သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ အလုပ်သမားအရေး ဖြေရှင်းပေးဖို့ ILO နဲ့ NLD ထံ အကူအညီတောင်းခံ


ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတချို့ (စက်တင်ဘာ ၁၈၊ ၂၀၁၅)
ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတချို့ (စက်တင်ဘာ ၁၈၊ ၂၀၁၅)

(Zawgyi/Unicode)

ကိုဗစ်ကာလအတွင်းမှာ စက်ရုံအလုပ်သမားတွေကို အကြောင်းပြချက်မရှိ အလုပ်ထုတ်တာနဲ့ တရားစွဲဆိုပြီး ဖမ်းဆီးအရေးယူမှုတွေပါ ရှိလာကြောင့် ဒါတွေကို ဖြေရှင်းပေးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)နဲ့ အာဏာရပါတီ NLD ထံ အကူအညီတောင်းခံခဲ့တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ဖမ်းဆီးထောင်ချခံထားတဲ့ သပိတ်မှောက်အလုပ်သမားတွေနဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနဲ့ အရေးယူခံထားရသူတွေအပါအဝင် အကြောင်းပြချက်မရှိ လျော်ကြေးမရဘဲ အလုပ်ထုတ်ခံခဲ့ရတဲ့ စက်ရုံအလုပ်သမားတွေအတွက် တရားမျှတမှု ရရှိစေဖို့ အကူအညီတောင်းခံခဲ့တာပါ။

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဗဟိုကော်မတီနဲ့ စက်ရုံအလုပ်သမားတချို့ ပါဝင်တဲ့အဖွဲ့ဟာ ဒီကနေ့မှာ ILOနဲ့ NLD ရုံးချုပ်ဆီ သွားရောက်ခဲ့ပေမဲ့ ကိုဗစ်ကာလအတွင်း လကုန်ရက်အထိ ရုံးပိတ်ထားတာဖြစ်လို့ တာဝန်ရှိသူတွေနဲ့ မတွေ့ခဲ့ရဘဲ တိုင်ကြားစာသာ ထားခဲ့ရတယ်လို့ သိရပါတယ်။

အလုပ်သမားတွေ ရသင့်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနေပြီး ဖမ်းဆီးအရေးယူခံထားရတဲ့အထိ ရှိနေတဲ့အပေါ်ကို သက်ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တွေက တာဝန်ယူဖြေရှင်းပေးတာမရှိလို့ အခုလို သွားရောက်အကူအညီ တောင်းခဲ့တာလို့ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဗဟိုကော်မတီက မသက်ထားဆွေက VOA ကို ပြောပါတယ်။

“အကူအညီသွားတောင်းတဲ့ အလုပ်သမားတွေအပေါ်မှာ သူတို့ဘယ်လို ကူညီမလဲ။ ဒါကိုညီမတို့အနေနဲ့ ပြန်ပြီးတော့ သုံးသပ်ကြည့်ရမယ့် အနေအထားမျိုးတော့ ရှိတာပေါ့နော်။ သူတို့အားကိုးတကြီး သွားပြီးတော့ရှင်းခိုင်းတဲ့ ဒီ ILO တို့ NLD တို့ကလည်း ဖြေရှင်းတဲ့အပေါ်မှာ အားရမှု မရခဲ့ဘူးဆိုရင်တော့ ဖြစ်လာသမျှ အကျိုးဆက်အားလုံးကတော့ အစိုးရကပဲတာဝန်ယူရလိမ့်မယ်လို့ ညီမတို့အနေနဲ့မြင်တယ်။”

အခုသွားရောက်တွေ့ဆုံမှုမှာ တာဝန်ရှိသူတွေနဲ့ မတွေ့ခဲ့ရပေမဲ့ ILO ဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး အမြန်ဆုံးအကြောင်းပြန်ဖို့ ပြောဆိုခဲ့ပေမယ့် NLD ဆီကနေတော့ ဘာအချက်အလက်မှ မရခဲ့ဘူးလို့ ဆိုပါတယ်။

Blue Diamond စက်ရုံက သပိတ်မှောက်အလုပ်သမားတချို့ ဖမ်းဆီးထောင်ချခံထားရပြီး နောက်ထပ် ၁၀၁ ဦးကိုလည်း အကြောင်းပြချက်မရှိ အဲဒီစက်ရုံက အလုပ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒါအပြင် အလုပ်ထုတ်ခံထားရသူတွေ တခြားစက်ရုံမှာ အလုပ်မရဖို့အထိပါ လုပ်ဆောင်ထားတယ်လို့ အဲဒီစက်ရုံမှာ လုပ်ကိုင်ခဲ့တဲ့ မနွေဇင်က အခုလိုပြောပါတယ်။

“အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၁၀၁ ဦးကိုလည်း တရားနည်းလမ်းကျကျ ဖြေရှင်းပေးစေချင်တယ်။ ပြီးတော့ ဖမ်းဆီးခံထားရတဲ့အလုပ်သမားတွေကိုလည်း အမြန်ဆုံးလွတ်မြောက်ပေးစေချင်တယ်။ ပြီးတော့ တရားစွဲဆိုခံထားရတဲ့ အလုပ်သမားတွေအားလုံးကိုလည်း အမှုတွေကို ရုပ်သိမ်းပေးစေချင်တယ်ရှင့်။ နောက်ပြီးတော့လေ ဒီ Blue Diamond စက်ရုံကပေါ့နော်… အလုပ်ထုတ်ခံထားရတဲ့ ၁၀၁ ဦးရဲ့ နာမည်တွေ၊ မှတ်ပုံတင်နံပါတ်တွေ၊ ကိုယ်ရေးရာဇဝင်စာရင်းတွေကို တခြားစက်ရုံတွေကို သူတို့က ကွန်ပျူတာနဲ့ ပို့ထားတယ်ရှင့်။ တခြားစက်ရုံတွေမှာ သမီးတို့တွေ အလုပ်သွားလျှောက်လို့ရှိရင် အစပိုင်းတော့အလုပ်ခန့်မယ်။ နောက်ပိုင်း ကွန်ပျူတာနဲ့ ပြန်တိုက်ပြီးတော့ သမီးတို့ကို အလုပ်မခန့်ဘူးရှင့်။ အဲလိုတွေလည်း လုပ်ထားတယ် စက်ရုံက။”

ကိုဗစ်ကာလမှာ တကမ္ဘာလုံး စီးပွားရေးကျဆင်းနေချိန်၊ ကုန်ထုတ်လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရလို့ အဲဒီကာလမှာ ရပ်တည်နေထိုင်ဖို့အတွက် ရထိုက်တဲ့ဥပဒေပါ အခွင့်အရေးတိုင်း တောင်းဆိုခဲ့တဲ့ အလုပ်သမားတချို့ကို အစိုးရက ဖမ်းဆီးထောင်ချမှုတွေ လုပ်နေသလို၊ အလုပ်ရှင်ဘက်ကလည်း အမှုဖွင့်အရေးယူတဲ့အထိ ဖြစ်လာတဲ့အပေါ် ဥပဒေရေးရာပညာရှင်တချို့ကလည်း ဝေဖန်ထောက်ပြမှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး နစ်နာဆုံးရှုံးနေတာဟာ တရားဥပဒေစိုးမိုးမှု မရှိတာနဲ့ သက်ဆိုင်ရာအလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှု အားနည်းတာကြောင့်လို့ တရားလွှတ်တော်ရှေ့နေဦးဌေးက ပြောပါတယ်။

“မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေမှာပါပြီးသား တည်ဆဲအလုပ်သမားဥပဒေ လိုက်နာရမယ်။ အလုပ်ရှင်ကလည်း မလိုက်နာဘူး။ တည်ဆဲအစိုးရကလည်း ကြီးကြပ်ကွပ်ကဲမှုအားနည်းတယ်။ အလုပ်သမားတွေက အလုပ်သမားအခွင့်အရေး မရဘူး။ အဲဒါတွေကြောင့် ပြဿနာတွေဖြစ်နေတာ။ တည်ဆဲအာဏာရပါတီရဲ့ ရွေးကောက်ပွဲကြေငြာစာတမ်းမှာ တရားဥပဒေစိုးမိုးရေးစာတမ်း ပါပါတယ်။ တရားဥပဒေစိုးမိုးရေးကို ကိုယ်တိုင်ပျက်ပြားအောင်လုပ်တာဖြစ်တဲ့အတွက် တာဝန်အလွန်ရှိပါတယ်။”

၂၀၁၁ အလုပ်သမားအဖွဲ့အစည်း ဥပဒေအခန်း ၇ မှာ အလုပ်သမားအဖွဲ့အစည်းတွေက အလုပ်သမားတွေအကျိုးအတွက် အကူအညီတောင်းလာရင် အလုပ်ရှင်က တတ်နိုင်သလောက် အကူအညီပေးရမယ်လို့ ဖော်ပြထားပေမဲ့ အဲဒီအခွင့်အရေးကို အလုပ်သမားတွေမှာ အပြည့်အဝရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

အခုနှစ် မေလ ၁ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ သဝဏ်လွှာမှာတော့ နိုင်ငံတိုးတက်ဖို့ အလုပ်ရှင်၊ အလုပ်သမား ဟန်ချက်ညီပူးပေါင်းကြဖို့ကို နိုင်ငံတော်သမ္မတက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]















XS
SM
MD
LG