သုံးရလွယ်ကူစေသည့် Link များ

အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအ၀င် ဒေသတွင်းနိုင်ငံတချို့မှာ ခြင်ကတဆင့် ဇီကာရောဂါပိုး ကူးစက်ခံမှုတွေ များလာတဲ့အတွက် မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးတာဝန်ရှိသူတွေက ဇီကာရောဂါပိုး ကာကွယ်ရေး နှိုးဆော်ချက်တွေကို ထုတ်ပြန်ထားပါတယ်။ ကုသနိုင်တဲ့ ဆေးဝါးမရှိသေးတဲ့ ဒီရောဂါပိုး ကို ခြင်ထူထပ်တဲ့ မြန်မာနိုင်ငံမှာ ဘယ်လို ကြိုတင်ကာကွယ်နိုင်သလဲ - ရှောင်ရန်/ဆောင်ရန်တွေက ဘာတွေရှိမလဲ ဆိုတာနဲ့ ပတ်သက်ပြီး မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံနဲ့ နေ့စဉ် သွားလာဆက်ဆံမှုတွေရှိတဲ့ စင်္ကာပူနိုင်ငံမှာဆိုရင် - ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး အပါအ၀င် ဇီကာရောဂါပိုး ကူးစက်ခံရသူ ၁၅၀ ကျော်သွားပြီဖြစ်ပြီး - ဇီကာရောဂါပိုး ကူးစက်ခံရသူတွေထဲက တ၀က်လောက်ဟာ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ လာတဲ့ နိုင်ငံခြားသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဒီရောဂါပိုးဟာ ခြင်ကတဆင့် ကူးစက်စေတာကြောင့် စင်္ကာပူနိုင်ငံမှာတော့ ခြင်နှိမ်နင်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတာပါ။ မြန်မာနိုင်ငံလည်း ဇီကာရောဂါပိုးနဲ့ပတ်သက်တဲ့ သတိပေးနှိုးဆော်ချက်တွေကိုကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဒီရောဂါပိုး ကူးစက်ခံရတဲ့ ဖြစ်တတ်တဲ့ လက္ခဏာတွေနဲ့ပတ်သက်ပြီး - ဇီကာရောဂါပိုးအကြောင်း ဆေးပညာဆောင်းပါးတွေ တောက်လျှောက်ရေးသားနေတဲ့ ဒေါက်တာတင့်ဆွေက အခုလို ပြောပြပါတယ်။

“ ရောဂါလက္ခဏာက သာမန်အများဆုံးဖြစ်နေကျ တုတ်ကွေးနဲ့ တော်တော်ကိုတူပါတယ်။ ကိုယ်နည်းနည်းပူမယ်၊ ခေါင်းကိုက်မယ်၊ အဆစ်အမြစ်တွေ ကိုက်မယ်။ မစားချင်၊ မသောက်ချင်ဖြစ်မယ် နောက် အရေပြားမှာ သေချာကြည့်ရင် အနီကွက်လေးတွေ စသဖြင့် ပေါ်မယ် ဒီအချိန်မှာတော့ တုတ်ကွေးလိုလက္ခဏာ ခံစားရတာနဲ့ သတိထားဖို့ကတော့ လိုအပ်ရင် ဆေးစစ်ရမယ်။ ဆေးစစ်မှသာလျှင် သေချာမယ်။ အဲဒီတော့ ကိုယ်ဝန်ဆောင်တွေဖြစ်ရင် သူကလည်း ခုနက တုတ်ကွေးလိုပဲ ခံစားရမယ်။ သူကနေ မွေးဖွားလာမယ့်ကလေး တွေမှာ ဦးနှောက်ပိုင်းဆိုင်ရာ အထူးသဖြင်တော့ ဦးနှောက်သေးတယ်ဆိုတဲ့ ကလေးတွေ မွေးဖွားနိုင်တယ် အကုန်လုံးတော့ မဟုတ်ဘူး တော်တော်များများဟာ ဦးနောက်သေးတဲ့ ကလေးတွေ မွေးလာနိုင်တယ်ဆိုတဲ့ အန္တရာယ်ပေါ့။”

အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေ ဇီကာရောဂါပိုး ကူးစက်ခံရရင် ဦးခေါင်းသေးငယ်တဲ့ ကလေးငယ်တွေ မွေးဖွားနိုင်တာလို အန္တရာယ်လည်း ရှိတတ်ပါတယ်။ ဒီရာဂါပိုးကို အေးဒိစ်ခြင်အမျိုးအစားက သယ်ဆောင်တာဖြစ်ပြီး - ဒီခြင်အမျိုးအစားဟာ မြန်မာနိုင်ငံ အပါအ၀င် အာရှမှာ အတော်လေး ပေါပါတယ်။ နောက်ပိုင်းမှာတော့ ခြင်ကတဆင့်တင် မကဘဲ လူလူချင်း လိင်ဆက်ဆံမှုကနေလည်း ဇီကာရောဂါပိုး ကူးစက်နိုင်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ဆေးပညာရှင်တွေက တွေ့ရှိခဲ့ကြတာပါ။ အဓိက ခြင်ကတဆင့် ကူးစက်တတ်တာကြောင့် မြန်မာပြည်သူတွေအနေနဲ့ ခြင်အကိုက်မခံရအောင် သတိထားဖို့လိုပြီး - ခြင်မပေါက်ပွားအောင်လည်း နေထိုင်ရာ ပတ်ဝန်းကျင်မှာ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာ တင့်ဆွေက ဆိုပါတယ်။

“အခြေခံကတော့ ဒီခြင်က ရေကြည်ရေသန့်မှာ ပေါက်တဲ့ခြင်။ ဌက်ဖျားခြင်နဲ့ ပြောင်းပြန်။ ပန်းအိုးရေအိုး မော်တော်ကားတာယာဟောင်း စသဖြင့် ခြင်အောင်းတဲ့ နေရာတွေကို မရှိအောင် ကျနော်တို့ လုပ်သင့်တယ်။ နောက်တခါ ရေမျက်နှာပြင်တွေမှာ ခြင်ပိုးလောက်လန်းတွေကို ဆန်ခါလို ရေစစ်လိုမျိုးနဲ့စစ်သင့်တယ် ။ နောက်တခါ ဒီခြင်ကို စားတဲ့ insect လိုမျိုး၊ငါးလိုဟာမျိုးမွေးမြူတာတွေလည်း ရှိတယ် ။ နောက်တခါ ခြင်ထောင်နဲ့ အိပ်တဲ့ဟာ ဆေးဖြန်းနည်းလည်း အများကြီးလုပ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။”

ဇီကာရောဂါပိုးကူးစက်ခံရရင် ကုသနိုင်တဲ့ ဆေးဝါးလည်း မရှိသေးသလို၊ ကာကွယ်ဆေးလည်း မပေါ်သေးတဲ့အတွက် လူတွေအတွက် ကြိုတင် ကာကွယ်ကြဖို့ အရေးကြီးတယ်လို့လည်း သူက ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ စင်္ကာပူနိုင်ငံကို ခရီးမသွားကြဖို့ သတိပေးထားတာပါ။ တရုတ်နိုင်ငံကလည်း လေဆိပ်အ၀င်အထွက်တွေမှာ ဇီကာရောဂါပိုး စစ်ဆေးမှု တွေကို အလေးထားလုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါကြောင့် စင်္ကာပူနိုင်ငံနဲ့ နေ့စဉ် ကူးလူးဆက်ဆံမှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာလည်း အလားတူ လုပ်ဆောင်သင့်တယ် လို့ ဒေါက်တာ တင့်ဆွေက ဆိုပါတယ်။

“အထူးသဖြင့် စင်္ကာပူနိုင်ငံပေါ့ နောက်တခါ ထိုင်းပေါ့ ။ အဲဒီ ၂ နိုင်ငံကို ခရီးသွားတဲ့ အ၀င်အထွက်ရှိတဲ့လူတွေကို စစ်သင့်တယ်။ စစ်သင့်တဲ့အခါမှာ စစ်တယ်ဆိုတာက ပထမ ဆန်ခါတင်အဆင့်ကတော့ လွယ်ပါတယ်။ ကိုယ်ပူနေလား ဖျားနေလားဆိုတာနဲ့ အရင်စစ်သင့်တယ်။ နောက်တဆင့်ကျမှတခါ ဇီကာဆိုတာ ဇီကာနဲ့ ပတ်သက်ထားတဲ့ စစ်ဆေးနည်းကို သွားရမယ်။ အဆင့်ဆင့်ပေါ့ ။ အဲဒီတော့ ခရီးသွားဖို့ မသွားဖို့ တားမြစ်တာအပြင် သွားလာတဲ့လူတွေ ရောက်လာတဲ့လူတွေ ကိုယ့်နိုင်ငံသားမှ မဟုတ်ဘူး ၊ အဲဒီနိုင်ငံကနေလာတဲ့ လေကြောင်းအ၀င်မှန်သမျှ စစ်ဆေးမှု စသင့်နေပြီလို့ ကျနော် အကြံပြုချင်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံကိုလည်း ကူးစက်လာနိုင်တဲ့ ဇီကာရောဂါပိုးအကြောင်း ပြည်သူတွေ ပိုမို သိရှိ သတိထားမိလာအောင်၊ နိုးကြားမှုရှိလာအောင် အစိုးရအပါအ၀င် တာဝန်ရှိသူတွေ၊ လူမှုအဖွဲ့အစည်းတွေအနေနဲ့ အခုထက်ပိုပြီး အသိပညာပေးမှု၊ နှိုးဆော်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်သလို၊ ခြင်နှိမ်နင်းမှုတွေကိုလည်း စီမံကိန်းချ ဆောင်ရွက်သင့်ပြီလို့ ဒေါက်တာ တင့်ဆွေက အကြံပြုခဲ့ပါတယ်။

XS
SM
MD
LG