သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်တိုက်ပွဲ နောက်ဆုံးအခြေအနေ 


အာရက္ခတပ်တော် AA က သိမ်းပိုက်ရရှိကြောင်းကြေညာထားတဲ့ ဒေသများ။ (ဇူလိုင် ၇၊ ၂၀၂၄/AA Info Desk)
အာရက္ခတပ်တော် AA က သိမ်းပိုက်ရရှိကြောင်းကြေညာထားတဲ့ ဒေသများ။ (ဇူလိုင် ၇၊ ၂၀၂၄/AA Info Desk)

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ တခုတည်းကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ နခခ (၅) တပ်စခန်းကိုအပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေတယ်လို့ AAဘက်က ဒီရက်ပိုင်းထုတ်ပြန်ခ့ပါတယ်။ လက်ရှိမှာတော့ မောင်တောမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ်လုပ်နေတာကြောင့် အနီးအနားက ကျေးရွာတချို့ မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အမ်းနဲ့ ဂွမြို့နယ်တွေမှာလည်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်း ထန်နေတာပါ။ ရခိုင်တိုက်ပွဲနောက်ဆုံးရ အခြေအနေတွေရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာ လနဲ့ချီနေပါပြီ။ မောင်တောမြို့နယ်မှာ စစ်ကောင်စီရဲ့ နခခ (၅) တပ်ရင်းတခုသာ ကျန်ရှိနေတာဖြစ်ပြီးအပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်အရှိန်မြင့် တိုက်ခိုက်နေတယ်လို့စက်တင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

လက်ရှိမှာတော့ မောင်တောမြို့မှာ နှစ်ဘက်တိုက်ပွဲတွေ အကြီးအကျယ်ပြင်းထန်နေသလို စစ်ကောင်စီဘက်ကလည်းလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ စစ်ရေးစောင့်ကြည့်နေသူ ရခိုင်ဒေသခံတဦးကပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၇ ရက်နေ့ AA က ထုတ်ပြန်ချက်ထုတ်ပြီးနောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေက တော်တော်လေးပြင်းတယ်ခင်ဗျာ၊ Y12လေယာဉ်တွေနဲ့ရော ဂျက်တိုက်လေယာဉ်တွေနဲ့ပါ အကုန်လုံးမြင်နေရတယ်၊ ဗုံးအရေအတွက်ကလည်း ဘယ်လောက်ဆိုတာတောင် ခန့်မှန်းရခက်တယ်။ အဲလောက် အခြေအနေဖြစ်တယ်။ နောက်ပြီးတော့ အဲဒီမှာ စစ်ကောင်စီဘက်က လက်နက်တွေ ဘာတွေလည်း ဖြစ်နိုင် တယ်ပေါ့၊ လေထီးနဲ့ အထုပ်တွေ ဘာတွေ ကြဲချတာရှိတယ်။နောက်ပြီးတော့ အဲဒီမှာ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မောင်တောမြို့ အနီးအနားက ရပ်ကွက်တွေဖြစ်တဲ့ ဝိမလတို့ဘာတို့ အဲဘက်မှာ မီးလောင်နေတာလည်း မြင်ရတယ်။ ပျက်စီးဆုံးရှုံးမှု ဘယ်လောက်ရှိ တယ်ဆိုတာတော့ မသိရဘူး။တိုက်ပွဲကတော့ တကယ်ကို ပြင်းထန်နေပါတယ်။”

တဆက်တည်းမှာပဲ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်မှာလည်း နှစ်ဘက်တိုက်ပွဲတွေ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျနော်သိသလောက်ဆိုရင် တောင်ကုတ်မှာလည်း တိုက်ပွဲဖြစ်တာရှိတယ်။ ၂၉ ရက်နေ့က တောင်ကုတ်နားမှာရှိတဲ့ တက္ကသိုလ်နောက်မှာရှိတဲ့ စစ်ကောင်စီစခန်းတခုကို AA ဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာ ထိတွေ့တိုက်ပွဲအနည်းငယ်ဖြစ်ခဲ့တာရှိတယ်။ နောက်ပြီးတော့ အမ်းဘက်မှာလည်း ရှိတယ်ခင်ဗျာ။ AA က မဲတောင်ကို တိုက်နေတာရှိသလို အမ်းဌာနချုပ် အမ်းမြို့ပေါ် အဲမှာ တပ်ရင်းတွေကိုလည်း ပစ်ခတ် တာတွေရှိတယ်။ အဲမှာ နှစ်ဘက် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်းရှိတယ်။ မြေပြင်အခြေအနေက ရှုပ်ထွေးနေတော့ ဒီ ထိခိုက်မှုအခြေအနေ မသိရဘူး။ တိုက်ပွဲကတော့ ဖြစ်နေတယ်။”

ဒါ့ပြင် ရခိုင်တောင်ပိုင်းက ဂွမြို့နယ်အတွင်းမှာလည်း နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ရှိနေသလို တောင်ကုတ်မြို့နယ်မှာလည်း နှစ်ဘက်စစ်ရေး တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမှာလည်း စစ်ကောင်စီရေတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာတွေရှိသလို အနီးအနားကကျေးရွာတွေကို လေကြောင်းကနေ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်လို့ မြို့ခံတဦးကပြောပါတယ်။

“နှစ်ဘက်တိုက်ပွဲကတော့ မရှိဘူး။ စစ်တွေနဲ့ ပုဏ္ဏားကျွန်းကြား အစွန်အဖျားတွေမှာတော့ ရှိတယ်။ ဟိုတလောက ရဲရိုးပြင်ကနေပြီးတော့ ရွှေမင်းဂံမှာ ရှိတဲ့ Navyကို AA ဘက်က လက်နက်ကြီးနဲ့ထုလို့ ဒဏ်ရာရတယ်လို့လည်း ကြားလိုက်တယ်။ ထိတွေ့တိုက်ပွဲတော့ မရှိဘူး။ ဒီအတိုင်း ရမ်းပြီးတော့ ထုနေတာ။ ရွေမင်းဂံရေတပ်ကနေ ပေါက်တော၊ ပုဏ္ဏားကျွန်းဘက်တွေကို လှမ်းထုနေတာ အဲလိုမျိုးတွေရှိတယ်။”

အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား ရခိုင်ပြည်နယ်မှာတကြော့ပြန်တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်နေတာ အခုဆိုရင် ၁ဝ လ ကျော်ရှိနေပြီဖြစ်သလို ရခိုင်ပြည်နယ်က မြို့နယ် ၁ဝ ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AA ဘက်က သိမ်းပိုက် ထိန်းချုပ်ထားနိုင် တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ AA ထိန်းချုပ်မြို့နယ်တွေနဲ့ တခြားမြို့နယ်တွေကို လေကြောင်းကနေ လာရောက်ဗုံးကြဲတာတွေ ဒီလအတွင်းမှာ တိုးမြှင့်လုပ်ဆောင်နေတာပါ။ ဒီရက်ပိုင်းအတွင်းမှာပဲ တောင်ကုတ်၊ သံတွဲ၊ ဂွနဲ့ မြို့နယ်တွေကိုလေကြောင်းပစ်ခတ်ခဲ့တာကြောင့် အရပ်သား ဒါဇင်နဲ့ချီသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

Forum

XS
SM
MD
LG