သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ် မုန်းတီးရေးစိတ်ဓါတ်ကြီးထွားမှု ကန် မွတ်ဆလင်တွေ စိုးရိမ်


နယူးယောက်မြို့က အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ မြင်ကွင်းတခု။
နယူးယောက်မြို့က အစ္စလာမ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ မြင်ကွင်းတခု။

မကြာသေးခင် ရက်ပိုင်းအတွင်းက လက်ယာစွန်း အုပ်စုတွေက အစ္စလာမ်ဘာသာရေး ဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ် ခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု၊ အနောက်အလယ်ပိုင်း Minnesota ပြည်နယ်မှာ နေထိုင်ကြတဲ့ မွတ်ဆလင် အများစု အကြား လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Abdi Mahamud က Minneapolis မြို့ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။။

အမေရိကန်-မွတ်ဆလင်တွေကို ဆန့်ကျင်မှုတွေနဲ့ အမုန်းတရားစိတ်တွေ ကြီးထွား လာနေတာကြောင့် သူတို့အတွက် အကူအညီနဲ့ အကာကွယ်ပေးမှုတွေ လိုအပ်ကြောင်း မွတ်ဆလင် ခေါင်းဆောင်တွေနဲ့ Minnesota ပြည်နယ်မှာ နေထိုင်ကြတဲ့ ဆိုမားလီး လူမှုအသိုင်းဝိုင်း ခေါင်းဆောင်တွေက ပြောပါတယ်။

Act for America လို့ခေါ်တဲ့ လက်ယာစွန်း အုပ်စုတွေက မြို့ပေါင်း ၂၀ ကျော်မှာ အစ္စလာမ်ဘာသာရေး ဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတဲ့အပေါ် မွတ်ဆလင် လူမှုအသိုင်းဝိုင်း ခေါင်းဆောင်တွေက ဝေဖန် ပြောဆိုနေကြတာပါ။ ဆန္ဒပြသူတွေဘက်ကတော့ - အစ္စလာမ်ဘာသာရေး ဥပဒေဟာ အမေရိကန် ပြည်ထောင်စုကို ခြိမ်းချောက်နေပြီး၊ သူတို့ဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ မိရိုးဖလာ အမေရိကန် စံတန်ဖိုးတွေကို ကာကွယ်တဲ့အနေနဲ့ အဲဒီလို ဆန္ဒပြခြင်းဖြစ်တယ်လို့ ပြောပါတယ်။

Minnesota ပြည်နယ်က၊ ဆိုမားလီးနွယ်ဖွား အမေရိကန်အမျိုးသမီးတဦးဖြစ်သူ Meyran Omar ကတော့ - မွတ်ဆလင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ကြီးထွာလာနေတာကြောင့် သူမရဲ့ အသက်အန္တရာယ်ကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ကျမ အိမ်ကိုပြန်တဲ့အခါ၊ ကားမောင်းနေတဲ့အခါ၊ ဒါမှမဟုတ် ကျမ တိုက်ခန်းထဲကို ဝင်သွားတဲ့အခါတွေမှာ ဘေးပတ်ဝန်းကျင်ကို အမြဲတမ်း ကြည့်မိတယ်၊ အရင်က အဲဒီလို ကြောက်စိတ်မျိုး မရှိခဲ့ဘူးဖူး။”

မွတ်ဆလင် ဆန့်ကျင်တဲ့ သဘောထားတွေ ကျယ်ပြန့်လာနေတဲ့အတွက် တချို့ မွတ်ဆလင် အမျိုးသမီးတွေဟာ သူတို့ရဲ့ ဝတ်စား ဆင်ယင်ပုံပါ ပြောင်းလဲ လာနေကြတယ်လို့ Omar က ပြောပါတယ်၊ ဥပမာ Hijab လို့ခေါ်တဲ့ အမျိုးသမီးတွေ ခေါင်းမှာ ပုဝါပတ်ခြင်းက မွတ်ဆလင်မှန်း သိသာတဲ့အတွက် ပုဝါမခြုံပဲ နေတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

“အစ္စလာမ်မုန်းတီးစိတ်နဲ့ အမုန်းတရားစိတ်တွေက ကြီးထွားလာနေတော့ ကျမတို့တတွေ ပုဝါခြုံတာမျိုး မလုပ်တော့ဘူး။ အဲဒီလို ပုဝါမခြုံတဲ့အတွက် သူတို့တွေဟာ မကောင်းတဲ့ မွတ်ဆလင်လို့ မဆိုနိုင်ဘူး၊ သူတို့ဟာ သူတို့အသက်အန္တရာယ်ကို စိုးရိမ်တဲ့ အတွက်ကြောင့် ဖြစ်တယ်။ ကျမတို့အတွက် အကူအညီလိုအပ်နေပါတယ်။”

အစ္စလာမ်ဟာ အမေရိကန်ပြည်ထောင်စုအတွက် အန္တရာယ်ရှိတယ်လို့ Act for America အဖွဲ့ရဲ့ ပြောဆိုမှုဟာ အခြေအမြစ် မရှိဘူးလို့ Minnesota ပြည်နယ်၊ Darul-Hijirah ဗလီက တရားဟောဆရာ Abdisalam Adam က ပြောပါတယ်။

“မွတ်ဆလင် ဆန့်ကျင် အတွေးအခေါ် ရှိသူတွေနဲ့ အစ္စလာမ်ဘာသာရေး ဥပဒေကို ဆန့်ကျင်တဲ့သူတွေ များလာနေတာကို ကျနော်တို့ သတိထားမိပါတယ်။ ဒါပေမယ့် လက်တွေ့မှာ သူတို့ပြောနေတာတွေ မှန်ကန်တယ်ဆိုတဲ့ သက်သေ အထောက်အထား မရှိပါဘူး။”

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ မွတ်ဆလင်တွေဟာ အမေရိကန် ဖွဲ့စည်းပုံကို ယုံကြည်ကြကြောင်း ICSA အမေရိကန် အစ္စလာမ်မစ် လူမှုအဖွဲ့အစည်းရဲ့ ဘုတ်အဖွဲ့ဝင် တဦးလည်းဖြစ်တဲ့ Abdisalam Adam က ပြောပါတယ်။

“မွတ်ဆလင် လူမှုအသိုင်းဝိုင်းဟာ ဥပဒေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံကို လေးစား လိုက်နာသူတွေ ဖြစ်ပါတယ်၊ ဒါကြောင့် မွတ်ဆလင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ နိုင်ငံရေးအရ လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။”

မွတ်ဆလင်တွေဟာ ဥပဒေကို လေးစားလိုက်နာသူတွေဖြစ်တယ်၊ သူတို့တွေဟာ တခြား ဘာသာတရားတွေနည်းတူ ဒီတိုင်းပြည်ရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်ဆိုတာကို အမေရိကန်အစိုးရအနေနဲ့ ရှင်းလင်းပြတ်သားစွာ ပြောကြားပေးဖို့ လိုအပ်ကြောင်း Adam က ပြောပါတယ်။

တခြား အမေရိကန်တွေနည်းတူ မွတ်ဆလင်တွေ ဘယ်လို နေထိုင်ကြတယ်၊ သူတို့ မိသားစုတွေကို ဘယ်လို ပြုစု ပျိုးထောင် ပေးကြတယ်ဆိုတာကို Act for America အဖွဲ့ဝင်တွေ လာလေ့လာစေလိုကြောင်း Adam က ပြောပါတယ်။

“ဒီ အမုန်းတရားလိုလားသူတွေ၊ တစ်ယူသန်သမားတွေကို ကျနော်တို့ ပြောနေတာက ကျနော်တို့အကြောင်း သိအောင် လုပ်ကြပါ၊ ကျနော်တို့ရဲ့ ဗလီတွေ၊ အဖွဲ့အစည်းတွေကို လာလေ့လာကြပါ ဆိုတာပါပဲ။”

Act for America အဖွဲ့ရဲ့ အင်တာနက် Website ပေါ်မှာတော့ - သူတို့အဖွဲ့အနေနဲ့ ဘာသာတရား တခုအပေါ်၊ ဒါမှမဟုတ် လူမျိုးနဲ့ လိင်တခုခုအပေါ် ဘက်လိုက် ဆက်ဆံခြင်း၊ နှိမ်ချဆက်ဆံခြင်း၊ နိုင်ငံရေးအဖွဲ့အစည်း တခုခုအပေါ် ဖိနှိပ်ခြင်းတို့ကို လုံး၀ လက်ခံမှာဟုတ်ကြောင်း၊ လူပုဂ္ဂိုလ် တဦးချင်းစီအနေနဲ့ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်ဆိုတာကို အမေရိကန် ဖွဲ့စည်းပုံမှာ ဖော်ပြထားပြီး ဖြစ်တာနဲ့အညီ အဲဒီ လွတ်လပ်ခွင့်ကို ပြင်းထန်စွာ ခုခံ ကာကွယ်သွားမယ်လို့ ရေးသား ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG