အမေရိကန်အစိုးရအသုံးစရိတ်အတွက် အောက်လွှတ်တော် ဥပဒေမူကြမ်းချမှတ်နိုင်အောင် ကြိုတင် ပြင်ဆင်တဲ့အခြေခံ မူဘောင်အတွက် မဲခွဲရာမှာ ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၂၁၅ မဲနဲ့ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့က အတည်ပြုနိုင်ခဲ့ပါတယ်။
"ရှေ့မှာ လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့လည်း အမေရိကန်သာ ပထမဦးစားပေး ဆိုတဲ့ မူဝါဒကို အောင်မြင်အောင်လုပ်မှာပါ။ တဝက်တပျက်မဟုတ်ဘဲ အားလုံးအောင်မြင်အောင် လုပ်မှာပါ။ ဒါက ဒီလုပ်ငန်းစဉ်ရဲ့ ပထမခြေလှမ်းပါ။" လို့ အင်္ဂါနေ့ညမှာ လွှတ်တော်ဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောလိုက်တာပါ။
လွှတ်တော်ဥက္ကဋ္ဌနဲ့ အခြား အောက်လွှတ်တော်ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေကတော့ အမေရိကန်နယ်စပ်လုံခြုံရေး၊ မိသားစုတွေနဲ့ အလုပ်အကိုင်ဖန်တီးသူတွေကို ဝင်ငွေခွန်လျှော့ပေးရေး၊ စွမ်းအင်ကဏ္ဍမှာ အမေရိကန်က ပြန်လည်လွှမ်းမိုးထားနိုင်ရေး၊ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အမေရိကန်ရဲ့ ရပ်တည်မှု အားကောင်းစေရေးအပြင် အမေရိကန် ပြည်သူတွေအတွက် အစိုးရလုပ်ငန်းတွေ ပိုမို ထိရောက်စေရေးကိစ္စတွေကို အကောင်အထည်ဖော်နိုင်ဖို့ ဥပဒေမူကြမ်းက ရည်ရွယ်ထားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အောက်လွှတ်တော်ဒီမိုကရက်တစ် လူနည်းစုခေါင်းဆောင် Hakeem Jeffries ကတော့ စစ်ပြန်တွေရဲ့ အကျိုးခံစားခွင့်နဲ့ ဝင်ငွေနည်းသူတွေအတွက် အစားအသောက်နဲ့ ကျန်းမာရေးအထောက်အပံ့ အစီအစဉ်ကိုဖြတ်တောက်ဖို့ ရီပတ်ဘလစ်ကန်တွေက ကြိုးပမ်းနေတာလို့ တုံ့ပြန်ခဲ့တာပါ။ ရီပတ်ဘလစ်ကန်တွေရဲ့ အသုံးစရိတ်မူကြမ်းဟာ အလွန်အကျွံနိုင်တယ်လို့ သုံးနှုန်းပြောဆိုခဲ့ပြီး ချမ်းသာတဲ့သူတွေအတွက် ဒေါ်လာ ၄.၅ ထီလီယံ အခွန်တွေ လျှော့ပေးဖို့ လုပ်နေတာလို့လည်း ပြောပါတယ်။
သမ္မတ Donald Trump ကတော့ ပြည်တွင်းမှာ သူ့အစိုးရမူဝါဒတွေကို အကောင်အထည် ဖော်နိုင် အောင် One Big Beautiful Bill ဥပဒေကြမ်း ကို အမြန်ဆုံး အတည်ပြုနိုင်အောင် ဆောင်ရွက်ကြဖို့ လွှတ်တော်အမတ်တွေကို တိုက်တွန်းထားပါတယ်။
Forum