သုံးရလွယ်ကူစေသည့် Link များ

ဇီကာပိုး မကူးစက်ရေး သတိထားဖို့ ကျန်းမာရေးဌာန နိုးဆော်


နေပြည်တော်က သတင်းစာ ရှင်းလင်းပွဲ မှာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးလွင်ငြိမ်း ရှင်းလင်းပြောကြားစဉ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နိုင်ငံခြားသူ အမျိုးသမီးတဦး ဇီကာရောဂါ ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီး နောက်တနေ့မှာပဲ ဗိုင်းရပ်စ်ပိုး ကူးစက်မှု မခံရအောင် သတိထားဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထပ်မံနှိုးဆော် လိုက်ပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်စေတဲ့ ခြင်နှိမ်နင်းရေး အပါအ၀င် စောင့်ကြည့် ကာကွယ်ရေး အစီအစဉ်တွေကို ပိုမိုသတိထား ဆောင်ရွက်ဖို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း တာဝန်ရှိသူတွေက ပြောဆိုလိုက်ကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ထက်အောင်ခန့် ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဇီကာရောဂါ ကူးစက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မွေးရာပါ ချို့ယွင်းချက်တွေနဲ့ သားသမီးတွေ မွေးဖွားနိုင်တဲ့အတွက် အထူး သတိထားဖို့၊ ရောဂါ မကူးစက်အောင် အထူးဂရုပြုဖို့ မြန်မာအစိုးရ ကျန်းမာရေး အာဏာပိုင်တွေက သတိပေးလိုက်တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ နိုင်ငံခြားသူ အမျိုးသမီးတဦး ရောဂါကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရပြီးနောက် အန္တရာယ်ကို သတိထားဖို့နဲ့ ရောဂါအဓိက ပျံ့ပွားစေတဲ့ ခြင်တွေကို နှိမ်နင်းဖို့လည်း စီစဉ်နေတဲ့ အကြောင်း နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောဆိုခဲ့တာပါ။

" ဒီဇီကာပိုးဖြစ်ပွားတာ မနေ့ကဆို ကျနော်တို့ သတင်းမှာ ထည့်ပြီး ကြေညာ သွားတယ်။ အလေးထားပြီးတော့ ဆောင်ရွက်နေတယ်။ ဒါအခု ကျနော်တို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့တော့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ အဓိက အခြေခံအားဖြင့် ပိုမိုပြီးတော့ အားဖြည့်ပြီးတော့ ဆောင်ရွက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယခင်တုန်းကတော့ ကျနော်တို့က မတွေ့သေးတာပေါ့ ရောဂါပိုးက ရှိချင်လည်းရှိနိုင်တယ် ဘာဖြစ်လို့လဲဆိုတော့ ဒီလောက်ကူးလူးဆက်ဆံမှုများတာ။ အဲ့ဒီ့ရောဂါပိုး သယ်ဆောင်တဲ့ခြင်က ကျနော်တို့ဆီမှာရှိနေတဲ့အတွက်ကြောင့် ရှိပြီဆိုလို့ရှိရင်တော့ ကျနော်တို့ဆီမှာ ကူးစက်နိုင်ခြေက များလာတယ်။ များလာတဲ့အတွက်ကြောင့် အထူးသဖြင့် ကျနော်တို့က ကိုယ်ဝန်ဆောင်တွေနဲ့ ကိုယ်ဝန်ဆောင်မယ်လို့ Plan လုပ်ထားတဲ့ ဇနီးမောင်နှံတွေဟာ ရန်ကုန်မှာဆိုလို့ရှိရင်လည်းပဲ ပိုပြီးတော့ ဂရုစိုက်ရမယ့်အနေအထားဖြစ်လာတယ်။"

မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဇီကာရောဂါ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့အတွက် ခရီးသွားတွေ သတိထားဖို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာန CDC ကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းမှာပဲ နှိုးဆော်ချက် ထုတ်ပြန်ထားတာပါ။

အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဇီကာရောဂါဟာ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့ပြီး၊ နိုင်ငံတော်တော်များများမှာ မကြာခဏ ဖြစ်ပွားလေ့ ရှိတတ်ကြောင်းလည်း CDC ကပြောပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတော်တော်တော်များများက ဒေသခံတွေ အနေနဲ့ ရောဂါကူးစက်မှုဒဏ် ခံနိုင်ရည် ရှိကောင်းရှိနေနိုင်ပေမဲ့၊ နိုင်ငံခြားက ခရီးသွားတွေ အနေနဲ့ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိချင်မှ ရှိလိမ့်မယ်လို့လည်း CDC က သတိပေးခဲ့တာပါ။

ရန်ကုန်မြို့မှာ ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် ကြာသပတေးနေ့မှာပဲ အတည်ပြုနိုင်ခဲ့တဲ့ နိုင်ငံခြားသူ အမျိုးသမီးနဲ့ ခင်ပွန်းတို့ကို စစ်ဆေးကြည့်ရာမှာတော့ အမျိုးသမီးမှာသာ ရောဂါပိုးတွေ့ခဲ့ရပြီး၊ အခုအခါ ကူးစက်ခံရသူ အမျိုးသမီးကို နေအိမ် မှာပဲ နေထိုင်ခွင့်ပြုထားကြောင်းလည်း ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ (ဗဟို) က လက်ထောက် ဆရာဝန် ဒေါက်တာအောင်သူ က ပြောပါတယ်။

"နိုင်ငံခြားသူရယ် သူ့ရဲ့ခင်ပွန်းရယ်ကို သွေးယူတယ်။ သွေးယူပြီးတဲ့အခါကျတော့ အမျိုးသားဓာတ်ခွဲခန်းမှာ သွေးစစ်တယ်။ သွေးစစ်တဲ့အခါကျတော့ အမျိုးသမီးမှာ Positive ဖြစ်တယ်။ အမျိုးသားမှာတော့ မတွေ့ဘူးပေါ့။ မတွေ့တဲ့အခါကျတော့ လောလောဆယ် သူ့ရဲ့နေအိမ်မှာပဲ ထားရှိတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ procedure အရ ရောဂါဖြစ်ပွားနေတဲ့ သူတွေက ဆေးရုံမှာ တက်ရောက်ကုသဖို့ မလိုဘူးပေါ့။ လူနာရဲ့တောင်းဆိုချက် အရဆိုရင်တော့ ဆေးရုံကို တင်ပေးတယ်ပေါ့နော်။ လောလောဆယ်မှာ သူက နေအိမ်မှာ ရှိပြီး ခြင်ကိုက်မခံရအောင် နေဖို့ရယ်။ အပြင်မထွက်ဖို့ရယ်ကို လူနာက လက်ခံပါတယ်။"

မြန်မာအစိုးရရဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကတော့ မကြာသေးခင်လတွေ အတွင်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံ အပါအ၀င် အရှေ့တောင် အာရှ နိုင်ငံတချို့မှာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု သတင်းတွေ ထွက်ပေါ်လာပြီး နောက်မှာပဲ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်အ၀င် အထွက်တွေကို စောင့်ကြည့်စစ်ဆေးတာ အပါအ၀င် ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG