သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာဝင်းမြတ်အေး Cox's Bazar ဒုက္ခသည်စခန်း ဗုဒ္ဒဟူးနေ့ရောက်မည်


 ဒေါက်တာဝင်းမြတ်အေး
ဒေါက်တာဝင်းမြတ်အေး

မြန်မာနိုင်ငံလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးလည်းဖြစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်ရေး ကော်မတီကို ဦးဆောင်နေသူ လည်းဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေးဟာ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့တော်ကိုရောက် ရှိမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

ဝန်ကြီးဒေါက်တာဝင်းမြတ်အေးဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဆိုင်ရာ အခြေနေတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ရှိတဲ့အပြင် Cox’s Bazar က ဒုက္ခသည်စခန်းတွေကိုပါ သွားရောက်မှာဖြစ်ကြောင်း ဒက်ကာက မြန်မာသံရုံးအရာရှိတွေက ပြောပါတယ်။

ဒုက္ခသည် ပြန်လည်ခေါ်ယူရေး ၂ နိုင်ငံသဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်က ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ ပေးအပ်တဲ့ လူပေါင်း ၈၀၃၂ ယောက် စာရင်းထဲက ၇၁၁ ယောက်ဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တယ်ဆိုတာ အထောက်ထား ခိုင်လုံတာမို့ ပြန်ခေါ်ယူမှာ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့တာပါ။ ဝန်ကြီးရဲ့ အခုခရီးစဉ်အတွင်း ပြန်လည်ခေါ်ယူဖို့ အတည်ပြုထားသူတွေနဲ့ပါတွေ့ဆုံဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင် တွေကို ပန်ကြားထားကြောင်း လည်း သတင်းတွေမှာ ဖေါ်ပြပါတယ်။

မြန်မာဘက်က ဒုက္ခသည်တွေပြန်ခေါ်ဖို့ အသင့်ဖြစ်နေကြောင်း ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေ သိအောင်ပြောကြားမှာ ဖြစ်ကြောင်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သလို မုတ်သုန်ရာသီ ရောက်တော့မှာမို့ ပြန်လည်ခေါ်ယူရေးလုပ်ငန်းကို အမြန်လုပ်ဆောင် ချင်ကြောင်းလည်း ပြောကြားခဲ့တာပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့တဲ့ စာရင်းတွေကို ပြန်လည်စီစစ်ရေးမှာ အချိန်ယူရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ ကုလသမဂ္ဂ UNHCR ရဲ့ အကူအညီနဲ့ ဒုတိယအသုတ် လူ တသောင်းစာရင်းကို ပြုစုထားပြီးဖြစ်ပြီး မကြာခင် မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ပူးတွဲအလုပ်အဖွဲ့အစည်းအဝေးမှာ မြန်မာအာဏာပိုင်တွေထံ ပေးအပ်ဖို့ စီစဉ်ထားပါတယ်။ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali နဲ့ရော ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal တို့နဲ့ပါတွေ့ဆုံမှာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG