သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

MNA လေယာဉ် ပြေးလမ်း ရှပ်တိုက်ဆင်း၊ ခရီးသည်အားလုံးဘေးကင်း


ရန်ကုန်ကနေ မန္တလေးကို ပျံသန်းလာတဲ့ ခရီးသည် ၈၂ ဦးပါ မြန်မာအမျိုးသားလေကြောင်းလိုင်း Embraer E 190 လေယာဉ်ဟာ ဒီနေ့ မနက်ပိုင်း မန္တလေး တံတားဦး လေဆိပ်ကိုဆင်းရာမှာ ရှေ့ဘီးချမရတာကြောင့်၊ ခေါင်းစိုက်အနေအထားနဲ့ ပြေးလမ်းရှပ်တိုက်ပြီး ဆင်းခဲ့ရမယ့် ခရီးသည်တွေအကြီးအကျယ်ထိခိုက်ဒဏ်ရာရမှုမျိုးမရှိခဲ့သလို လေယာဉ်ဟာလည်း ချောချောမွေမွေပဲ မြေပြင်ကို ဆင်းသက်နိုင်ခဲ့ပါတယ်။

မနက် ၇နာရီကျော်က ရန်ကုန်ကနေထွက်လာတဲ့ လေယာဉ်ဟာ မနက် ၈ နာရီကျော်မှာ မန္တလေးလေဆိပ်ကို ဆင်းရမှာဖြစ်ပေမယ့်၊ ရှေ့ဘီးမချနိုင်တာကြောင့် လေထဲ အတော်ကြာ ပျံဝဲနေခဲ့ရပြီး မနက် ၉ နာရီကျော်မှ ခေါင်းစိုက်အနေအထားနဲ့ ပြေးလမ်းကို ရှပ်တိုက်ဆင်းခဲ့ရတာပါ။ Nose Landing Gear ရှေ့ဘီးချမရဖြစ်နေတာကြောင့် လေယာဉ်မှူးဟာ လေကြောင်းထိန်းမျှော်စင်နဲ့ညှိုနှိုင်းပြီး၊ လေယာဉ်ဆီကုန်အောင် လေထဲ ဝဲပတ်ပျံသန်းခဲ့ရပြီးနောက်၊ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။

လေယာဉ်ဦးစိုက်အနေအထားနဲ့ ရပ်တန့်ပြီး၊ လေယာဉ်ဝန်ထမ်းတွေဟာ ခရီးသည်တွေကို အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်အတိုင်း သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သလို၊ ခရီးသည်ရော လေယာဉ်အဖွဲ့သားတွေပါ တစုံတရာ ထိခိုက်ဒဏ်ရာရခြင်းမရှိဘူးလို့လည်း ထုတ်ပြန်ပါတယ်။ လေယာဉ် ဦးစိုက်ဆင်းလာတဲ့ ဗွီဒီယိုကို လူမှုကွန်ယက်တွေပေါ်မှာ တင်ထားတာ တွေ့ကြရပြီး၊ အခုလို အခက်အခဲကြားက အောင်အောင်မြင်မြင် လေယာဉ်ဆင်းလာနိုင်တဲ့အတွက်လည်း လေယာဉ်မှုးကို ချီးကျူးထားကြပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် ဗုဒ္ဓဟူးနေ့တုန်းကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက Biman လေကြောင်းလိုင်းလေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆင်းသက်ရာမှာတော့ ပြေးလမ်းချော်ခဲ့တာကြောင့် လူ ၁၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရမှုဖြစ်ခဲ့ပါတယ်။ လေယာဉ်ဟာလည်း ရှေ့ဘီးပြုတ်ပြီး ဦးပိုင်းနဲ့ တောင်ပံနှစ်ဖက်စလုံး ပျက်စီးသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG