သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် ပင်လယ် အငြင်းပွားမှု အဖြေရှာရေး မြန်မာ စစ်တပ် အမြင်


မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှုတွေမှာ သက်ဆိုင်ရာ နိုင်ငံအချင်းချင်းကြားမှာသာ ဖြေရှင်း ရမယ်လို့ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။ တရုတ်နိုင်ငံနဲ့ ဖြစ်နေတဲ့ ရေပိုင်နက်အငြင်းပွားမှုမှာ ကာယကံရှင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ဒီပြဿနာကို အာဆီယံအနေနဲ့ ဝင်ရောက်ဖြေရှင်းဖို့ လိုလားကြတာပါ။

ဒါနဲ့ပတ်သက်လို့တော့ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ နေပြည်တော် သင်္ဂဟဟိုတယ်ကို သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

၁၁ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များရဲ့ အလွတ်သဘော ဆွေးနွေးပွဲအပြီး၊ အခြား အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့အတူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံ ကာကွယ်ရေး ဦးစီးချပ်တွေရဲ့ ပူးတွဲကြေညာချက်ကို ဖတ်ပြသလို၊ မြန်မာစစ်တပ်ရဲ့ သဘောထား ရပ်တည်မှုတွေကိုလည်း တစွန်းတစ ပြောသွားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ကိစ္စဟာ ဒေသတွင်းလုံခြုံရေးအတွက် အရေးကြီးတာမို့ ဒါကို အလျှင်အမြန် ဖြေရှင်းဖို့လိုတယ်ဆိုပြီး အာဆီယံ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ ပူးတွဲသဘောထားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ဖတ်ပြပါတယ်။

“တောင်တရုတ်ပင်လယ်ပြင်အရေးနဲ့ပတ်သက်၍ ဆောင်ရွက်ရမည့်နည်းလမ်း code of conduct အား အချိန်စောလျှင်စွာ အဆုံးသတ်နိုင်ခြင်းသည် ဒေသတွင်း တည်ငြိမ်ရေးနှင့် ပင်လယ်ပြင် လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း မိမိတို့မှ ထပ်လောင်း အတည်ပြုပါသည်။”

အရှေ့တောင်အာရှ ဒေသတွင်းလုံခြုံရေး အခြေအနေဟာ အတော်အတန် တည်ငြိမ်မှုရှိနေချိန်မှာပဲ အခုဖြစ်လာတာနဲ့ လုံခြုံရေး ခြိမ်းခြောက်မှုတွေဟာ ဒေသတွင်း အေးချမ်းမှုနဲ့ တည်ငြိမ်မှုကို စိန်ခေါ်နေတယ်ဆိုပြီး အာဆီယံ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အာဆီယံ တပ်မတော် အခန်းကဏ္ဍမှာ ပေါင်းစပ်ညှိနှိုင်းခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတရားတွေ ရှိတာမို့ တောင်တရုတ်ပင်လယ်ပြင်ကိစ္စမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောထား ရှိတယ်လို့တော့ အာဆီယံ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ ပူးတွဲထုတ်ပြန်မှုမှာ ဖော်ပြပါရှိပါတယ်။
အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့အတူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ
အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့အတူလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရုနိုင်း၊ အင်ဒိုနီးရှားနိုင်ငံတို့အကြား ပိုင်နက်အငြင်းပွားမှုတွေ ဖြစ်နေရာမှာ၊ အာဆီယံ နိုင်ငံတွေဘက်က တရုတ်နဲ့ရှင်းတဲ့အခါမှာ တနိုင်ငံချင်းထက် အာဆီယံကနေ ရပ်တည်ကိုင်တွယ်ဖို့ လိုလားကြတာပါ။ ဒါပေမဲ့လို့ မြန်မာတပ်မတော်အနေနဲ့ ရပ်တည်မှုမှာတော့ တောင်တရုတ်ပင်လယ်ပြင်ကိစ္စမှာ ပဋိပက္ခဖြစ်ကြတဲ့ နိုင်ငံချင်း ဖြေရှင်းရမယ်ဆိုတဲ့ ရပ်တည်ချက်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

“တောင်တရုတ်ပင်လယ်တွင်း ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ ချမှတ်ခြင်းဟာ အာဆီယံနဲ့ တရုတ် နှစ်ဘက်စလုံးအတွက် အလွန်အရေးပါတယ်လို့ ကျနော်တို့ ရှုမြင်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေက ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ convention အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေများနဲ့အညီ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားဖို့ ကတိကဝတ်ပြုတာကို ကြိုဆိုပါတယ်လို့ ကျနော်တို့ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း သက်ဆိုင်ရာ နိုင်ငံများ လက်ခံနိုင်တဲ့ ချစ်ကြည်ရင်းနှီးစွာ အဖြေရှာမှုနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ဖို့အတွက် ကြိုးပမ်းမှုတွေကို အမြဲတမ်း ထောက်ခံအားပေးမယ်ဆိုပြီး ကျနော်တို့ ပြောခဲ့ပါတယ်။ အငြင်းပွားနေတဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေကို မြှင့်တင်မယ့် မည်သည့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုမဆို ကျနော် အားပေးသွားမှာဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ အငြင်းပွားနေတဲ့ ကိစ္စရပ်များဟာ နှစ်နိုင်ငံကြား ဒါမှမဟုတ်ရင် အငြင်းပွားမှုဖြစ်နေတဲ့ နိုင်ငံများကြားမှာ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ့် ကိစ္စရပ်တွေ ဖြစ်ပါတယ်လို့ ကျနော်တို့ မြန်မာ့တပ်မတော်ရဲ့ သဘောထားကို ထုတ်ပြန်ထားပါတယ်။”

အခုပြုလုပ်ခဲ့တဲ့ ၁၁ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များရဲ့ အလွတ်သဘော အစည်းအဝေးအတွင်းမှာတော့ သမာရိုးကျ လုံခြုံရေးကိစ္စအပြင်၊ သဘာဝဘေးဒုက္ခတွေ၊ အကြမ်းဖက်မှုတွေ ပင်လယ်ပြင်လုံခြုံရေးနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ ကူးစက်ရောဂါများ၊ အစားအစာနှင့် စွမ်းအင်လုံခြုံရေး၊ human security cyber ရာဇဝတ်မှုများ ရာသီဥတုဖောက်ပြန်မှု ကမ္ဘာကြီး ပူနွေးလာမှု ကဲ့သို့သော သမာရိုးကျမဟုတ်တဲ့ လုံခြုံရေးခြိမ်းခြောက်မှု ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီကဏ္ဍတွေမှာလည်း အာဆီယံ စစ်တပ်တွေအကြားမှာ သတင်းဖလှယ်တာ စွမ်းရည်တည်ဆောက်တာနဲ့ ပူးတွဲလေ့ကျင့်မှုတွေ ဆောင်ရွက်သွားမယ်လို့လည်း သဘောတူခဲ့ကြပါတယ်။ ဒါဟာ ပြည်သူလူထုကို အခြေပြုအမြင်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

“ဒါကြောင့် တပ်မတော်အနေနဲ့ ခုနပြောတဲ့ တင်ပြသွားတဲ့ နယ်ပယ်တွေက အမျိုးသားလုံခြုံရေး၊ ဒေသတွင်း လုံခြုံရေးတွေအပေါ်မှာ ပြည်သူလူထုရဲ့ အခြေပြုအမြင်နဲ့ ဆောင်ရွက်လျက် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ အမြင်တွေကို တတ်နိုင်တဲ့ဘက်က ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုရာမှာ ပြည်သူလူထု ပါဝင်ဆောင်ရွက်မှုကလည်း အရေးအကြီးဆုံး ဖြစ်ပါတယ်လို့ ကျနော် ပြောလိုပါတယ်။ ပြည်သူလူထုရဲ့ အခြေပြုတဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ အရေးပါတဲ့အကြောင်းကို ကျနော် ဒီအစည်းအဝေးမှာ မီးမောင်းထိုးပြီး ကျနော် ပြခဲ့ပါတယ်။”

ဒါ့အပြင် ၂၀၁၅ ခုနှစ်မှာတော့ မလက်ကာရေလက်ကြားမှာ ပင်လယ်ပြင် လုံခြုံရေးလေ့ကျင်ခန်း လုပ်သွားဖို့ကိစ္စကိုလည်း အဆီယံ ကာကွယ်ရေးဦးစီးချုပ်တွေအကြား သဘောတူခဲ့ကြပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့တော့ မြန်မာစစ်တပ်အနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်တွေမှာ ပူးပေါင်း ပါဝင် ဆောင်ရွက်သွားလိုတယ်လို့လည်း ပြောသွားပါတယ်။

“ကုလသမဂ္ဂ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ မြန်မာ့တပ်မတော် ပါဝင်ခဲ့တာရှိပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့တာ ဒါ အခုချိန်ထိဖြစ်ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီးတော့ မြန်မာနိုင်ငံကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းတာဝန်နဲ့ ပတ်သက်ပြီးတော့ ဝင်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ကျနော်တို့လည်း လိုအပ်တဲ့အချိန် ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ခဲ့တာရှိပါတယ်။ လတ်တလောအနေနဲ့ ပါဝင်ဆောင်ရွက်မှု မရှိသေးပေမဲ့လည်း Military Observer --- ဆောင်ရွက်ဖို့ မနှစ်က ကျနော်တို့ လုပ်ခဲ့ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်ခဲ့ရတာရှိပါတယ်။ အနာဂတ်မှာတော့ ကျနော်တို့ အပြည်ပြည်ဆိုင်ရာ တပ်မတော်သားတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ့် အခန်းကဏ္ဍသစ်ကို ရောက်ရှိလာလိမ့်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျနော်တို့လည်း ဒီလုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် အစွမ်းကုန်ပဲ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း ကျနော် ပြောလိုပါတယ်။”

အခု အာဆီယံ ကာကွယ်ရေးဦးစီးချုပ် အစည်းအဝေးမတိုင်ခင်မှာတော့ အာဆီယံ တပ်မတော် ထောက်လှမ်းရေးချုပ်များ အစည်းအဝေးနဲ့ အာဆီယံ တပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးကို ကြိုတင် ပြင်ဆင်မှုအနေနဲ့ နေပြည်တော်မှာပဲ ကျင်းပခဲ့ပါတယ်။ မြန်မာကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အခု သတင်းထောက်တွေနဲ့ တွေ့ဆုံမှုဟာ ဒါ ပထမဆုံးအကြိမ်ဖြစ်တာမို့ သတင်းသမား အတော်များများက စိတ်ဝင်စားကြပေမဲ့ မေးခွန်းတွေကိုတော့ နိုင်ငံပိုင်နဲ့ စစ်တပ်ပိုင် သတင်းမီဒီယာတွေကပဲ မေးမြန်းခွင့် ရခဲ့ကြပါတယ်။
XS
SM
MD
LG