သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယား သွားရောက်မည်


မြောက်ကိုရီးယား အနေနဲ့ သူ့ရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေကို တိုးမြှင့်လုပ်ဆောင်နေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း မြောက်ကိုရီးယားရဲ့ နျူးကလီးယား အစီအစဉ်တွေ အဆုံးသတ်ရေး ဆွေးနွေးမှုတွေက အဆင်ပြေ ချောမွေ့ကြောင်း အမေရိကန် သမ္မတ Donald Trump က ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒီလိုသာ မဟုတ်ရင်တော့ မြောက်ကိုရီးယားနဲ့ အခုအချိန်မှာ စစ်ဖြစ်နေပြီလို့ အမေရိကန် သမ္မတ Trump က တွစ်တာမှာ ရေးသားခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က တတိယအကြိမ်မြောက် မြောက်ကိုရီးယား ခရီစဉ်ကို ဒီသီတင်းပတ်ထဲ သွားရောက်ဖို့ ရှိနေချိန်မှာဘဲ သမ္မတက အခုလို ပြောဆိုလိုက်တာပါ။ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA အကြီးအကဲ အဖြစ် ဒီနှစ် အစောပိုင်းမှာ မြောက်ကိုရီးယားကို သွားရောက်ခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီး Pompeo က လာမယ့် ကြာသပတေးနေ့ကနေ စနေနေ့ အထိ မြောက်ကိုရီးယားကို သွားရောက်ဖို့ စီစဉ်ထားတာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ကိုရီးယား နှစ်နိုင်ငံကြားက စစ်မဲ့ဇုံမှာ ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Sung Kim နဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေကြား ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ် ထွက်ပေါ်လာတာပါ။

အမေရိကန် သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ရဲ့ စကာၤပူက ထိပ်သီး ဆွေးနွေးပွဲ နောက်ပိုင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေကြား ပထမဆုံး အကြိမ် တွေ့ဆုံမှုဖြစ်တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က တွေ့ဆုံဆွေးနွေးမှုတွေက အဆင်ပြေကြောင်း၊ တိုးတက်မှုတွေကို ဆက်ပြီး ဖော်ဆောင်နေကြောင်း ဗွီအိုအေကို ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မြောက်ကိုရီးယားတို့က သူ့ရဲ့ နျူးကလီးယားနဲ့ တာဝေးပစ် ဒုံးကျည် အစီအစဉ်တွေကို တိုးတက်အောင် ဆက်ပြီး လုပ်နေတယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေ၊ ဂြိုလ်တုက ရိုက်ယူထားတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ကိုတော့ အိမ်ဖြူတော် ပြောခွင့်ရက ငြင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG