သုံးရလွယ်ကူစေသည့် Link များ

ဂျာမနီနဲ့ မြန်မာ နှစ်နိုင်ငံ စစ်တပ် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဂျာမနီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Volker Wieker က ဂျာမနီနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကြာသပတေးနေ့က တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံအနေနဲ့ စစ်ဘက်ဆိုင်ရာ သင်တန်းတွေနဲ့ နည်းပညာတွေ အတွက် တရုတ်နဲ့ ရုရှားထက်စာရင် ဂျာမနီနဲ့ ပြန်လည်ဆက်ဆံလာတာကို အပြုသဘောအဖြစ် ဂျာမနီ-မြန်မာ ဆက်ဆံရေးကျွမ်းကျင်သူတဦးက သုံးသပ်ပါတယ်။မအင်ကြင်းနိုင်က အကြာင်းစုံကို တင်ပြမှာပါ။

ဂျာမနီနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဧပြီလ (၂၇)ရက် ကြာသာပတေးနေ့က ဂျာမနီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Volker Wieker က ကာကွယ်ရေးဝန်ကြီးဌာနမှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပါတယ်။

စစ်ဘက်ခေါင်းဆောင်နှစ်ဦးတွေ့ဆုံရာမှာ စစ်ရေးဆက်ဆံရေးနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာ သတင်းအချက်အလက် ဖလှယ်ရေး အပြင် မြန်မာ့တပ်မတော်အရာရှိတွေကို ဂျာမနီနိုင်ငံကို သင်တန်းတွေစေလွှတ်ဖို့နဲ့ နယ်ပယ်အလိုက် လေ့လာရေးကိုယ်စားလှယ်အဖွဲ့ အပြန်အလှန်စေလွှတ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဂျာမနီနဲ့ အခုလို စစ်ဘက်ဆိုင်ရာဆက်ဆံရေးပြန်လည် တည်ဆောက်လာတဲ့အပေါ်မှာ ဂျာမနီ-မြန်မာဆက်ဆံရေး ကျွမ်းကျင်သူ ဒေါက်တာ စန္ဒီ မင်းဆက် ရဲ့ အမြင်ကတော့

“မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ ဥရောပသမဂ္ဂကနေ ဒီအနောက်နိုင်ငံတွေအားလုံးပေါ့ ပိတ်ဆို့ထားတဲ့ လမ်းစဉ်ကို သုံးတဲ့အခါမှာ ဒီစစ်တပ်နဲ့ ပတ်သက်တဲ့ နည်းပညာတို့ သင်တန်းတို့ Russia ကိုသွားရောက်နေတာထက်စာရင် ဂျာမနီ နဲ့ ဆက်ဆံရေးကို ထူထောင်လာတာကို ကျမတို့အားလုံးကြိုဆိုသင့်ပါတယ် လို့မြင်ပါတယ်ရှင့်။”

ဒါပေမယ့်လည်း စစ်ရေးနဲ့ စီးပွားရေး နည်းဗျူဟာအရဆိုရင်တော့ မြန်မာနိုင်ငံဟာ ဂျာမနီအတွက် သိပ်ပြီးအရေးမကြီးတဲ့ နိုင်ငံတခုဖြစ်နေကြောင်း ဒေါက်တာ စန္ဒီက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရတက်လာတဲ့အခါမှာပေါ့နော် အနောက်နိုင်ငံမှာ ရှိတဲ့ခေါင်းဆောင်တွေ အထူးသဖြင့် အမျိုးသမီးခေါင်းဆောင်တွေလာရောက်တွေ့ဆုံကြပါတယ်။ အဲဒီမှာတော့ ဂျာမနီဝန်ကြီးချုပ် Angela Merkel မပါဝင်ခဲ့ပါဘူး ၊ လာမယ့် ကာလမှာလည်း သွားရောက်မယ်လို့ စီစဉ်ထားတဲ့အစီအစဉ်တွေလည်း ကျမတို့ ဘာမှ မကြားမိပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့နိုင်ငံရဲ့ခေါင်းဆောင်ပိုင်းက မြန်မာနိုင်ငံကို စီးပွားရေး Partner ပေါ့ နောက်ပြီး စစ်ဘက်ဆိုင်ရာ Partner အနေနဲ့ရော သတ်မှတ်ပြီး ဒါအရေးကြီးတဲ့ နိုင်ငံတခုအနေနဲ့ ဆက်ဆံဖို့ လောလောဆယ်မှာ အလားအလားရှိပုံမမြင်ပါဘူး။”

ပြုပြင်ပြောင်းလဲရေးကြိုးပမ်းလာတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးပြန်ပြီးတည်ဆောက်လာတဲ့ ဥရောပသမဂ္ဂနိုင်ငံအများအပြားထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျာမနီနိုင်ငံကို ဦးစားပေး သွားရောက်ခဲ့တာနဲ့ ပတ်သက်လို့ ဒေါက်တာစန္ဒီ မင်းဆက်ရဲ့ သုံးသပ်ချက်ကတော့

“အထူးသဖြင့် ဂျာမနီနဲ့ မြန်မာနိုင်ငံနဲ့ ဒီအနောက်ဥရောပ နိုင်ငံတွေထက်စာရင် အင်မတန်ပဲ ရင်းနှီးတဲ့ ရင်းနှီးမှုရှိခဲ့ပါတယ် ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက်မှာပေါ့နော် ။ ဗိုလ်ချုပ်ကြီးနေ၀င်း နဲ့ Fritz Werner လက်နက်ထုတ်တဲ့ ကုမ္ပဏီနဲ့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးရာဆက်ဆံတဲ့ ဆက်ဆံမှုပေါ်မှာလည်း အများကြီးအရေးကြီးပါတယ်။ ပိတ်ဆို့မှုတွေထားခဲ့တဲ့ကာလတခုလုံး ၁၉၈၈ ကနေစပြီးတော့ ဂျာမနီက မြန်မာနိုင်ငံကို ပြန်လည်ပြီးတော့ ထောက်ပံ့မှုပေါ့နော် Development aid တွေ၊ နောက် Development aid မဟုတ်ရင်တောင်မှ Humanitarian Aid ပြန်ပေးနိုင်ဖို့ကို အများကြီးပဲ ဦးဆောင်ခဲ့ပါတယ်။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ ဂျာမနီခရီးစဉ်မတိုင်ခင် သြစတြီးယားနိုင်ငံကို အရင်ဆုံးသွားရောက်ခဲ့ပြီး မြန်မာ စစ်တပ်အရာရှိတွေကို စစ်ဘက်ဆိုင်ရာသင်တန်းတွေပေးဖို့ နှစ်နိုင်ငံ သဘောတူညီမှုရခဲ့ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာတပ်မတော်နဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးတွေကို ဥရောပ သမဂ္ဂ နိုင်ငံတချို့ ပြန်လည်တည်ဆောက်လာတဲ့အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ကန့်ကွက်နေကြပါတယ်။

XS
SM
MD
LG