သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ်မိုဒီ ယူကရိန်းသမ္မတ နဲ့ ဆွေးနွေးဖို့ Kyiv ကိုရောက်ရှိ


အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ယူကရိန်းသမ္မတတို့တွေ့ဆုံစဉ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ယူကရိန်းသမ္မတတို့တွေ့ဆုံစဉ်။

အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီ ဟာ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့ တွေ့ဆုံဖို့ သောကြာနေ့မှာ Kyiv မြို့တော်ကို သွားရောက်ခဲ့ ပါတယ်။ သူဟာ ၁၉၉၁ ဆိုဗီယက် ယူနီယံ ကနေ ယူကရိန်းခွဲထွက်ခဲ့ပြီးတဲ့နောက် ပထမဆုံး ယူကရိန်းကို သွားရောက်တဲ့ အိန္ဒိယဝန်ကြီးချုပ် လည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ ပြီးခဲ့တဲ့လတုန်းက ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံဖို့ မော်စကိုကို သွားရောက်ခဲ့တာ အတွက် အမျက်ထွက်နေတဲ့ ယူကရိန်းသမ္မတ Zelenskyy ရဲ့ ဖိတ်ကြားမှုနဲ့ လာရောက်တာလည်း ဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ဦး တွေ့ဆုံဆွေးနွေးမှု မလုပ်ခင် ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာတော့ မစ္စတာ မိုဒီက သူ့ရဲ့ ယူကရိန်းခရီးစဉ်ဟာ ငြိမ်းချမ်ရေး အတွက် ဖြစ်ကြောင်း ပြောကြားခဲ့သလို ရုရှားနဲ့ ယူကရိန်း ၂ ဘက် ညှိနှိုင်းဆွေးနွေးမှု လုပ်ကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယနဲ့ ရုရှားတို့ကြား ကာလတာရှည် ဆက်ဆံမှုရှိသလို သက္ကရာဇ် ၂၀၀၀ ကစပြီး နှစ်စဉ်ထိပ်သီးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပေမယ့် အခု ဂျူလိုင်လ ကမှ ၅ နှစ်အတွင်း သူကိုယ်တိုင် မော်စကိုကို ပထမဆုံး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယ အနေနဲ့ ရုရှားနဲ့ ယူကရိန်း ၂ နိုင်ငံ ငြိမ်းချမ်းရေး အတွက် ဘယ်ကြိုးပမ်းမှုမျိုးမှာ မဆို မိတ်ဆွေ တဦးအနေနဲ့ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း သမ္မတ Zelenskyy ကို ပြောကြားခဲ့တာပါ။ ဒီလို ငြိမ်းချမ်းမှုရစေဖို့ ဆွေးနွေးပြောဆိုမှုတွေနဲ့ သံတမန်ရေး အရ ပဲ လုပ်ဆောင် နိုင်မှာ ဖြစ်တဲ့ အတွက် အချိန်မဖြုန်းကြပဲ အဖြေရှာဖို့ ၂ ဘက် အတူထိုင် ဆွေးနွေးသင့်တယ် လို့လည်း ဝန်ကြီးချုပ် မိုဒီက ပြောကြားကြောင်း ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ခေါင်းဆောင် ၂ ဦး တွေ့ဆုံဆွေးနွေး ပြီးချိန်မှာ တော့ ၂ နိုင်ငံကြား စိုက်ပျိုးရေး၊ စားသောက်ကုန်လုပ်ငန်၊ ဆေးဝါး၊ ယဉ်ကျေးမှုနဲ့ လူသားစာနာမှု အကူညီပေးရေး ဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG