သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆက်လက်ကျဆင်းနေဦးမယ့် မြန်မာ့စီးပါွးရေး အလားအလာ


A protester (centre L) throws a projectile towards security forces as others shelter behind a barricade during a crackdown on protests against the military coup in Yangon on March 17, 2021. (Photo by STR / AFP)
A protester (centre L) throws a projectile towards security forces as others shelter behind a barricade during a crackdown on protests against the military coup in Yangon on March 17, 2021. (Photo by STR / AFP)

ဆက်လက်ကျဆင်းနေဦးမယ့် မြန်မာ့စီးပါွးရေး အလားအလာ

{{Zawgyi/Unicode}}

မြန်မာပြည်တွင်းမှာ ပဋိပက္ခတွေနဲ့ ကပ်ဘေးကြောင့် စီးပွားရေးလုပ်ငန်းတွေအပေါ်သက်ရောက်မှုကြီးပြီး ဒီနှစ်အတွင်း စီးပွားတိုးတက်မှုဟာ ဆိုးဆိုးဝါးဝါးအားနည်းနေမယ်လို့ ကမ္ဘာဘဏ်ကသုံးသပ်ပါတယ်။ မြန်မာလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေကတော့ နိုင်ငံရေးမတည်ငြိမ်သရွှေ့ ဒီနှစ်ထဲ ခက်ခက်ခဲခဲ အခြေအနေဖြတ်သန်းရဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ရန်ကုန်ကရေးသားပေးပို့တဲ့သတင်းကို ကိုရဲမွန် က ပြောပြမှာပါ။

၂၀၂၁ ဖေဖော်ဝါရီလကစပြီး ပေါ်ပေါက်ခဲ့တဲ့ အာဏာသိမ်းမှုနဲ့ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုတွေကြောင့် စီးပွားရေးထိခိုက်မှုတွေကို မြန်မာပြည်သူတွေ ပြင်းထန်စွာ ထိခိုက်ခံစားနေရဆဲဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က အခု ဇန်နဝါရီလ ၂၆ရက်မှာ ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံက ပြည်သူအများစုအတွက် လက်ရှိအခြေအနေနဲ့ ရှေ့လာမယ့်ကာလအတွက် ခန့်မှန်းချက်တွေက ဆက်ပြီးစိုးရိမ်စရာ ရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးက ဒီနေ့ ဇန်နဝါရီလ ၂၆ရက် သူတို့ရဲ့ အစီရင်ခံစာမှာ ထည့်သွင်း ပြောဆိုထားတာပါ။

ကမ္ဘာ့ဘဏ်ကတော့ လက်တလော မြန်မာနိုင်ငံမှာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ လုပ်ငန်းတွေလည်ပတ်ဖို့ အတားအဆီး ဖြစ်နေတာတွေ၊ ငွေသားစီးဆင်းမှု အကျပ်အတည်း၊ ဘဏ်ဝန်ဆောင်မှုနဲ့ အင်တာနက်အသုံးပြုမှု စတဲ့အခက်အခဲတွေကို ထောက်ပြပြီး အခုနှစ်စီးပွားရေး အခြေအနေကို ခန့်မှန်းလိုက်တာပါ။

စီးပွားရေးနဲ့ ဘက်ဂျက်ပညာရှင် ဦးဇော်ဖေဝင်းကလည်း ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းထားချက်အတိုင်းပဲ အခုနှစ်အခြေအနေကို တွက်ဆထားမိကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ ၂၀၂၂ ကလည်းအခြေအနေက ဆိုးဖို့ပဲရှိပါတယ်၊ ကောင်းဖို့မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးအရ ပြောလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုတွေက အားရလောက်အောင်မရှိဘူး။ မရှိတာလည်း သဘာဝကျတယ်လေ ဗမာပြည်မှာ အခုဖြစ်နေတဲ့အခြေအနေက ပြည်တွင်းစစ်လို့ပဲ ပြောလို့ရတယ်ပေါ့၊ လုံခြုံရေး အကုန်ပျက်နေတဲ့အခါကျတော့ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေလည်းပဲ တော်တော်များများ ရပ်ဆိုင်းနေသလိုပဲ နိုင်ငံခြားကလာပြီး ရင်းနှီးမြှုပ်နှံဖို့ဆိုတာကလည်း အစစ၊ အရာရာ စိတ်ချလို့မရဘူး ဖြစ်နေတာကိုး။ ကျန်တဲ့လူမှုရေး၊ နိုင်ငံရေး အခြေအနေကလည်း အရင်ကထက်ပိုပြီးတော့ ဆိုးသွားဖို့ပဲရှိတယ် ကောင်းလာစရာမရှိဘူးလို့ပဲ တွက်ထားပါတယ်။”

ပြည်တွင်းမှာလူတိုင်းကို ကာကွယ်ဆေး ထိုးနှံနိုင်ခြင်းမရှိသေးတာကြောင့် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိဖို့ နည်းပါးလိမ့်မယ်လို့လည်း ကမ္ဘာ့ဘဏ်က ထောက်ပြထားပါတယ်။ လက်လီကုန်သွယ်မှုတွေ၊ အပန်းဖြေမှုနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကရတဲ့ ဝင်ငွေတွေက ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားခင်ကာလအောက်ကို ၃၀ရာခိုင်နှုန်း ဆက်ပြီးကျဆင်းလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ရေးသားထားတာပါ။

ပြည်တွင်းခရီးသွားလုပ်ငန်းရှင်တွေကတော့ ဒီစိန်ခေါ်ချက်တွေအတွက် ကြိုပြီးပြင်ဆင်ထားတယ်လို့ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းရဲ့နာယကဖြစ်သလို၊ ခရီးသွားလုပ်ငန်းရှင် တဦးလည်းဖြစ်တဲ့ ဦးသက်လွင်တိုးက ဗွီအိုအေကို ပြောပါတယ်။

“ ၂၀၂၂ကတော့ ၂၀၂၁ထက် ပိုအခြေအနေ ဆိုးဖွယ်ရာရှိတယ်။ ခရီးသွားလုပ်ငန်းအတွက်သာ မကဘဲနဲ့တခြား ဆက်စပ်တဲ့လုပ်ငန်းတွေမှာလည်း အထူးသဖြင့် manufacturingတွေရော tradingတွေရော ဆိုးဖွယ်ရာရှိတယ်။ ဒါ အိုမီခရွန်ရဲ့ ဗမာပြည်ကိုရောက်ပေမဲ့ သိပ်ပြီးတော့ပြန့်ပွားမှု မရှိသေးဘူးပေါ့နော်။ ကမ္ဘာအရပ်ရပ်မှာတော့ ဖြစ်နေပြီပေါ့။ အဲဒီတော့ တကယ်လို့များ March- April လောက်မှာများ အချိန်မီ မထိန်းနိုင်ရင်တော့ 4thWave လိုဟာမျိုးကြီးဖြစ်ရင် လူတွေရဲ့ ကျန်းမာရေးတွေ… စည်းကမ်း ကန့်သတ်ချက်တွေကလည်း သိပ်ပြီး ကွန်ထရိုးမလုပ်နိုင်ကြဘူး ပေါ့နော်။ ဆေးထိုးပြီးပြီဆိုတော့လည်း ပေါ့တယ်ဆိုတော့၊ ဒါကိုကျနော်က စိုးရိမ်တာပေါ့။ ဖြစ်ရင် tourism ( ခရီးသွားလုပ်ငန်း) တင်မကဘူး တခြားလုပ်ငန်းတွေပါ အကုန်လုံးကmultiply effect တွေ ဖြစ်လာနိုင်တယ်လို့ ဒါကိုတချက် စိုးရိမ်နေခြင်း ဖြစ်တယ်ပေါ့။”

ခရီးသွားလုပ်ငန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးအပြင်၊ နိုင်ငံရေးတည်ငြိမ်မှု ဒါတွေအပေါ်အဓိကကျတဲ့အတွက် အဘက်ဘက်က တည်ငြိမ်မှု အခြေအနေတွေအပေါ် အများကြီးမူတယ်လို့ သူကပြောပါတယ်။

“ ကျနော်တို့ပြည်တွင်း ခရီးသွားတွေတောင်မှ ခရီးသွားတာ တော်တော်သတိထားနေရတာလေ။ အခုအချိန်မှာ ကျနော်တို့က တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ နောက် ဒေသခံအချင်းချင်းမှာလည်း အားပြိုင်မှုတွေ၊ မငြိမ်မသက်မှုတွေ ရှိနေသရွှေ့ ခရီးသွားလုပ်ငန်းက နိုင်ငံခြားသားတွေ လာဖို့က မလွယ်သေးပါဘူး။ ပြည်ပခရီးသွားဖို့ကလည်း ဗီဇာတွေယူရဦးမယ်၊ နောက်တခါ မြန်မာနိုင်ငံရဲ့ image(ပုံရိပ်က) ပြီးခဲ့တဲ့ကာလထက်မတူတော့ဘူးပေါ့ဗျာ။ မြန်မာလူမျိုးတွေရဲ့ image ရော၊ အများကြီး ကန့်သတ်ချက်တွေ ရှိလာမယ်၊ အဲဒီအခါမှာ ကျနော်တို့ ဗီဇာတွေရဖို့ မလွယ်ပါဘူး။ ၂၀၂၃ နောက်ပိုင်းကတော့ နိုင်ငံရေးတည်ငြိမ်လာမယ်၊ ပြောင်းလဲလာမယ်ဆိုရင်တော့ image ပြန်တက်လာရင်တော့ ကျနော်တို့အတွက် ကောင်းမယ်လို့ယုံကြည်ပါတယ်။”

ကမ္ဘာ့ဘဏ်ရဲ့၂၀၂၁၊ အောက်တိုဘာလက နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စီးပွားရေးစစ်တမ်းအရဆိုရင် မြန်မာပြည်တွင်းက ကုမ္ပဏီအားလုံးရဲ့ ထက်ဝက်လောက်က သွင်းအားစုနဲ့ ကုန်ကြမ်းပြတ်တောက်တာ၊ ကုန်စည်စီးဆင်းဖို့ ခက်ခဲတာ၊ ငွေလဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ ထုတ်လုပ်မှုစရိတ်ကြီးနေတာတွေနဲ့ ကြုံတွေ့နေရတာပါ။

ဝယ်လိုအားနဲ့ ထုတ်ကုန်လျော့ကျတာ၊ ပညာရေးပြတ်တောက်သွားတာ၊ အလုပ်လက်မဲ့နှုန်းနဲ့ နေရပ်စွန့်ခွာမှုများလာတာ စတဲ့အဘက်ဘက်က ဖိအားတွေ ဆက်ပြီးရှိနေတာက စားနပ်ရိက္ခာဖူလုံးရေးအတွက်လည်း ကြီးကြီးမားမားသက်ရောက်မှု ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးလိုက်တာပါ။ အထူးသဖြင့် စုဆောင်းငွေတွေထုတ်သုံးနေရတဲ့ အောက်ခြေဆင်းရဲသားတွေအပေါ်မှာ ဒီလိုဖိအားတွေက ပိုပြီးရိုက်ခတ်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဒီနေ့အစီရင်ခံစာက ရေးသားဖော်ပြထားပါတယ်။

.........................................................

တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}













XS
SM
MD
LG