၅၂ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က မြောက်ကိုရီးယား နိုင်ငံက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲ ပြုလုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက ကျင်းပခဲ့တဲ့ အာဆီယံ အစည်းအဝေးတွေကတော့ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား တွေ့ဆုံ ဆွေးနွေးဖို့အတွက် အခွင့်အရေး ရရှိနိုင်တဲ့နေရာ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားရေး ဝန်ကြီး Pompeo ဟာ ကုန်သွယ်ရေး အငြင်းပွားမှုတွေနဲ့ တောင်တရုတ်ပင်လယ် နယ်မြေ အငြင်းပွားမှုကြောင့်ဆက်ဆံရေး တင်းမာနေတဲ့ တရုတ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့တော့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲ အပြီးမှာတော့ တရုတ်နိုငငံခြားရေးဝန်ကြီး Wang Yi က သူတို့ နှစ်ဦး တွေ့ဆုံမှုဟာ နားလည်မှုကို မြှင့်တင်နိုင်ခဲ့ကြောင်း ပြောပါတယ်။
ဝါရှင်တန်ဟာ အရှေ့တောင်အာရှဒေသက အငြင်းပွားနေတဲ့ နယ်မြေမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ စီးပွားရေး အင်အား ကြီးထွားလာတာကို စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ထုတ်ဖော်ပြောကြား ထားခဲ့ပါတယ်။
ကမ္ဘောဒီးယား နိုင်ငံဟာ သူ့နိုင်ငံအတွင်း တရုတ်စစ် စခန်းတည်ဆောက်ဖို့ ခွင့်ပြုထားတယ်ဆိုတဲ့ သတင်းကို ငြင်းဆိုခဲ့အပြီးမှာတော့ ဝန်ကြီး Pompeo ဟာ စိတ်သက်သာရာ ရဟန် ရှိခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံရဲ့ အမျိုးသား အချုပ်အခြာ အာဏာကို ခိုင်ခိုင်မာမာ ကာကွယ်နေတာကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ကြိုဆိုကြောင်း ပြောပါတယ်။ ဒေသတွင်းက တစ်ခြားနိုင်ငံတွေလည်း ကမ္ဘောဒီးယား နည်းတူ ဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း ပြောသလို အမေရိကန်ဟာ ဒေသတွင်းနိုင်ငံတွေကို အမေရိကန်နဲ့ တရုတ်အကြား ဘက်ရွေးဖို့ တောင်းဆိုနေတာ မဟုတ်ဘူးလို့လည်းပြောပါတယ်။