သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Flynn နှုတ်ထွက်ရခြင်းအကြောင်း Trump ကြိုတင်သိ


ရုရှားနဲ့ဆက်သွယ်ခဲ့တဲ့ အငြင်းပွားစရာကိစ္စနဲ့ပတ်သက်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Michael Flynn က ဒုသမ္မတကို ထိန်ချန်ပြောခဲ့တယ်ဆိုတာ လွန်ခဲ့တဲ့ ၃ ပတ်ထဲက သမ္မတ Donald Trump က သိနေခဲ့တယ်လို့ အိမ်ဖြူတော်က ပြောလိုက်ပါတယ်။

Flynn အမျိုးသားလုံခြုံရေးအကြံပေးတာဝန် မယူရသေးခင်က အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီး Sergey Kislyak နဲ့ ဆက်သွယ်ပြောခဲ့တုန်းက ရုရှားအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေနဲ့ ပတ်သက်လို့ မဆွေးနွေးခဲ့ပါဘူးလို့ ဒုသမ္မတဖြစ်လာမယ့် Mike Pence ကို ပြောခဲ့တာပါ။ အဲဒီလို Michael Flynn က ထိန်ချန်ပြောခဲ့တာနဲ့ ပတ်သက်လို့ သမ္မတနဲ့ အနီးကပ်အကြံပေးတွေက လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း သုံးသပ်မှုတွေကို နေ့တိုင်းလုပ်ခဲ့တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer က အင်္ဂါနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သမ္မတ Donald Trump က အမျိုးသားလုံခြုံရေးအကြံပေး Michael Flynn အပေါ် ယုံကြည်မှုလျော့ပါးသွားတဲ့အတွက် သူ့ကိုရာထူးကနေ နှုတ်ထွက်ဖို့ သမ္မတက တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ရုရှားနဲ့ဆက်သွယ်စကားပြောမှုအပေါ် Michael Flynn ရှင်းပြခဲ့ချက်တွေနဲ့ ပတ်သက်လို့ သမ္မတက သူ့ကို နိုင်ငံတော်လုံခြုံရေး အကြံပေးတယောက်အနေနဲ့ မယုံကြည်နိုင်တော့ဘူးလို့ ပြောခဲ့တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Spicer က ဖြေကြားခဲ့ပါတယ်။

အငြိမ်းစားကြည်းတပ် ဗိုလ်ချုပ်ကြီးဖြစ်တဲ့ Flynn ဟာ သမ္မတ Trump ရဲ့ ထိပ်တန်း မဟာဗြူဟာဆိုင်ရာ အကြံပေးတာဝန်ယူခဲ့တာ သီတင်း ၃ ပတ်မပြည့်ခင် တနင်္လာနေ့ညက ရာထူးကနေ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ Trump သမ္မတာဝန်မယူခင် ရုရှားသံအမတ် Kislyak နဲ့ စကားပြောခဲ့ကိစ္စနဲ့ ပတ်သက်လို့ Pence အပါအဝင် တခြားသူတွေကို ရှင်းလင်းပြောခဲ့တုန်းက အကြောင်းအချက်တွေကို အပြည့်အဝ မပေးခဲ့မိဘူးလို့ Flynn က နှုတ်ထွက်စာထဲမှာ ရေးသားပြီး သူ့ရဲ့လုပ်ရပ်အပေါ် အသိအမှတ်ပြု ဖော်ပြထားပါတယ်။

XS
SM
MD
LG