(Zawgyi/Unicode)
တရုတ်မှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံထဲကနေ နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမား ၁၅၀၀ ဝန်းကျင်လောက် မြန်မာသံရုံးကို ဆက်သွယ်ခဲ့ကြပြီး အဲဒီထဲက အချို့ကို နေရပ်ပြန်နိုင်အောင် စီစဉ်ပေးခဲ့တယ်လို့ မြန်မာသံရုံးက ပြောပါတယ်။ လတ်တလောမှာတော့ ရှန်တုန်ပြည်နယ်က ရေလုပ်ငန်း တခုမှာ မြန်မာအလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား အငြင်းပွားမှုကို မြန်မာသံရုံးဘက်က ကြားဝင်ဖြေရှင်းပေးထားတယ်လို့လည်း မြန်မာသံရုံးတာဝန်ရှိသူက ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေရဲ့မြန်မာပိုင်း သတင်းထောက် အိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။
တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ်၊ ဝေးဟိုင်ခရိုင်၊ ဝမ်းသမ်းမြို့က ဟိုင်ဖုရေလုပ်ငန်းစက်ရုံက တရားမဝင် မြန်မာလုပ်သား ၃၀၀ လောက်က သူတို့ပေးထားရတဲ့ နှစ်လစာ အပေါင်ကြေးကို ပြန်ပေးဖို့နဲ့ နေရပ်ပြန်ပို့ပေးဖို့ အလုပ်ရှင်ကို တောင်းဆိုပြီး အလုပ်မဆင်းကြတာ ၁ လ လောက်ရှိနေပြီလို့ ဆိုပါတယ်။ အဲဒီအတွက် ပေ့ကျင်းမှာရှိတဲ့ မြန်မာသံရုံးကနေ ကြားဝင်ညှိနှိုင်းမှုတွေ လုပ်ပေးခဲ့တာမှာ အလုပ်သမားတွေ မြန်မာပြည်ပြန်ဖို့နဲ့ ပြန်ဖို့စောင့်ဆိုင်းနေစဉ်မှာ အလုပ်ပြန်ဆင်းဖို့ ဖြေရှင်းပေးခဲ့တယ်လို့ သံရုံးအရာရှိ တဦးက ဗွီအိုအေကို ပြောပါတယ်။
“ဒီသံရုံးအနေနဲ့ လာခေါ်မယ်ဆိုတာကလည်း အခုချက်ချင်းကြီး ထပြီးတော့ စီစဉ်လို့ရတဲ့အရာ မဟုတ်ဘူး။ ကျမတို့မှာလည်း ညှိနှိုင်းဆောင်ရွက်နေရဝာာ။ ဒီမပြန်ပို့ခင် အချိန်ကာလလေးအတွင်းမှာ ပုံမှန်လေး အလုပ်ဆင်းပေးဖို့ ပေ့ါနော်။ သူတို့အနေနဲ့ကျတော့လည်း အလုပ်မလုပ်ပဲ ကျွေးထားဖို့ကျ အဆင်မပြေဘူးလေ အဲ့တော့ ဒီသူဌေးရှေ့မှာပဲ၊ သူဌေးကိုလည်း ခုနက သူတို့ပြောတဲ့ နှစ်လစာပေါင်ကြေးဆိုတဲ့ ဟာကို ပေးလိုက်ပါ။ ဒါဆိုရင် သူတို့ဘက်ကလည်း ပုံမှန်အတိုင်း အလုပ်ဆင်းပေးမယ်ဆိုပြီး ဒါမျိုးဖြစ်အောင်တော့ ကျမတို့ဘက်က ဖြေရှင်းလိုက်ပါတယ်။”
ဒါပေမဲ့လည်း ဒီအလုပ်သမားတွေက တရုတ်ဘက်ကနေ မြန်မာနိုင်ငံကို ပြန်ပို့နိုင်ဖို့ သက်ဆိုင်ရာတွေကို အကြာင်းကြားထားပြီး ဖြစ်တာကြောင့် မိမိသဘောနဲ့ မိမိ ပြန်သွားလို့မရဘူးလို့လည်း သံရုံးတာဝန်ရှိသူက ပြောပါတယ်။
ဒီနေ့အထိဆိုရင်တော့ နေရပ်ပြန်လိုကြောင်း ပေကျင်းမြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားခဲ့တဲ့ တရားမဝင်မြန်မာ အလုပ်သမားဦးရေက ၁,၅၀၀ ကျော် ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲကမှ ပြန်ခေါ်နိုင်ဖို့ရာ အချက်အလက် အပြည့်အစုံရရှိသူ ၉၀၀ ကျော် ရှိခဲ့တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ မတ်လ ၆ ရက်နေ့ကတော့ စတုတ္ထအသုတ်အဖြစ် အလုပ်သမား ၇၀ ပို့ပေးခဲ့ပြီးတော့ အခုမြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၂၀၀ ကျော်ရှိနေပြီလို့ သိရပါတယ်။
တရုတ်နိုင်ငံထဲမှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာ သောင်းဂဏန်းလောက်ရှိမယ်လို့ ခန့်မှန်းတယ်လို့ သံရုံးတာဝန်ရှိသူက ပြောပါတယ်။
“နည်းနည်းလေးတော့ ခန့်မှန်းရခက်ပါတယ် ခင်ဗျ။ အခုတောင် ကျနော်တို့ဆီကို သတင်းပို့တာ အကြမ်းဖျင်းပေါ့။ ဆက်သွယ်တာ ၁,၅၀၀ လောက် ရှိပြီဆိုပေမဲ့ မဆက်သွယ်ဘဲ မိမိအစီအစဉ်နဲ့ ပြန်နေတဲ့ဟာတွေလည်း ရှိတယ်လို့ ကျနော်တို့ အကြမ်းဖျင်းတော့ သိထားတယ်ပေါ့နော်။ တချို့ဆို မြန်မာပြည်တောင် ပြန်ရောက်နေပီ။ အလားတူပဲ နန်နင်းတို့ ကူမင်းတို့ သူတို့က ယူနန်ပြည်နယ်မှာဆိုရင် ပိုတောင် နီးသေးတယ်။ အဲ့မှာာဆို အရင်တုန်းက မြန်မာတွေ အများကြီးရှိပါတယ်။ သူတို့လည်း ပို့နေတာထောင်ချီနေပါပြီ။ ကူမင်းကောင်စစ်ဝန်ချုပ်ရုံးဆိုလည်း ပို့နေတာ ၁,၀၀၀ ကျော် ၂,၀၀၀ လောက် ရှိနေပါပြီ။အလားတူပဲ နန်နင်းကောင်စစ်ဝန်ချူပ်ရုံးက ပို့နေတာတွေလည်း ရှိပါတယ် ခင်ဗျ။ ဒါတောင်မှ တရားဝင် ကျနော်တို့ ဆက်သွယ်ပြီး ပို့နေတဲ့ဟာပေါ့နှော်။ မပို့နိုင်သေးတာတွေလည်းရှိတယ်။ ပို့နိုင်တဲ့ဟာတောင် ထောင်ကျော် ရှိနေပါပြီခင်ဗျ။ ကျနော်တို့ ခန့်မှန်းထားတာတော့ သောင်းကျော်လောက်တော့ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။”
ဒီအလုပ်သမားတွေက တရားမဝင် ရောက်လာကြတာဖြစ်တဲ့အတွက် အလုပ်သမားအခွင့်အရေးနဲ့အညီ ကာကွယ်ပေးလို့ မရနိုင်ဘူးလို့ သံရုံးက ပြောပါတယ်။ ဒါကြောင့် ဒီကာလအတွင်းမှာ အလုပ်သမားတွေအနေနဲ့ ရဲရဲ့ စောင့်ရှောက်မှုအောက်မှာရှိမှာဖြစ်တဲ့အတွက်ရဲကို အကြောင်းကြားပြီး ကာကွယ်ပေးတာမျိုးတွေ လုပ်ပေးနေပြီး အခြားအခြားအခက်အခဲအကြောင်း တစုံတရာရှိခဲ့ရင်မြန်မာသံရုံးကို အကြောင်းကြားကြဖို့ သံရုံးတာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
[Unicode Version]