အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ အာဆီယံနဲ့ ဆက်စပ်အ စည်းဝေးတွေကို တက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေပါပြီ။ သူ့ရဲ့ ထိုင်းနိုင်ငံ ၄ ရက်တာ ခရီးစဉ်အတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ ကြာသပတေးနေ့မှာ တွေ့ဆုံမှာ ဖြစ်သလို အမေရိကန်နဲ့ ထိုင်း မဟာမိတ်အဖြစ် ပိုပြီး ခိုင်မာရေးကိုပါ ဆွေးနွေးဖို့ ရှိပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
အမေရိကန်နဲ့ ထိုင်း တို့ရဲ့ မဟာမိတ်အဖြစ်ရပ်တည်မှုဟာ ခိုင်ခိုင်မာမာ ဆက်လက် တည်ရှိနေပြီး အာဆီယံဒေသအတွင်း ထိုင်းနိုင်ငံရဲ့ ဦးဆောင်မှုကဏ္ဍ၊ အထူးသဖြင့် ဒီနှစ်ထဲမှာ အာဆီယံ ဆယ်နိုင်ငံရဲ့ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူရတဲ့ အရပ်သား အစိုးရ ပြောင်းလဲ အုပ်ချုပ်လာပြီဖြစ်တဲ့ ထိုင်းနိုင်ငံကို အမေရိကန်က ဆက်လက်ထောက်ခံ ပံ့ပိုးမှုပေးမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အခု ခရီးစဉ် မတိုင်ခင်မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာပါ။
ဇူလိုင်လ ၃၁ ရက်နေ့ကနေ သြဂုတ်လ ၃ ရက်နေ့အထိ သွားရောက်တဲ့ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai နဲ့ အမေရိကန်နဲ့ ထိုင်း မဟာမိတ်အဖြစ် ပိုပြီး ခိုင်မာရေးကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဝန်ကြီး Pompeo ဟာ အမေရိကန်နဲ့ အာဆီယံ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲမှာ ပူးတွဲ ဥက္ကဌအဖြစ် တာဝန်ယူမှာ ဖြစ်သလို အင်ဒိုပစိဖိတ် ဒေသတွင်း အမေရိကန်ပြည်ထောင်စု ရဲ့ စီးပွါးရေးပါဝင်ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးလည်း မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။
ဘန်ကောက်မှာ ကျင်းပနေတဲ့ အာဆီယံနဲ့ ဆက်စပ်အစည်းဝေးတွေအတွင်း သြဂုတ်လ ၂ ရက်နေ့မှာတော့ ဝန်ကြီး Pompeo ဟာ အရှေ့အာရှ EAS ဝန်ကြီးများ အဆင့် အစည်းအဝေး၊ ASEAN ဒေသတွင်း ဖိုရမ် အပြင် ARF ဝန်ကြီးများ အဆင့်အစည်းအဝေး တို့ကို တက်ရောက်မှာ ဖြစ်သလို မဲခေါင်မြစ်ကြောင်း အောက်ပိုင်းဒေသဆိုင်ရာ အစည်းဝေးကိုပါ တက်ရောက်မှာ ဖြစ်ပါတယ်။
အာဆီယံ ဒေသတွင်းဆွေးနွေးပွဲတွေကို တက်ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က တော့ သူဟာ သြဂုတ်လ ၁ ရက်နေ့မှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo နဲ့ တွေ့ဆုံပြီး စီးပွါးရေးကိစ္စရပ်တွေကို ဆွေးနွေးမှာ ဖြစ်ကြောင်းသူ့ရဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ သီးသန့် အစည်းအဝေး အပြီးပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
"အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြား ပြဿနာ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာနိုင်အောင် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။ ၂ နိုင်ငံကြားမှာ ပြဿနာတွေပဲ ရှိတာ မဟုတ်ပါဘူး ပူးပေါင်းဆောင်ရွက်မှုလည်း ရှိပါတယ်။ မနက်ဖြန်မှာ ဝန်ကြီး Pompeo နဲ့ ကျနော်တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါဟာ ၂ ဖက် တိုက်ရိုက်ဆက်သွယ်မှု အတွက် အရေးကြီးတဲ့ အခွင့်အလမ်း တခုပါ။ ၂ ဖက် အပြုသဘောဆောင်တဲ့ အမြင်တွေ ဖလှယ်ဖို့ တိုက်ရိုက်ပြောဆိုနိုင်မယ့် အပြင် ပြဿနာကို သင့်တော်အောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ကိုလည်း စဉ်းစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ၂ နိုင်ငံကြား အငြင်းပွါးနေတာတွေကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းဖို့ လိုသလို အမေရိကန်နဲ့ တရုတ်တို့ကြား တည်ငြိမ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပေါ် အခြေခံပြီး ဆက်ဆံရေး ခိုင်မာအောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။”
တရုတ်နဲ့ အမေရိကန်တို့ကြား ၂ ဖက် အပြန်အလှန် အခွန်တိုးမြှင့်ကောက်ခံမှုတွေနဲ့အတူ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲနေကြရာကနေ အခုတော့ ဆွေးနွေးမှုတွေနဲ့ ပြေလည်အောင် ကြိုးစားနေကြတာဖြစ်ပါတယ်။
အမေရိကန် ကုန်သွယ်ရေး တာဝန်ရှိသူတွေဟာ အင်္ဂါနဲ့ ဗုဒ္ဓဟူး နေ့တွေမှာ တရုတ် ကုန်သွယ်ရေး အရာရှိတွေနဲ့ ရှန်ဟိုင်းမှာ တွေ့ဆုံဆွေးနွေး ခဲ့ကြတာ ဖြစ်ပြီး စက်တင်ဘာလထဲမှာ နောက်တကြိမ် ထပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ ဆွေးနွေးသူတွေ ဘက်က တစုံတရာ မှတ်ချက်ပေး ပြောဆိုတာ မရှိပေမယ့် တရုတ်အစိုးရ ဆင်ဟွာ သတင်းဌာနက ဒီဆွေးနွေးမှုဟာ ပွင့်လင်းပြီး အပြုသဘော ဆောင်ကြောင်းပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့ ပြည်တွင်း လိုအပ်ချက် အရ အမေရိကန် လယ်ယာထွက်ကုန်တွေ တိုးမြှင့် ဝယ်ယူရေးကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ရှန်ဟိုင်းက ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဝန်ကြီး Wang Yi က အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး အရာရှိတွေကြား ဒီဆွေးနွေးမှုတွေဟာ အပြုသဘော ဆောင်တယ်လို့ ၂ ဖက်စလုံးက ပြောကြားခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
အခု ဝန်ကြီး Pompeo နဲ့ တွေ့ဆုံတဲ့အခါ အားလုံးအတွက် အကျိုးရှိစေမယ့် သဘောတူညီချက် တရပ် ရနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi က ပြောပါတယ်။
"၂ ဖက်စလုံးအနေနဲ့ သာတူညီမျှမှုရော ၂ ဖက် အကျိုးစီးပွါးအတွက်ပါ ထည့်သွင်းစဉ်းစားဖို့ပါ ရည်ရွယ်ထားကြတဲ့အတွက် အမေရိကန်နဲ့ တရုတ် ၂နိုင်ငံအတွက်သာမက တခြားနိုင်ငံတွေ အတွက်ပါ အကျိုးရှိမယ့် သဘောတူညီချက် တခုရနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”
ဝန်ကြီး Pompeo ဟာ ဘန်ကောက်မှာ ကျင်းပနေတဲ့ အာဆီယံအဖွဲ့ရဲ့ ဒေသတွင်းဆွေးနွေးပွဲတွေမှာ တောင်တရုတ်ပင်လယ် အရေးကို ဆွေးနွေးဖို့ရှိသလို ဘေးထွက်အစည်းအဝေးအဖြစ် မြောက်ကိုရီးယား အရာရှိတွေနဲ့ အလုပ်သဘောဆွေးနွေးပွဲလည်း ကျင်းပဖို့ ရှိပါတယ်။ မြောက်ကိုရီးယားက လတ်တလော ဒုံးကျည်စမ်းသပ်မှုတွေ လုပ်ခဲ့ပေမယ့် အမေရိကန်ကတော့ သူ့ရဲ့ လက်ရှိ မြောက်ကိုရီးယားဆိုင်ရာ သံတမန်ရေး ကြိုးပမ်းမှုကို ပြောင်းလဲပစ်မှာ မဟုတ်ဖူးလို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
အမေရိကန် ဦးဆောင်တဲ့ ကုလသမဂ္ဂအဖွဲ့ကလည်း မြောက်ကိုရီးယားမှာ နျူကလီယားလုံးဝဖျက်သိမ်းပြီး ငြိမ်းချမ်းမှုရရှိရေးကို ရှေ့ရှုပြီး သံတမန်ရေး လုပ်ဆောင်မှုတွေအပြင် မြောက်ကိုရီးယားနဲ့ဆွေးနွေးတဲ့ အဆင့် ရောက်လာရေး အတွက် ယုံကြည်မှု တည်ဆောက်ဖို့ လုပ်ဆောင်နေတာတွေကို ဆက်လက် ထောက်ခံနေမှာ ဖြစ်ကြောင်း မကြာသေး ခင်ကပဲ ပြောခဲ့ပါတယ်။