သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ဗုံးဒဏ် မိုးဗြဲမှာ အရပ်ဘက်နဲ့ ဘာသာရေးအဆောက်အဦးတွေ ပျက်စီး


စစ်ပြေးဒုက္ခသည်များ (Photo: မိုးဗြဲ PDF) (မှတ်တမ်းရုပ်ပုံ)
စစ်ပြေးဒုက္ခသည်များ (Photo: မိုးဗြဲ PDF) (မှတ်တမ်းရုပ်ပုံ)

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေက ဗွီအိုအေကို ပြောပါတယ်။ ခုနောက်ပိုင်း စစ်ကောင်စီဘက်က မီးလောင်ဗုံးနဲ့ အသေခံဒရုန်းတွေ တွင်တွင်ကျယ်ကျယ်သုံးပြီး အားပြုလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့အချိန် အရပ်သားတွေအနေနဲ့ မိုးဗြဲမြို့ဘက် ဖြန်သန်းသွားလာတာ မလုပ်ကြဖို့ ကာကွယ်ရေးတပ်က ထပ်မံ သတိပေးထားပါတယ်။ မိုးဗြဲက စစ်ရေး အခြေအနေ သတင်းပေးပို့ထားပါတယ်။

ကယား (ကရင်နီ) ပြည်နယ်နဲ့ကပ်လျက် ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား မတ်လ ၁၁ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က ပြင်းအားပြင်းတဲ့ မီးလောင်ဗုံးတွေ ပိုမို အားပြုလာတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ ပြင်းထန်နေတုန်းပါပဲပေ့ါနော်။ မီးလောင်ဗုံးတွေကတော့ အရင်တုန်းကလည်း သုံးတာတွေ့တယ်၊ ဒါပေမယ့် အခုလက်ရှိ ဒီနှစ်အစောပိုင်း တိုက်ပွဲတွေမှာ ပိုသုံးတာ တွေ့ရတယ်ပေါ့နော်။ ပြင်းအား တော်တော်ပြင်းတယ်ပေါ့၊ အိမ်တလုံးဆိုရင် ထိပြီးဆိုရင် ငြိမ်းနိုင်ဖို့ ခက်တဲ့အနေအထားပေါ့နော်၊ နွေရာသီလည်းဖြစ်တော့ ပိုဆိုးတယ်။”

ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို နယ်မြေပြန်စိုးမိုးနိုင်ရေး စစ်ကောင်စီဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က တိုက်ပွဲ ပြန်ပြင်းထန်လာတာပါ။ စစ်ရေးအရ မိုးဗြဲမြို့ဟာ အချက်ချာကျတာမို့ ဒီဒေသကို ခြေကုပ်ရယူဖို့ စစ်ကောင်စီတပ်က လက်နက်မျိုးစုံအသုံးပြု အပြင်းအထန် ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်တိုက်တဲ့နေရာမှာ နိုင်ငံတကာဥပဒေနဲ့ မညီတဲ့လက်နက်တွေ စစ်ကောင်စီက အသုံးပြု တိုက်ခိုက်နေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“အခုနောက်ပိုင်းမှာ ဒီမီးလောင်ဗုံးတွေ တွင်တွင်ကျယ်ကျယ်သုံးသလို တခါတလေကျရင် မီးလောင်ဗုံးထဲမှာလည်း ဒီအဆိပ်ငွေ့တွေပါတယ်။ အခုဆိုလို့ရှိရင် စစ်ကောင်စီတွေက စူစိုက်ဒရုန်းတွေကို သုံးလာတာဖြစ်ပါတယ်။ သူတို့ရဲ့ပစ်မှတ်ကို ဒရုန်းအဖျက်စီးခံပြီးတော့ ဝင်တိုက်တဲ့ ဒရုန်းမျိုးဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ဒရုန်းတွေ၊ စူစိုက်ဒရုန်းတွေ၊ မီးလောင်ဗုံးတွေ၊ အဆိပ်ငွေဗုံးတွေ စသဖြင့်ပေါ့နော် အဲဒါတွေသုံးတယ်ပေါ့။ ဒါတော့ သူတို့ ဗျူဟာပြောင်းတာ မဟုတ်ဘူး၊ နှစ်ဆန်းလောက်ကတည်းက ဒီလိုလက်နက်တွေ ထူးဆန်းတဲ့လက်နက်တွေ ဓာတုလက်နက်တွေ နည်းပညာမြင့် ဒရုန်းတွေ သုံးနေတာဖြစ်တယ်ပေါ့နော်။ စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် နည်းမျိုးစုံ ကြိုးစားနေတာလို့ပဲ လုံးဝညစ်ပတ်တဲ့ နည်းလမ်းတွေပေါ့နော် နိုင်ငံတကာဥပဒေနဲ့ မကိုက်ညီတဲ့ စစ်တိုက်တဲ့ပုံစံတွေနဲ့ တိုက်ခိုက်နေတာပဲ။”

စစ်ကောင်စီတပ်က တိုက်ခိုက်တဲ့နေရာမှာ အရင်က လက်နက်ကြီးကိုသာ အားပြုခဲ့ပေမယ့် ခုနောက်ပိုင်း တော်လှန်ရေးတပ်တွေနည်းတူ ဒရုန်းအသုံးပြု တန်ပြန်တိုက်လာသလို မီးလောင်ဗုံးနဲ့ အသေခံဒရုန်း အမျိုးအစားနဲ့လည်း အားပြုလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ်မထားဘဲ ဦးတည်ရာမရှိ ရမ်းသမ်းပစ်ခတ်နေတာကြောင့် နေအိမ်၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အဦးတွေ ပျက်စီး၊ အရပ်သားသေဆုံးထိခိုက်တဲ့ ဖြစ်စဉ်တွေ ခပ်စိတ်စိတ် ရှိနေပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေယာဉ်အသုံးပြု တိုက်ခိုက်မှုကြောင့် ကလေးငယ်သူငယ်အပါအဝင် ၅ ဦး သေဆုံး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဆေးပေးခန်း ၁ ခန်း၊ စာသင်ကျောင်း ၅ ကျောင်း၊ ဘာသာရေးအဆောက်အဦး ၅ ခုနဲ့ အရပ်သားနေအိမ် ၇၀ လောက် ပျက်စီးခဲ့တယ်လို့ မတ်လ ၄ ရက်က KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်နေတာကြောင့် အရပ်သားပြည်သူတွေ မိုးဗြဲမြို့ကို ဖြတ်သန်းသွားလာတာ မလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ပြန်ကြားရေးတာဝန်ရှိသူတဦးက ထပ်မံအသိပေးထားပါတယ်။

“မိုးဗြဲကို ဖြတ်သန်းသွားလာတာမလုပ်ဖို့၊ မိုးဗြဲမိန်းလမ်းက ပြည်သူတွေအတွက် အဓိကကျတဲ့ မိန်းလမ်းဖြစ်တယ်ပေါ့နော်၊ အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ခြမ်းကို ဆက်သွယ်ပေးတဲ့ အဓိက မိန်းလမ်းဖြစ်တဲ့အတွက် ပြည်သူတွေကတော့ အများကြီးမဟုတ်ပေမယ့် နည်းနည်း နည်းနည်းတော့ သွားလာနေတာ ရှိနေတုန်းပဲပေါ့။ ဒီတရက် နှစ်ရက်က စစ်ကောင်စီက အသေခံဒရုန်းတွေ သုံးလာနေတာဖြစ်တဲ့အတွက် ပြည်သူတွေကို ထိခိုက်မှုမရှိအောင် ထုတ်ပြန်တာဖြစ်တယ်ပေါ့နော်။ ဆိုတော့ သတိထားသွားလာဖို့ပေါ့၊ ထုတ်ပြန်ထားတာ ဖြစ်တယ်ပေါ့နော်။”

လတ်တလော မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံပြောဆိုတာမ ရှိသလို ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG