သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နယ်မြေရှင်းလင်းရေးအတွင်း ရွှေဘို သပြေသာကျေးရွာထဲ ၄ ဦး မီးရှို့အသတ်ခံရ


ရွှေဘိုနယ်ထဲက ထူးကြီးရွာ နေအိမ် ၂၀၀ ကျော်နဲ့ ယက်ကန်းစင်များမီးရှို့ဖျက်ဆီးခံရတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ
( ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃)
ရွှေဘိုနယ်ထဲက ထူးကြီးရွာ နေအိမ် ၂၀၀ ကျော်နဲ့ ယက်ကန်းစင်များမီးရှို့ဖျက်ဆီးခံရတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ ( ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေရဲ့ နယ်မြေရှင်းလင်းရေးအတွင်း စစ်ကြောင်းထွက်သွားချိန် သပြေသာကျေးရွာထဲမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အလောင်း ၄ လောင်းကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ စစ်ကြောင်းဖြတ်သန်းရာ ရွှေဘိုနယ် သပြေသာ ကျေးရွာ၊ မြရွာအပါအဝင် နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို အခြေခံပြီး မအိသန့်စင်က တင်ပြပေးထားပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ ရွှေဘိုနယ် သပြေသာ ကျေးရွာ၊ မြရွာက နေအိမ် ၃၀ ကျော်နဲ့ မြရွာက နေအိမ်တအိမ်ကို မီးရှို့ခံခဲ့ရတယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်တွေ သပြေသာကျေးရွာက ပြန်ထွက်သွားချိန် ကျေးရွာထဲမှာ မီးရှို့သတ်ခံထားရတဲ့ အလောင်း ၄ လောင်းကို တွေ့ရတာဖြစ်ပြီး ဘယ်သူဘယ်ဝါမှန်း မသိသလို ဘယ်ရွာသားတွေလဲ ဆိုတာလည်းမသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ သပြေသာကျေးရွာကိုမဝင်ခင် စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်တွေက ဖမ်းဆီးခေါ်ဆောင်လာခဲ့သူတွေဖြစ်တယ်လို့ ပြောကြပါတယ်။

“သပြေသာက အိမ်ခြေ ၃၀ ကျော် မီးထဲပါသွားတယ်။ ပြည်သူကို ဖမ်းခေါ်လာပြီးတော့ မီးရှို့သတ်သွားတယ်။ ၄ ဦးသေတယ်။ စစ်ကြောင်းနဲ့ ပါလာတဲ့ဟာ ပြည်သူ ၄ ဦးလို့ပဲ သိတယ်၊ ဘယ်ရွာသားတွေလို့တော့ ကျနော်တို့ မသိဘူးဗျ။”

ဒီဇင်ဘာ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက သပြေသာ ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးနဲ့ ၈ ချက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ ရွှေဘိုမြို့အခြေစိုက် ခလရ (၄၂) တပ်ရင်းထဲကို ပြန်ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထိုးလာချိန်မှာ သပြေသာ၊ မြ၊ ထနောင်းကွင်းကျေးရွာက ဒေသခံတွေ စစ်ဘေးရှောင်ကြ ရတယ်လို့ ဆိုပါတယ်။ ဒီ သုံးရွာအပြင် အနီးကတခြားကျေးရွာတွေက ပျူစောထီးကျေးရွာတွေ ဖြစ်တာကြောင့် စစ်ဘေးမရှောင်ကြရတာပါ။

ဒီ ၃ ရွာက စစ်ဘေးရှောင်တချို့ဟာ စစ်ကြောင်း ပြန်ထွက်သွားချိန်မှာ ကျေးရွာကို ပြန်ဝင်ကြသူတွေ ရှိပေမယ့် အများစုကတော့ အနီးဝန်းကျင်က ပျူစောထီးကျေးရွာတွေရဲ့ ရန်ကို စိုးရိမ်တာကြောင့် ရွာထဲပြန်မနေကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ခုတော့ ပြန်ဝင်ပြီ၊ စောစောတုန်းက စစ်ကြောင်းတုန်းကတော့ ထွက်ပြေးနေကြရတာ။ မနေ့က ပြန်ဝင်တာ။ အကုန်လုံးကတော့ မဝင်ဘူးပေါ့ဗျာ၊ နေရဲတဲ့သူကတော့ နေပေါ့၊ မနေရဲတဲ့သူတော့ ပြန်ထွက်ပေါ့။ ထနောင်းကွင်းရှောင်တယ်၊ မြ၊ သပြေသာရှောင်တယ်၊ ကျန်တာတွေကတော့ ပျူရွာတွေကော အဲ့ဖက်မှာက။”

ဒီကနေ့မှာ ကျေးရွာတွေဖက်ကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးနေတာ မရှိပေမယ့် ရွှေဘို မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ လုံခြုံရေး ကင်းလှည့်နေတယ်လို့ ပြောပါတယ်။

“ဒီနေ့ လေ့ကျင့်ရေး ၈ က ကား၂ စီးထွက်တယ်။ အင်အား အပြည့်နဲ့ မြို့ထဲမှာ ရန်မျိုးအောင် ရပ်ကွက်ထဲမှာပဲ။”

သပြေသာ ကျေးရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ရွှေဘိုမြို့ အနောက်ဖက် တမိုင်လောက်ပဲ ဝေးတဲ့ ရွာဖြစ်ပါတယ်။ အနီးဝန်းကျင်မှာ ပျူစောထီးအဖွဲ့တွေရှိတဲ့ ကျေးရွာတွေနဲ့ နီးကပ်နေတာကြောင့် စစ်အာသိမ်းပြီးနောက်ပိုင်းအတွင်း ကျေးရွာကို ဝင်ရောက်မီးရှို့တာ ၃ ကြိမ်ခန့် ရှိပြီလို့ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ရမ်းသမ်း ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စစ်ကိုင်းတိုင်း ဒေသအတော်များများက ဒေသခံတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ကောင်စီဖက်ကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေ ရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG