သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Interpol အကြီးအကဲ Meng Hongwei အဂတိလိုက်စားမှု နဲ့ တရုတ်အစိုးရ စုံစမ်းစစ်ဆေး


Interpol အကြီးအကဲ Meng Hongwei
Interpol အကြီးအကဲ Meng Hongwei

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ နေရပ်ရင်း တရုတ်နိုင်ငံကို ပြန်သွားခဲ့တဲ့ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ Interpol အကြီးအကဲ Meng Hongwei ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တဲ့နောက်မှာ သူ့ကို အဂတိလိုက်စားမှု ရှိခဲ့တယ်ဆိုတဲ့ သံသယနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ တရုတ်အစိုးရက တနင်္ဂနွေနေ့မှာပြောပါတယ်။ တရုတ်အရေး ကျွမ်းကျင်သူတွေ ကတော့ တရုတ်အစိုးရရဲ့ ပြောကြားချက်ကို သံသယရှိနေကြပြီး ဒါဟာ တရုတ်ကွန်မြူနစ်ပါတီတွင်း ပြဿနာ ကြီးကြီးမားမား ရှိနေတာကို ပြနေတယ်လို့ သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

တရုတ်၊ လူထုလုံခြုံရေးဆိုင်ရာ ဒုတိယဝန်ကြီးတဦးဖြစ်တဲ့ Meng Hongwei ဟာ Interpol အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲအဖြစ် ၂၀၁၆ ခုနှစ်မှာ စတင်တာဝန်ယူခဲ့တာ ဖြစ်ပြီး Interpol အခြေစိုက်ရာ ပြင်သစ်နိုင်ငံကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တရုတ်နိုင်ငံကို ခရီးထွက်သွားပြီးတဲ့နောက် Meng ပျောက်ဆုံးနေတယ်လို့ သူ့ရဲ့ဇနီးဖြစ်သူက ပြင်သစ်ရဲတပ်ဖွဲ့ကို သတင်းပို့ခဲ့တာပါ။

တနင်္ဂနွေနေ့မှာတော့ အရပ်ဖက်အရာရှိတွေ အဂတိလိုက်စားမှုဆိုင်ရာ ကိုင်တွယ်တဲ့ ဘေဂျင်းအခြေစိုက် အမျိုးသား ကြီးကြပ်ရေး ကော်မရှင် က Meng ဟာ ဥပဒေချိုးဖေါက်မယ်လို့ သံသယရှိတဲ့အတွက် စုံစမ်းစစ်ဆေးနေကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

ကြေညာချက် ထွက်လာပြီး မကြာခင်မှာပဲ အသက် ၆၄ နှစ်အရွယ် Meng ရဲ့ နှုတ်ထွက်လွှာကို Interpol က လက်ခံရရှိခဲ့တာပါ။ Meng ဟာ Interpol ရဲ့ အကြီးအကဲအဖြစ် ပထမဆုံး တာဝန်ယူခဲ့တဲ့ တရုတ်နိုင်ငံသားဖြစ်ပါတယ်။ ဝါရှင်တန် အခြေစိုက် Center for Strategic and International Studies (CSIS) မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး ဗဟိုဌာနက တရုတ်အရေးကျွမ်းကျင်သူ Bonnie Glaser တော့ နောင်မှာ တရုတ်နိုင်ငံသားတယောက်ကို အကြီးအကဲ ခန့်မယ်ဆိုရင် ၂ ခါ ပြန်စဉ်းစားသင့်တယ်လို့ ဝေဖန်ပါတယ်။

Daily Beast ဝက်ဘ်ဆိုက် မှာ ဆောင်းပါးတွေ ရေးနေသူ ရှေ့နေတဦးဖြစ်တဲ့ Gordon Chang ကတော့ Meng ရဲ့ ကိစ္စဟာ တရုတ်ကွန်မြူနစ်ပါတီတွင်း ရုန်းကန် နေမှုတွေရဲ့ အစိတ်အပိုင်း တခု ဖြစ်နိုင်တယ်လို့ VOA သတင်းထောက် Victor Beattie ကို ပြောပါတယ်။

“ဒါကိုကြည့်ရင် ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်နေတယ်ဆိုတာ သိပ်သိသာပါတယ်။ ဒါပေမယ့် အတိုင်းအတာ ဘယ်လောက် ကြီးတယ် ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒီအချိန်မျိုးမှာ ဒီကိစ္စကို တရုတ်အစိုးရအတွင်းပိုင်းမှာတောင် အနည်းအကျဉ်းလောက်သာ သိမယ်လို့ ထင်ပါတယ်။ သတင်းတွေ ကတော့ အမျိုးမျိုး ထွက်နေမှာပါ။ ဒါပေမယ့် တကယ်တမ်း ဘာတွေ ဖြစ်နေတယ် ဆိုတာကို သိဖို့က အချိန်ကြာအုံးမှာပါ။”

တရုတ်နိုင်ငံမှာ သမ္မတ ရှီကျင့်ပင် လုပ်ဆောင်နေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အတော်များများ စုံစမ်းစစ်ဆေးမှု ခံနေရတာပါ။ Meng ကို ဥပဒေချိုးဖေါက်မယ်လို့ သံသယရှိတဲ့အတွက် စုံစမ်းတာလို့ အဂတိလိုက်စားမှုကိစ္စရပ်တွေ ကိုင်တွယ်နေတဲ့ တရုတ်အာဏာပိုင်အဖွဲ့က ပြောပေမယ့် သမ္မတ ရှီလက်ထက်မှာတော့ အဖမ်းခံရသူတွေအတွက် ဒီလိုပဲ ပြောလေ့ရှိတယ်လို့ Chang ကပြောပါတယ်။

“သူတို့ကတော့ အဂတိလိုက်စားမှုတိုက်ဖျက်တယ်ပဲ ပြောကြတာပါပဲ။ ဒါပေမယ့် တကယ်တမ်း ဖြစ်နေတာက ရှီဟာ သူ့နိုင်ငံရေး အတိုက်အခံလို့ မြင်သူတွေကို ဖယ်ရှားပစ်လေ့ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တရုတ်အရာရှိ အားလုံးလိုလိုက အဂတိလိုက်စား ကြတပါ။ ဒီလူတွေကို သူဖယ်ရှင်း ပစ်လေ့ မရှိပါဘူး၊ နိုင်ငံရေးအမြင်ကွဲမှပဲ ရှင်းပစ်တာပါ။ ရှီဟာ ဘယ်လိုနည်းနဲ့ ချမ်းသာလာတယ်လို့ မပြောနိုင်တဲ့ သူ့မိသားစု ကို ရှင်းမပစ်သလို သူ့နိုင်ငံရေးမိတ်ဖက်တွေကိုလည်း ရှင်းမပစ်ပါဘူး။ ရှီဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားနေသူ တွေကို ထောင်ချပါတယ်။ ဒါကို ကြည့်ရင် Meng ကို ဖမ်းတာဟာ အဂတိလိုက်စားမှုကြောင့် မဖြစ်နိုင်ပါဘူး။”

Meng ကို ၂၀၁၆ မှာ Interpol ရဲ့ အကြီးအကဲအဖြစ် ရွေးကောက်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်အစိုးရက Interpol ကို အသုံးချလိမ့်မယ်လို့ အများက စိုးရိမ်မှုတွေ ရှိနေတာပါ။ တရုတ်အတွက် အတိုက်အခံတွေကို ဖိနှိပ်ဖို့ Meng Interpol မှာ အကြီးအကဲအဖြစ် ရှိနေတာဟာ အခွင့်အလန်း ဖြစ်နေတဲ့ကြားထဲက အခုလို သူ့ကိုဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီတွင်းမှာ ထူးခြားမှု တခုခု အသေအချာ ရှိနေနိုင်တယ်လို့လည်း Chang က တွက်ဆပါတယ်။

Meng ရဲ့ ဇနီးဖြစ်သူ Grace ကတော့သူ့ခင်ပွန်းဆီက နောက်ဆုံးရတဲ့ တက်စ် မက်စေ့ချ် ဟာ စက်တင်ဘာလ ၂၅ ရက်နေ့က ဖြစ်ပြီး အဲဒီမှာ မီးဖိုချောင်သုံး ဓါးတချောင်း ပုံပါနေတဲ့အတွက် ဒါဟာ သူအန္တရာယ်ကျနေပြီ ဆိုတာ ပြောချင်တဲ့ လက္ခဏာလို့ ယုံကြည်ကြောင်း ပြောပါတယ်။သူက Meng ပျောက်ဆုံးနေတဲ့အကြောင်း ပြီးခဲ့တဲ့သောကြာနေ့က ပြင်သစ်နိုင်ငံမှာ သတင်းပို့ခဲ့တာ ဖြစ်ပါတယ်။

Meng နုတ်ထွက်သွားတဲ့အတွက် တောင်ကိုရီး ယားနိုင်ငံသား Kim Jong Yang က ယာယီအကြီးအကဲအဖြစ် တာဝန်ယူမှာ ဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့တော်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမယ့် Interpol အစည်းအဝေး မှာတော့ အကြီးအကဲသစ်ကို ရွေးချယ်ခန့်ထား မယ်လို့လည်း Interpol ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG