သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားပိုင် Sudzha မြို့ထိန်းချုပ်နိုင်ပြီလို့ ယူကရိန်းထုတ်ပြန်


ရုရှားနိုင်ငံ၊ Kursk ဒေသတွင်းက Sudzha မြို့ကို ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ထားတဲ့မြင်ကွင်း။
ရုရှားနိုင်ငံ၊ Kursk ဒေသတွင်းက Sudzha မြို့ကို ယူကရိန်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ထားတဲ့မြင်ကွင်း။

ရုရှားပိုင်နက်ထဲဝင်ရောက်တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်တွေဟာ ရုရှားပိုင် Kursk ဒေသက အကြီးဆုံးမြို့ဖြစ်တဲ့ Sudzha မြို့ကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီလို့ ယူကရိန်းက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy က သူ့ရဲ့ X လူမှုမီဒီယာ အကောင့်မှာ တင်ထားတာဖြစ်ပြီး Sudzha မြို့ကို ရုရှားတပ်တွေ လက်ကနေ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း သူ့ကို ယူကရိန်း တပ်ချုပ် Oleksandr Syrskyi က သတင်းပို့တယ်လို့ ရေးသားထားတာပါ။ ဒါ့အပြင် အဲဒီမြို့မှာ ယူကရိန်း စစ်တပ်ကွပ်ကဲရေးရုံး ဖွင့်လှစ်လိုက်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

လူဦးရေ ၅,၀၀၀ လောက်နေထိုင်တဲ့ Sudzha မြို့ ဟာ ယူကရိန်းနယ်စပ်ကနေ ၆ မိုင်လောက် အကွာ ရုရှားပိုင်နက်ထဲမှာ ရှိပါတယ်။ ယူကရိန်းတပ်တွေရဲ့ ၁၀ ရက်ကြာ ဝင်ရောက်တိုက်ခိုက်မှုကနေ ရုရှားပိုင်နက် စတုရန်းမိုင် ၄၅၀ လောက်ကိုထိန်းချုပ်နိုင်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အဲဒီ ဒေသဟာ ဥရောပကို လောင်စာဆီ ဓါတ်ငွေ့တင်ပို့ရာ ပိုက်လိုင်းတွေထားရှိတဲ့နေရာဖြစ်ပြီး တိုက်ပွဲစတင်ချိန်ကစပြီး ဒီမြို့ကို သိမ်းနိုင်တဲ့အချိန်အထိ ဥရောပကို ဓါတ်ငွေ့တင်ပို့မှုအတွက် တစုံတရာ ထိခိုက်မှုမရှိခဲ့ပါဘူး။ ယူကရိန်းသမ္မတရဲ့ အခုလို ပြောကြားချက်နဲ့ ပတ်သက်ပြီး ရုရှားဘက်က တစုံတရာ တုံ့ပြန်ပြောကြားတာ မရှိသေးပါဘူး။ ဒါပေမယ့် ကြာသပတေးနေ့ အစောပိုင်းကတော့ တခြားဒေသတွေကိုသိမ်းပိုက်ဖို့ ယူကရိန်းရဲ့ ကြိုးပမ်းမှုကို ရုရှားတပ်တွေက တားဆီးနိုင်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဗြိတိန်က The Independent သတင်းစာနဲ့ မေးမြန်းခန်းမှာတော့ ယူကရိန်းသမ္မတရဲ့ ထိပ်တန်းအကြံပေးက အခုလို ယူကရိန်းက ရုရှားပိုင်နက်ထဲ ဝင်ရောက် တိုက်ခိုက်နေတာဟာ ယူကရိန်း - ရုရှားစစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲစကားဝိုင်းကို ရုရှားသမ္မတ Vladimir Putin ရောက်လာစေဖို့ တွန်းအားပေးတဲ့ စိတ်ဓါတ်စစ်ဆင်ရေး တခုအဖြစ် ရှုမြင်ကြကြောင်းပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG