တရုတ်နယ်စပ်အနီး MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်တဲ့နယ်မြေမှာ အမျိုးသား ၆ ဦးကို ရာဇဝတ်ပြစ်မှုူတွေနဲ့ MNDAA က ကွပ်မျက်လိုက်တဲ့ အကြောင်း MNDAA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး AFP သတင်းက သောကြာနေ့မှာ ဖော်ပြပါတယ်။ ပြန်ပေးဆွဲတာ၊ ငွေညှစ်တာ နဲ့ လူသတ်တာ အပါအဝင် ပြစ်မှုတွေနဲ့ လူ ၁၄ ဦးကို ကြာသပတေးနေ့မှာ ရုံးတင် စစ်ဆေးခဲ့ပြီး ဒီအထဲက ၆ ဦးကို ကွပ်မျက်လိုက်တဲ့အကြောင်း “ကိုးကန့်” သတင်းမှာ ဖော်ပြခဲ့တာပါ။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကနေ ၃ မိုင်လောက်သာ ဝေးတဲ့ MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှာ လူ ၁,၀၀၀ လောက်ရဲ့ ရှေ့မှာ အပြာရောင် ဝတ်စုံတွေနဲ့ တရားခံတွေကို သတင်းဓါတ်ပုံတွေမှာ တွေ့ရပါတယ်။ တရုတ်စာနဲ့ “ရာဇဝတ်သား” လို့ ရေးထားတဲ့ ကဒ်ပြားတွေကို သူတို့ အားလုံးရဲ့ လည်ပင်းတွေမှာ ချိတ်ဆွဲထားပါတယ်။ MNDAA စစ်သားတွေအဖြစ် အယောင်ဆောင်ပြီး ငွေလုတာ၊ ပြန်ပေးဆွဲတာနဲ့ လူသတ်တာတွေကို ကျူးလွန်ခဲ့ကြတဲ့ လူ ၆ ဦးကို ကွပ်မျက်လိုက်တာလို့ ကိုးကန့်သတင်းက ဖော်ပြပါတယ်။
ကျန်တဲ့ ၈ ဦးကိုတော့ ဘယ်လို ပြစ်ဒဏ်တွေ ချမှတ်ခဲ့သလဲ ဆိုတာ ဖော်ပြမထားပါဘူး။ MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြားဟာ သူတို့ထိန်းချုပ်ရာ နယ်မြေတွေမှာ အခုလို ကိုယ်ပိုင် တရားရေးစနစ်တွေ အပြိုင်ကျင့်သုံးပြီး ပြစ်ဒဏ်စီရင်တာတွေကို အရင်ကလည်း လုပ်လေ့ရှိပါတယ်။ပြီးခဲ့တဲ့ ဧပြီလ တုန်းကလည်း MNDAA ကိုးကန့်တပ်ကပဲ သူတို့တပ်ဖွဲ့ဝင် ၃ ဦးကို လူသတ်မှု၊ စစ်လက်နက်ပစ္စည်းတွေ ခိုးယူ ရောင်းချမှုနဲ့ ကွပ်မျက်ခဲ့ပါသေးတယ်။
Forum