သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ရွေးကောက်ပွဲ အပေါ် Mitch McConnell မျှော်လင့်ချက် ထားဆဲ


အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell။
အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell။

လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေ အတွက် သူတို့ လိုလား တဲ့ ခေါင်းဆောင်ကို ရွေးချယ်ခွင့် ရမယ့် အခွင့်အလမ်းတရပ်ဖြစ်တာမို့၊ ဒီရွေးကောက်ပွဲ အခြေအနေကို အမေရိကန်ပြည်ထောင်စု နဲ့ နိုင်ငံတကာ က စောင့်ကြည့် အကဲခတ်နေတယ်လို့ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က ပြောလိုက်ပါတယ်။ ဒီရွေးကောက်ပွဲ ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေကို တိုင်းတာ အကဲဖြတ်ရမယ့် အခြေအနေ တရပ်ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။ အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnellမနေ့တုန်းက အမေရိကန် အထက်လွှတ်တော် မှာ လာမယ့်မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောဆို သွားတာတွေကို ကိုသားညွန့်ဦးက ကောက်နုတ် တင်ဆက်ပေးပါမယ်။

မကြာခင် သီတင်းပတ်တွေအတွင်း ကျင်းပတော့မယ့် မြန်မာနိုင်ငံရွေးကောက်ပွဲဟာ အရင်ကထက် ပိုပြီး လွတ်လပ်မျှတမယ့် သဘောမှာတော့ တွေ့နေရတယ်လို့ အထက်လွှွတ်တော် လူများစုခေါင်းဆောင်ဖြစ်သူ ရီပတ်ပလင် အထက်လွှတ်တော် အမတ် Mitch McConnell က မနေ့က အထက်လွှတ်တော်မှာ ပြောပါတယ်။

ဥပမာဆိုရင်တော့ အရင်တုန်းက မရှိခဲ့တဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကို လက်ခံ ခွင့်ပြုခဲ့တာဟာ ကျေနပ် အားရစရာဖြစ်တယ်လို့ ပြောပါတယ်။ ဒီ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်လုပ်နိုင်ပြီလဲ ဆိုတာ တိုင်းတာရမယ့် အခြေအနေတရပ်ဖြစ်မယ်လို့လည်း ပြောသွားပါတယ်။

“အခု ဒီရွေးကောက်ပွဲဟာဆိုရင် မြန်မာနိုင်ငံသား အများစု အတွက် သူတို့လိုလားတဲ့ ခေါင်းဆောင်ကို နောက်ဆုံးရွေးချယ်ခွင့်ရမယ့် အခွင့်အလမ်း တရပ်ဖြစ်ပါတယ်။ ဒါဟာ အခုခေတ်သစ်မြန်မာ့သမိုင်းမှာ ကြုံတောင့်ကြုံခဲ သိသာထင်ရှားတဲ့ ဖြစ်ရပ်ပါ။ ဒီရွေးကောက်ပွဲ အရေးကြီးတယ် ဆိုတဲ့ နောက်အကြောင်းတခု ရှိပါတယ်။ ရွေးကောက်ပွဲကို ဘယ်လို စီမံဆောင်ရွက်သလဲဆိုတာဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေအတွက် အရေးပါတဲ့ တိုင်းတာချက် တခုဖြစ်ပါလိမ့်မယ်။ ”

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မျှော်လင့်စရာ အားတက်စရာတွေ ရှိပေမယ့်လို့၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းစရာ အခြေအနေတွေ ရှိသေးတယ်ဆိုတာကိုလည်း အထက်လွှတ်တော်အမတ် Mitch McConnell က ထောက်ပြခဲ့ပါတယ်။ ပထမဆုံးအချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေးပါ။ ဖွဲ့စည်းပုံအရ စစ်တပ်ဟာ လွှတ်တော်ထဲ လေးပုံ တပုံနေရာယူထားပြီး၊ ဗီတိုအာဏာ သုံးခွင့်ရနေတဲ့အခြေအနေ ဟာ မြန်မာ့နိုင်ငံရေး အတွက် စိုးရိမ်စရာဖြစ်တယ်လို့ အထက်လွတ်တော်အမတ် Mitch McConnell က ပြောသွားပါတယ်။

“ကျနော်တို့တွေ ပြောသလိုပါပဲ မြန်မာဖွဲ့စည်းပုံဟာ သမ္မတ ကိုယ်စားလှယ်ဖြစ်နိုင် မယ့်သူကို အကျိုးအကြောင်းမဲ့ ကန့်သတ် ထားတာတွေရှိပါတယ်။ အထူးသဖြင့် ဒီတိုင်းပြည်ရဲ့ လူထုထောက်ခံမှုအရဆုံး အတိုက်အခံခေါင်းဆောင် သမ္မတ မဖြစ်နိုင်အောင် ပိတ်ပင်တားဆီးတားတဲ့ လုပ်ရပ်ပါ။ ဒါနဲ့တင် စိုးရိမ်စရာကောင်း ပါတယ်။ မြန်မာ ဖွဲ့စည်းပုံအကြောင်းပြောရရင် ဒါတင်မကပါဘူး။ ဥပမာဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ လွှတ်တော်ထဲမှာ လေးပုံတပုံနေရာယူထားတဲ့ စစ်တပ်က ဗီတိုအာဏာ ထိထိရောက်ရောက်အသုံးပြုနိုင်တဲ့အခြေအနေပါ။”

ဖွဲ့စည်းပုံပြင်ရေးမဲခွဲခဲ့တဲ့ကိစ္စမှာ လွှတ်တော်မဲအရ အများစုဖြစ်ပေမယ့်၊ ဖွဲ့စည်းပုံအရ လွှတ်တော်တွင်း အရေးနိမ့်ခဲ့ရတာကိုထောက်ပြပြီးတော့၊ ဒါဟာ အစိုးရနဲ့ သူ့မဟာမိတ်တွေဖက်က ဖွဲ့စည်းပုံအရခွင့်ပြုထားတဲ့ ဒီမိုကရေစီနည်းမကျတဲ့ နည်းလမ်းကို သုံးခဲ့တယ်ဆိုပြီးတော့ အထက်လွှတ်တော်အမတ် Mitch McConnell က ဝေဖန်ခဲ့ပါတယ်။

ဒီအချက်ဟာ ဒီမိုကရေစီရေးဆောင်ရွက်မယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ကတိကဝတ် အပေါ်မှာ မေးခွန်းထုတ်စရာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ မွတ်ဆလင်တွေ မဲပေးခွင့်ဆုံးရှုံးကြတဲ့အခြေအနေကိုလည်း စိုးရိမ်ဖွယ် အဖြစ် ထောက်ပြသွားပါတယ်။

“နောက်ထပ် အတော်လေး စိုးရိမ်စရာကောင်းနေတဲ့အခြေအနေတရပ်ကတော့ ရိုဟင်ဂျာတွေကို မဲပေးခွင့် ရုပ်သိမ်းလိုက်တဲ့ကိစ္စပါ။ ရိုဟင်ဂျာတွေကို ဖိနှိပ်မှုတွေ အရင်ကရှိနေပေမယ့်၊ အနည်းဆုံးတော့ သူတို့ဟာ ရွေးကောက်ပွဲမှာ မဲပေးခွင့် ဝင်ရောက်အရွေးချယ်ပိုင်ခွင့်တွေရှိခဲ့ပါတယ်။ ၂၀၁၀ နဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနှစ်ခု စလုံးမှာ သူတို့ဟာ မဲပေးခွင့်ရသလို၊ ကိုယ်စားလှယ်လောင်း အဖြစ် အရွေးချယ်ခံမှုတွေလည်းရှိခဲ့တာပါ။”

ဒါ့အပြင် ရွေးကောက်ပဲွဲမတိုင်ခင်မှာပဲ ဖေ့ဘုတ်ပေါ်မှာ နိုင်ငံခေါင်းဆောင်တွေကို သရော်လို့ ဖမ်းဆီးခံရတဲ့အခြေအနေတွေကိုထောက်ပြပြီး၊ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေအပေါ် စိုးရိမ်မိကြောင်းလည်း ပြောပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်လို့ မဲပေးမှုတွေ ချောချောမွေ့မွေ့ပြီးဆုံးသွားတယ် ဆိုတာနဲ့တင် မလုံလောက်သေးပဲ၊ ဒီ ရွေးကောက်ပွဲ ရလဒ်ဟာ မြန်မာပြည်သူ လူထုဆန္ဒကို ထင်ဟပ်စေမှ ဖြစ်မယ်လို့လည်း အထက်လွှတ်တော် အများစုခေါင်းဆောင် Mitch McConnell က ပြောပါတယ်။

ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာအပေါ် ထားတဲ့မူဝါဒ၊ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးစတာတွေကိုပါ ထင်ဟပ်စေမှာဖြစ်တယ်လို့ သတိပေးပါတယ်။ ဒါကြောင့် အခု ရွေးကောက်ပွဲအခြေအနေကိုရော ရလဒ်ကိုပါ အမေရိကန်ပြည်ထာင်စု နဲ့ နိုင်ငံတကာက စောင့်ကြည့် အကဲခတ်သွားရမယ်လို့လည်း အထက်လွှတ်တော် အမတ် Mitch McConnell က တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG