တပ်မတော်သားတွေ ဆန္ဒမဲပေးမယ်ဆိုရင် ကာကွယ်ရေးအမြင်ရှိသူနဲ့ တပ်မတော် နားလည်မှုရှိသူကို အခြေခံထား စဉ်းစားကြဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ တပ်မတော်သားတွေအနေနဲ့ ဘယ်လိုဖိအားပေး တိုက်တွန်းချက်ကြောင့်မှမဟုတ်ဘဲ မိမိတို့ရဲ့ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် မဲပေးကြပါလို့လည်း အတိုက်အခံပါတီနဲ့ တိုင်းရင်းသားပါတီတွေက တိုက်တွန်းပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ တပ်မတော်သားတွေအပေါ် တိုက်တွန်းပြောဆိုမှုအပေါ် အမြင်သဘောထားတွေကို မဆုမွန် တင်ပြထားပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၂၂ ရက်နေ့ သူ့ရဲ့ကယားပြည်နယ် ခရီးစဉ်အတွင်း လွိုင်ကော်တပ်နယ်ခန်းမမှာ တပ်မိသားစုတွေနဲ့ တွေ့ဆုံချိန် -၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ လွှတ်တော်အရပ်ရပ်အတွက် ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ပြည်သူ့ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေး တပ်မတော်သားတွေအနေနဲ့ မဲဆန္ဒပေးတဲ့အခါ တိုင်းပြည်အပေါ် ကောင်းအောင်လုပ်နိုင်မည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စတဲ့ အမြင်လေးမြင်ရှိသူနဲ့ တပ်မတော်အပေါ် နားလည်မှုရှိသူများကို အခြေခံ စဉ်းစားရမယ်လို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တပ်မိသားစုတွေအပေါ် ဒီလိုပြောဆိုချက်ဟာ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ တပ်မတော်သားဟောင်းတဦးဖြစ်တဲ့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောဆိုလိုက်ပါတယ်။
“တပ်ချုပ်ဆိုတော့ သူပြောချင်တာပြောတယ်လို့ သဘောထားတာပေါ့ဗျာ။ တကယ်တော့ ဥပဒေအရတော့ ပြောခွင့်မရှိဘူး။ သေချာတယ်။ တခြားလူတွေ၊ ကျနော်တို့သာဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဥပဒေချိုးဖောက်တယ်ဆိုပြီးတော့ အရေးယူခံရမှာ သေချာတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကတည်းက ပြောမယ်ဆိုရင်တော့ တပ်မတော်က အောက်ပိုင်းတပ်မှူးတွေက မင်းတို့ဘယ်ကို မဲထည့်ကွဆိုပြီးတော့ သူ့လူတွေကို အကုန်ပြောတာတော့ သေချာပါတယ်။ နောက် တချက်ကတော့ ၁၉၆၀ မှာ ကြုံခဲ့ဖူးတဲ့ အိမ်စောင့်အစိုးရလက်ထဲမှာ မဲဆွယ်တုန်းက အဲဒီတုန်းက ဦးနေဝင်းပေါ့၊ သူကနေပြီးတော့မှ တိုင်းပြည်တခုလုံးကို ရွေးကောက်ပွဲမလုပ်ခင် တပတ်အလိုမှာ တနိုင်ငံလုံးလွှင့်တဲ့ ရေဒီယိုမှာ ကျနော်တို့နားထောင်လိုက်ရတယ်။ သူတို့တပ်မတော်ဟာ တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့ ဖွဲ့စည်းပုံအခြေခံကို လေးစားတဲ့ တပ်မတော်၊ နောက်ပြီးတော့မှ ရွေးကောက်ပွဲ လုပ်တဲ့အခါ သမာတမတ်ကျဖို့အတွက် တပ်မတော်သားတွေက ဘယ်ကိုမှ မပါရဘူး။ ကြားနေရမယ်၊ သမာသမတ်ကျရမယ် ဆိုပြီးတော့ ပြောခဲ့ဖူးတယ်။ အဲဒီတုန်းက ကျနော်က ငယ်သေးတော့ဟာ တယ်ဟုတ်ပါလား ဒီလူကြီး၊ အရမ်းကောင်းတယ်ပေါ့။ တဖြည်းဖြည်း နောက်ပိုင်းကြီးလာတော့ တပ်မှူးကြီးနဲ့တွေ့တဲ့အခါကျတော့ သူက အဲဒီလိုပြောပြီး ငါတို့ကျတော့ ဒါမျိုးလုပ်ခိုင်းတာကွတဲ့။ အဲဒီလိုပြောတယ်။ အခုလည်း တပ်ချုပ်ကြီးက အခုလိုပြောပြီး အောက်က လူတွေကို ဘယ်လိုခိုင်းထားသလဲဆိုတာတော့ ကျနော်တို့လည်း မသိနိုင်ဘူး။ တပ်မတော်သားတွေကို ကျနော်ပြောချင်တာက နိုင်ငံရေးပါတီတွေကို လေ့လာပါ။ လူတွေကို လေ့လာပါ။ သူတို့ကြိုက်ရာကို လွတ်လွတ်လပ်လပ်နဲ့ မဲထည့်ခွင့်ရစေချင်ပါတယ်။”
ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ နိုင်ငံအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ တပ်မတော်သားတွေကို တပ်မတော်ရဲ့အမြင်သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်တာပဲဖြစ်တယ်လို့ သုံးသပ်ပါတယ်။
“အဲဒါကတော့ တပ်မတော်ဘက်က အမြင်သဘောထားကို ပြောတာဖြစ်မှာပါ။ အဲဒီတော့ သမ္မတ တယောက်ဖြစ်ဖို့အရည်အချင်းမှာလည်း နိုင်ငံရေးအမြင် အုပ်ချုပ်ရေးအမြင်၊ လုံခြုံရေးအမြင် စသဖြင့် ရှိဖို့လိုတာလည်း ရှိခဲ့ဖူးတယ်လေ။ နောက်ပြီး တပ်မတော် ဦးစီချုပ်ကနေပြီးတော့မှ တပ်မတော်ပေါ်မှာ ဘယ်လိုသဘောထားရှိရမလဲဆိုတာလည်း ထည့်သွင်းလိုက်တဲ့သဘောပေါ့။”
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းဟာ ကာကွယ်ရေးအမြင်ရှိတဲ့သူဖြစ်ရမယ်ဆိုတဲ့ ပြောဆိုချက်ဟာ နောင်လာမယ့် အုပ်ချုပ်သူအစိုးရသစ်ဟာ တပ်အပေါ်ကို နားလည်မယ့်သူဖြစ်စေချင်တဲ့ သဘောထားဖြစ်နိုင်တယ်လို့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။
“ဒါသူက ကာကွယ်ရေးဦးစီးချုပ်ဆိုတော့ သူ့တပ်တွေကို အကြံပြုတာပေါ့ဗျာ။ သူတို့ကတော့ ပြောမှာပဲ။ သူ့တပ်ကို ကောင်းအောင်လုပ်တဲ့လူကို ဦးစားပေးအောင် အဲဒီလိုလူမျိုးကို ဦးစားပေးရွေးဖို့ ပြောမှာပါ။ ကျနော်တို့ ရှမ်းတွေကို ဆိုရင်လည်း ရှမ်းပါတီပဲ မဲပေးပါလို့ ပြောသလိုပါပဲ။ သူလည်း အဲဒီလိုပြောတာဖြစ်မှာပါ။”
အတိုက်အခံပါတီ NLD အပါအဝင် တိုင်းရင်းသားပါတီတွေဘက်ကတော့ မဲဆန္ဒရှင်တွေဖြစ်တဲ့ တပ်မတော်သားတွေအနေနဲ့ မည်သူတဦးတယောက် ဘယ်အဖွဲ့အစည်း လူပုဂ္ဂိုလ်ရဲ့ တိုက်တွန်းဖိအားပေးချက်မှ မပါပဲ မိမိတို့ သဘောဆန္ဒရှိတဲ့အတိုင်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြီး မဲပေးကြစေချင်ပါတယ်လို့ ဆိုပါတယ်။
ဦးစိုင်းညွန့်လွင်ကလည်း တပ်မတော်သားတွေ ဆန္ဒမဲကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပြီး ပေးစေချင်သူပါ။
“ဒါကတော့ဗျာ လွတ်လွတ်လပ်လပ်ပဲ မဲပေးသင့်တယ်။ လှို့ဝှက်မဲပေးစနစ်ဖြစ်တဲ့အတွက် ဒါက ကိုယ့်ရဲ့လွတ်လပ်မှုကို လှို့ဝှက်မဲပေးစနစ်က အကာအကွယ်ပေးပါတယ်။ ဆိုတော့ ကိုယ့်ရဲ့သဘောဆန္ဒအမှန်အတိုင်းပဲ ပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်။”
ဒေါက်တာတူးဂျာကလည်း တပ်မတော်သား မဲဆန္ဒရှင်တွေကို အခုလိုတိုက်တွန်းပါတယ်။
”အမှန်ကတော့ အခုက ဒီမိုကရေစီခေတ်ရောက်လာပြီဆိုတော့ မဲပေးနိုင်တဲ့လူတိုင်းလူတိုင်းပေါ့။ မဲဆန္ဒရှင်တိုင်းက ဒီမိုကရေစီအပေါ်မှာ အခြေခံပြီးမဲပေးတာ အကောင်းဆုံးပါပဲ။ ကိုယ့်သဘောထားနဲ့ကို စိတ်ပိုင်းဖျတ်ပြီးတော့မှ လွတ်လွတ်လပ်လပ်မဲပေးနိုင်ဖို့ဆိုတာကတော့ ဒါက ရှိသင့်ရှိထိုက်တဲ့ အရာတခုပါ။”
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က တပ်မတော်သားတွေအနေနဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့အရေးစဉ်းစားမယ့်အထဲ နိုင်ငံအုပ်ချုပ်ရေးကို တာဝန်ယူမယ့် အဆင့်ဆင့်သော ပုဂ္ဂိုလ်များအနေနဲ့ သံသယရှင်းရှင်းဖြင့် လုပ်နိုင်မည့်သူဖြစ်ဖို့လိုကြောင်းနဲ့ ဒါကြောင့် သေသေချာချာ စဉ်းစားပြီးမှ တိုင်းပြည်အပေါ် စိတ်ကောင်း၊ စေတနာကောင်း နှင့် လုပ်ဆောင်မည့် ပုဂ္ဂိုလ်မျိုးကို ရွေးချယ်ရန်လိုတယ်ဆိုတာကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။