သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံတင်သင်္ဘော အတိုက်ခံရမှု နိုင်ငံတကာ သဘောတူညီမှု ရရှိဖို့ ကန်ကြိုးစား


Oman ပင်လယ်ကွေ့မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်သင်္ဘော (ဇွန်၊ ၁၃၊ ၂၀၁၉)
Oman ပင်လယ်ကွေ့မှာ တိုက်ခိုက်ခံခဲ့ရတဲ့ ရေနံတင်သင်္ဘော (ဇွန်၊ ၁၃၊ ၂၀၁၉)

ပြီးခဲ့တဲ့ ကြာသပတေးနေ့ က အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော နှစ်စီး တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တုံ့ပြန်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံတကာ သဘောတူညီချက် တခုရအောင် တည်ဆောက်နေတယ်လို့ ကာကွယ်ရေး ဝန်ကြီး Pat Shanahan က ပြောပါတယ်။

အခြေအနေတွေ ဆိုးလာရင် ရင်ဆိုင်ဖို့အတွက် ဖြစ်နိုင်တဲ့ အစီအစဉ်တွေ ရေးဆွဲထားဖို့ လိုအပ်နေပြီး နိုင်ငံတကာအခြေအနေဖြစ်တဲ့ ဒီကိစ္စအတွက်လည်း ထောက်ခံမှု တိုးရအောင် ကြိုးပမ်းရမယ်လို့ သူက သောကြာနေ့မှာ ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် အီရန်ကို အမေရိကန်က အပြစ်တင်ထားပြီး အမေရိကန် ရေတပ်က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ အီရန် ကင်းလှည့်ရေယာဉ် တစီးပေါ်က လူတွေက မပေါက်ကွဲသေးတဲ့ Limpet မိုင်း တလုံးကို ဂျပန် ရေနံတင်သင်္ဘော Kokuka Courageous သင်္ဘော ဝမ်းဗိုက်နားက ခွာနေတဲ့ ပုံ ဗီဒီယိုကို ထုတ်ပြန်ထားတာပါ။

ဒီရေနံတင် သင်္ဘောကို Kokuka Sangyo ဂျပန် သင်္ဘောလိုင်း ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး တခြား တစီးကတော့ နော်ဝေပိုင် Front Altair သင်္ဘော ဖြစ်ပါတယ်။ Front Altair သင်္ဘောဟာ မီးလောင်နေဆဲ ဖြစ်ပြီးတော့ အဲ့ဒီက သင်္ဘောသားတွေကို အီရန် ထိန်းသိမ်းထားပါတယ်။

ဒီ Front Altair ရေနံတင် သင်္ဘောကို အဝေးကို တွန်းသွားဖို့ နော်ဝေ ကုမ္ပဏီက ငှားခဲ့တဲ့ Tug boat တွန်း သင်္ဘော နှစ် စီး ကို အီရန် အမြန်ရေယာဉ်တွေက တားဆီးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူကတဦး က ပြောပါတယ်။

ဒီကယ်ဆယ်ရေး တွန်းသင်္ဘောတွေဟာ ၁၄ ရက်နေ့ နေ့လည်လောက်တည်းက ရေနံတင်သင်္ဘောဆီကို ရောက်နေတာဖြစ်ပြီး ၁၅ ရက်နေ့ မှာလည်း ရေနံတင်သင်္ဘောကို စစ်ဆေးဖို့နဲ့ လိုအပ်တာတွေ အကြံပေးဖို့ နောက်ထပ် ကူညီရေး ရေယာဉ် နှစ် စီး ရောက်မယ်လို့ Frontline နော်ဝေသင်္ဘောကုမ္ပဏီက CEO က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG