သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လက်နက်ဖျက်သိမ်းရေး တနှစ်အတွင်းဖြစ်နိုင်မယ်လို့ John Bolton ပြော


 John Bolton
John Bolton

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် John Bolton က မြောက်ကိုရီးယားရဲ့ နျူကလီးယား၊ ဓာတုနဲ့ ဇီဝလက်နက် အများစုကို တနှစ်အတွင်း ဖျက်သိမ်းနိုင်မယ်လို့ သူယုံကြည်တဲ့အကြောင်း တနင်္ဂနွေနေ့ကပြောပါတယ်။

မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ လက်နက်ထုတ်လုပ်ရေး အစီအစဉ်ကို အဆုံးသတ်ဖို့ “မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်” ချထားပြီးတော့ “သူတို့ ပူးပေါင်းဆောင်ရွက်တယ်ဆိုရင် သိပ်ကိုမြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မှာဖြစ်တယ်” လို့ CBS ရုပ်သံ သတင်းဌာနကို Bolton ကပြောပါတယ်။ အဲဒီလိုသာဆိုရင် “သူတို့ရဲ့ အစီအစဉ်အများအပြားကို တနှစ်အတွင်းမှာ ကျနော်တို့ ဖျက်သိမ်းနိုင်မှာပါ” လို့ Bolton ကဆိုပါတယ်။

ဒါပေမဲ့လည်း “ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းရှင်းရေးကို ဦးတည်လုပ်ဆောင်ဖို့” ပြီးခဲ့တဲ့ စင်္ကာပူထိပ်သီးအစည်း အဝေးအတွင်း မြောက်ကိုရီယားခေါင်းဆောင် Kim Jong Un နဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့ သဘောတူထားပြီးတဲ့နောက် မှာတောင်မှ မြောက်ကိုရီးယားက သူတို့ရဲ့နျူကလီးယားအစီအစဉ်ကို ပုံဖျက် ဖုံးကွယ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ဝါရှင်တန်ပို့စ် သတင်းစာရဲ့ ရေးသားချက်အပေါ် မှတ်ချက်ပေးဖို့ Bolton က ငြင်းပါတယ်။

Kim အနေနဲ့ သူ့နိုင်ငံမှာ နျူကလီးယားကင်းရှင်းရေး လုပ်ဆောင်မယ်လို့ Bolton က အကောင်းမြင် ပြောဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Sung Kim ဟာ တနင်္ဂနွေနေ့က မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ ကိုရီးယားနှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုံအတွင်း ပန်မွန်ဂျူံကျေးရွာမှာ တွေ့ဆုံတယ်လို့ တောင်ကိုရီးယားသတင်း တွေမှာ တနင်္ဂနွေနေ့က ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo မကြာခင်ကာလအတွင်းသွားမယ့် မြောက်ကိုရီးယားခရီးစဉ်မှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို သတ်မှတ်ဖို့ ဦးတည်ချက်ထားပြီး သံအမတ်ကြီး Sung Kim နဲ့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Choe Son Hui တို့ တွေ့ဆုံဆွေးနွေးကြတာလို့ ယူဆရတဲ့အကြောင်း Yonhap သတင်းဌာနနဲ့ MBC ရုပ်သံသတင်းဌာန တို့ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG