြစ်ကြောင်း ကြေညာသွားတာပါ။


၃၁ ကြိမ် ဆက်တိုက် Mega Ball ထီဆုကြီးမထွက်ခဲ့ဘဲ သြဂုတ် ၈ ရက် အင်္ဂါနေ့ကျမှာ ဖလော်ရီဒါပြည်နယ်ကနေ ကံထူးရှင်ပေါ်လာတာဖြစ်ပြီး သူဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၅၈ ဘီလီယံ ဆုကြီး ဆွတ်ခူးခဲ့တာပါ။

ဒါဟာ ၂၀၁၈ ခုနှစ်က ဆွတ်ခူးခဲ့တဲ့ အရင် Mega Million အမြင့်ဆုံး ဆုကြေး ဒေါ်လာ ၁.၅၃၇ ဘီလီယံကို ကျော်ဖြတ်ပြီး စံချိန်သစ်ဖြစ်လာဖွယ်ရှိပါတယ်။ ဒီ ဆုကြေးဟာ အမေရိကန် ထီဆု သမိုင်းမှာ တတိယအကြီးဆုံး ဆုကြေး ဖြစ်လာဖွယ်လည်း ရှိတယ်လို့ ABC သတင်းက ဆိုပါတယ်။

အမေရိကန်အစိုးရ အချက်အလက်တွေအရ ဒီ ဆုကြီးပေါက်နိုင်ခြေက ‘၃၀၃ သန်းမှာ ၁ ခု’ ပဲ ရှိပြီး ဒါဟာ မိုးကြိုးပစ်ခံရနိုင်တဲ့ဖြစ်နိုင်ခြေ ‘တသန်းမှာတခါ’ ထက် အင်မတန်မြင့်မားပြီး ပေါက်နိုင်ခြေ အလွန့်အလွန် ခက်ခဲတဲ့ ရှားရှားပါးပါး ကံထူးမှု တခုဖြစ်ပါတယ်။

အမည်မဖော်သေးတဲ့ ကံထူးရှင်အနိုင်ရရှိသူဟာ ထီဆုကြေးကနေ ဝင်ငွေခွန်ပေးဆောင်ရမှာ ဖြစ်ပြီး တလုံးတခဲတည်း ငွေထုတ်ယူခဲ့ရင် သူဟာ ငွေသားဒေါ်လာ ၇၈၃ သန်းလောက်ကို ချက်ချင်း ထုတ်ယူခွင့်ရမှာပါ။ ဒါမှမဟုတ် နှစ် ပေါင်း (၃၀) အတွင်း တနှစ်ချင်း ခွဲထုတ်ခဲ့ရင်တော့ ဆုငွေ အပြည့် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါမျိုး Jackpot ထီဆုကြီးကို နောက်ဆုံးပေါက်ခဲ့တာက ဧပြီလတုန်းကဖြစ်ပြီး အဲ့တုန်းက နယူးယောက်မှာ နေထိုင်သူတဦးက ဒေါ်လာ သန်း ၂၀ ဆွတ်ခူးခဲ့ပါတယ်။

အင်္ဂါနေ့ကထွက်ခဲ့တဲ့ တခြား ဆုကြေးတွေမှာတော့ ဖလော်ရီဒါနဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်တွေက အခြားဆုရှငနှစ်ဦးက တဦးလျှင် ဒေါ်လာ ၂ သန်းရရှိခဲ့ပြီး အခြား ထီထိုး (၅) ဦးကလည်း ဒေါ်လာ ၁ သန်းစီ ဆုအသီးသီး ရခဲ့ကြပါတယ်။

ဒီ ထီလက်မှတ်တွေကို တစောင်၂ ဒေါ်လာနဲ့ ဝါရှင်တန်ဒီစီ အပါအဝင် အမေရိကန် ပြည်နယ် ၄၅ ခုနဲ့ ယူအက်စ် ဗာဂျင်းကျွန်းစုတွေမှာ ရောင်းချပါတယ်။ လာမယ့် သောကြာနေ့မှာတော့ နောက်ထပ် Mega Millions ဆုကြီး ပြန်ဖွင့်မှာ ဖြစ်ပြီး ဆုကြေးကတော့ မူလအစ ဆုကြေး သန်း ၂၀ ကို ပြန်လည်သတ်မှတ်ရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG