သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ NLD ဝန်ကြီးတချို့ ပြန်လွတ်မြောက်


ရန်ကုန်မြို့ရှိ NLD ပါတီ ဌာနချုပ်။ ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)
ရန်ကုန်မြို့ရှိ NLD ပါတီ ဌာနချုပ်။ ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ထိန်းသိမ်းထားတဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ဆက်လက် ထိန်းသိမ်းခံထားရသူ တချို့လည်း ရှိနေဆဲဖြစ်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံအဝန်းက အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေကို ပြန်လွှတ်ပေးနေတာ ဖြစ်ပါတယ်။ ပြန်လွတ်လာသူတွေထဲက တဦးဖြစ်တဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကတော့ နေအိမ်မှာ အကျယ်ချုပ် နေထိုင်ဖို့နဲ့ ၃ ရက်အတွင်း ဝန်ကြီးချုပ် အဆောင်အယောင်တွေအပ်ဖို့ ညွှန်ကြားထားတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

"၁၁ နာရီကနေ ပြန်လွှတ်ပေးတယ်။ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ ထားတာပါ။ လျှပ်စစ်လမ်းပန်းဝန်ကြီး ပြန်ရောက်ပြီ၊ ချင်းဝန်ကြီးပြန်ရောက်ပြီ၊ စိုက်မွေးဝန်ကြီးပြန်ရောက်ပြီလို့ သိရတယ်။ ဘာမှ မပြောဆို၊ ဘာမှ မမေးမစမ်း ... လွှတ်တော့လည်းပဲ အိမ်ကနေ ဘယ်မှမသွားပါနဲ့ ပြောတယ်။ မသွားပါဘူးပြောထားတယ်။ ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အတိုင်းပဲ ဆက်လုပ်မှာပါပဲ။ ပါတီရဲ့ လမ်းညွှန်ချက်အတိုင်း ဆက်လုပ်မှာပါပဲ။ ဖယ်ပေးရမယ်လို့ပြောတယ်။ ၃ ရက်အတွင်း ဖယ်ပေးရမယ်လို့ ပြောတယ်။ ပစ္စည်းတွေအကုန်သိမ်းနေပါတယ်။ ကျနော့်ရုံးခန်းလည်း ချိတ်ပိတ်လိုက်ပြီဆိုတော့လေ။ ဝန်ကြီးချုပ်ရုံးက ချိတ်ပိတ်လိုက်ပြီ၊ ဘာညာ၊ အကုန်ပိတ်လိုက်ပြီဆိုတော့ ဒါက ကိုယ်က အကုန်လုံး ပြင်ဆင်ထားရမှာပဲလေ။ ဟိုနေ့က မနက် ၄ နာရီလောက်ကတည်းက သူတို့ အိမ်ကို ဝိုင်းလိုက်တာနေမှာပေါ့။ လာခေါ်တော့ စစ်တပ်က လာခေါ်တယ်။ ကျနော့်ရှေ့က ကျနော့် လုံခြုံရေးရဲတွေ မရှိတော့ဘူး။ ခုပြန်ပို့တော့ ကျနော့်ရှေ့က ရဲတွေကို တနေရာပြောင်းလိုက်ပြီးတော့ လုံခြုံရေး ရဲအသစ်တွေ၊ စစ်တပ်ကတော့ ဝိုင်းအပြင်ဘက်က ရှိတယ်ထင်ပါတယ်။ စစ်အာဏာရှင် တယောက်တော့ တွေ့လိုက်တယ်။ ဒါ free and fair election ပဲ သူတို့ ပြောတဲ့ ပြောဆိုချက်တွေကို ကျနော့်အနေနဲ့ကတော့ ကျနော်တို့ဘက်မှာ ဘာတခုမှမကြားဘူး။ ၁၈ နှစ်ပြည့်တာတောင် မဲမပေးရလို့ ငိုတဲ့သူနဲ့၊ ဘာနဲ့ ဒါပဲသိခဲ့တာ။ ဝန်ကြီးချုပ်တယောက်အနေနဲ့ ပြည်သူကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက်လုပ်မယ်လို့ ပြောပေးပါ။"

တိုင်းနဲ့ပြည်နယ်က ဝန်ကြီးချုပ်တွေ အပါအဝင် အစိုးရအဖွဲ့ဝင် တော်တော်များများ ပြန်လွတ်လာနေပေမဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ အစိုးရ အဖွဲ့ဝင်ေတြေတာ့ မပါသေးပါဘူး။ ဖမ်းသွားထဲက ဘာသတင်းမှမကြားရသလို ဘယ်လိုအခြေအနေတွေရှိနေလဲ မေးပေမဲ့ ဖြေမယ့်သူမရှိဘဲ မိသားစုဝင်တွေက လက်ရှိမှာနေအိမ်မှာ အကျယ်ချုပ်နဲ့ စောင့်ကြည့်ထားခံ နေရဆဲရှိတယ်လို့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းဇနီး ဒေါ်ခင်စန္ဒာဝင်းက ဗွီအိုအေကိုပြောပါတယ်။

"ခုချိန်ထိ ကျမဘာမှ မသိရသေးပါဘူး။ အကြောင်းကြားခြင်းလည်း မရှိသေးပါဘူးရှင့်။ ဘယ်မှာရှိတယ်ဆိုတာလည်း မသိသေးပါဘူးရှင့်။ လောလောဆယ်တော့ ကျမတို့က အပြင်ထွက်လို့ မရပါဘူး။ ဒီမှာတော့ ရှိတဲ့ဟာလေးနဲ့ စားနေကြတယ်။ အပြင်မှာလည်း စစ်သားတွေ စောင့်နေကြတယ်။ ခြံထဲမှာလည်း စောင့်နေကြတယ်။ နိုင်ငံရေးသမားကြီးတော့ မဟုတ်ပေမဲ့ နိုင်ငံရေးစိတ်ဝင်စားတဲ့ သူတယောက်ပေါ့နော်။ အခုပေါ့နော်... ပြည်သူတွေမှာ အရမ်းအထိနာနေတဲ့အချိန်၊ ကိုဗစ်ရောဂါဖြစ်နေအချိန်၊ စီးပွားရေးကလည်း မကောင်းတဲ့အချိန်ပေါ့နော်၊ အလုပ်အကိုင်တွေကလည်း အဆင်မပြေဖြစ်နေတဲ့အချိန်မှာပေါ့... ဒီလိုစစ်အာဏာကြီးကို အသုံးချလိုက်တယ်။ ဒီလိုမျိုးလုပ်လိုက်တယ်ဆိုတာကတော့ အရမ်းကြီးကို စစ်တပ်ကို အရမ်းရှုံချတယ်၊ မတရားဘူးလို့လည်း ထင်တယ်လေ။"

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ တချိန်တည်းမှာပဲ နေပြည်တော်မှာ ကျင်းပမယ့် လွှတ်တော်သစ်ကို တက်ရောက်ဖို့ ရောက်နေတဲ့ ကိုယ်စားလှယ်တွေ နေထိုင်ရာနေရာကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေ ဝိုင်းထားပြီး အသွားအလာ ကန်သတ်ထားခဲ့တာပါ။ ဒါပေမဲ့လည်း ဒီနေ့ညနေပိုင်းမှာပဲ ကိုယ့်အစီအစဉ်နဲ့ကို ပြန်ခွင့်ပြုလိုက်ကြောင်း စစ်တပ်တာဝန်ရှိသူ တဦးက အကြောင်းကြားခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ANP ရခိုင်အမျိုးသားပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်ကတော့ ကိုယ်စားလှယ်တွေကို တိတိကျကျ ညွှန်ကြားတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

"ကျနော်တို့ကိုတော့ ဘာမှကို ပြောတာဆိုတာ၊ သွားနိုင်ပြီဆိုပြီးတော့ လာပြောတာလည်း လုံးဝမရှိခဲ့ဘူး။ ဒါပေမဲ့ တချို့ကတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်နိုင်ပြီ၊ ဘာညာလို့တော့ အဲဒီလို့တော့ ကျနော်တို့သတင်းကြားတယ်လေ။ ဒါပေမဲ့ အတိအကျ ဒီလိုပါဆိုပြီးတော့ ဘယ်သူမှ ပြောတာမရှိဘူး။ ကျနော်တို့က ရခိုင်ထိပြန်ရမယ် လမ်းအခြေအနေက ဘယ်လိုလဲ၊ လေယာဉ်တွေကလည်း ပိတ်ထားတယ်လေ။ ကျနော်တို့ လာတုန်းကလည်း ရန်ကုန်-နေပြည်တော် express တွေ၊ အမြန်ကားကြီးတွေက လုံးဝ ဖွင့်ပေးထားတာ မရှိဘူးလေ။ ကျနော်တို့ကတော့ မေးရမယ့်အခြေအနေတွေရှိနေတယ်။ သက်ဆိုင်တဲ့သူတွေကိုတော့ ကျနော်တို့ မေးရမြန်းရအုံးမယ်လေ။"

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို စစ်တပ်က ဖယ်ရှားပြီး အာဏာသိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်တဲ့ သဘောထားတွေနဲ့အတူ သတိပေးမှုတွေ ထွက်ပေါ် နေချိန်မှာပဲ ထိန်းသိမ်းထားတဲ့ အစိုးရအဖွဲ့ဝင် တချို့ကို အာဏာပိုင်တွေ ပြန်လွှတ်ပေးနေတာပါ။ ဒါပေမဲ့လည်း အစိုးရထိပ်တန်းခေါင်းဆောင်တွေ ဖြစ်ကြတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကတော့ အာဏာသိမ်းချိန်ကစလို့ ဘယ်နေရာမှာ၊ ဘယ်လိုပုံစံနဲ့ ရှိနေသလဲဆိုတာကို တိတိကျကျ သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]










ဆက်စပ်သတင်းများ ...

XS
SM
MD
LG