ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နဲ့ အနီးဝန်းကျင်မှာ ဒီသီတင်းပတ်ထဲ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတွေ ကြောင့် တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ မိုးဗြဲ မြို့နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီက မြေပြင်ရောဝေဟင်ကပါ ထိုးစစ်ဆင်နေတာလို့လည်း ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့မိုးဗြဲမြို့ကစစ်ရေးနောက်ဆုံးအခြေအနေကို တင်ပြထားပါတယ်။
ကရင်နီတိုင်းရင်းသားတွေရှိရာ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နဲ့ အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကာကွယ်ရေး တပ်ဖွဲဝင်တွေနဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဖေဖော်ဝါရီလဆန်းက စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေဟာ မိုးဗြဲမြို့နဲ့ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပုံရတယ်လို့လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပြင်းထန်တိုက်ပွဲ ဖြစ်ပွားနေတယ်ပေါ့နော်။ နှစ်ဘက်လုံးက အပြင်းအထန်ပစ်ခတ်မှုတွေ တိုက်ပွဲတွေက နေ့စဉ်နဲ့အမျှရှိတယ်။ စစ်ကောင်စီဘက်က မိုးဗြဲမြို့ကို ပြန်လည်ရရှိရေး ပြန်လည် ထိန်းချုပ်ဖို့အတွက်ပေါ့နော်။ သူတို့ဘက်က အစွမ်းကုန် ကြိုးစားနေတာမျိုးတွေ ရှိတယ်။ အထူးသဖြင့် ဒီထောက်ပို့လမ်းကြောင်းတွေပေါ့နော်၊ လွိုင်ကော်ရယ် မိုးဗြဲ၊ ဖယ်ခုံ အဲ့ဒီလမ်းကြောင်းကို သူတို့ ဆက်သွားတယ်ပေါ့နော်၊ သူတို့ ကြိုးစားနေတာမျိုး တွေ့ရ တယ်။ ပြီးရင်တော့ ဒီးမော့ဆိုဘက်ကိုလည်း စစ်ကြောင်းထိုးရ လွယ်ကူအောင်ပေါ့နော် မိုးဗြဲမြို့ကို ထိန်းချုပ်ဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။”
စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့ လွိုင်ကော်-မိုးဗြဲလမ်းနဲ့ ဖယ်ခုံ-မိုးဗြဲလမ်းကြောင်းကနေ ထိုးစစ်ဆင်နေတာလို့လည်း ပြောပါတယ်။ မိုးဗြဲမြို့အခြေစိုက် အမှတ်(၄၂၂) ခြေမြန်တပ်ရင်း တဝိုက်က တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့လည်း ပါဝင်တိုက်ခိုက်နေတဲ့ ဒေသခံကာကွယ်ရေးတပ်(MBPDF) ပြန်ကြားရေးတာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။
“စစ်ကောင်စီဘက်က ဒီစစ်မှုမထမ်းမနေရကနေ စုဆောင်းလာတဲ့ တပ်သားသစ်တွေနဲ့ ပေါင်းပြီး အင်အားအလုံးအရင်းနဲ့ မိုးဗြဲကို ပြင်းထန်ထိုးစစ်ဆင်နေတာဖြစ်တယ်ပေါ့နော်။ ဒီရက်ပိုင်းကတော့ တော်တော်လေး တိုက်ပွဲပြင်းထန်နေတယ်ပေါ့။ လောလောဆယ် တိုက်ပွဲဖြစ်တာကတော့ ဒီမိုးဗြဲ အခြေစိုက် ခမရ (၄၂၂) ပေါ့နော် အဲ့တပ်ရင်းရဲ့ ဧရိယာကနေ ဒီမိုးဗြဲမြို့အစပေါ့နော် အဲ့ဒီနေရာတွေမှာ တိုက်ပွဲနှစ်ဖက် အပြင်းအထန်ဖြစ်နေတယ်ပေ့ါနော်။ ကျနော်တို့ တော်လှန်ရေး တပ်ပေါင်းစုဘက်ကနေလည်း အပြင်းအထန်ခုခံနေတယ်ပေါ့နော်။”
တိုက်ပွဲမှာ စစ်ကောင်စီက စစ်မှုမထမ်းမနေရ အမိန့်နဲ့ စုဆောင်းထားတဲ့ တပ်သားသစ်တွေ၊ လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။
“စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်လည်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်ပေါ့နော်။ မြေပြင်မှာ သူတို့ စစ်မှုမထမ်းမနေရ စုဆောင်းထားတဲ့ တပ်တွေနဲ့ မြေပြင်မှာ မတိုးနိုင်တော့ လေယာဉ်တို့၊ လက်နက်ကြီးတို့ အဆမတန်အားကိုး အသုံးပြုနေတာပေါ့နော်။ မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကျနော်တို့ ခုခံကာကွယ်နေတဲ့ အဖွဲ့တွေ ကူညီပေးကြဖို့ပေါ့နော်။ လိုအပ်ချက်တွေ အများကြီးရှိနေတဲ့ အတွက် ကူညီပေးကြဖို့ အကူအညီတောင်းခံလိုတယ်။”
ကရင်နီတိုင်းရင်းသားတွေနေထိုင်ရာ ဖားဆောင်း၊ ဘောလခဲ၊ လွိုင်ကော်မြို့နယ်တို့မှာ ဖေဖော်ဝါရီလ အတွင်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး အခုနောက်ဆုံး မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၇) ဦးသေဆုံးပြီး လက်နက်ကြီးငယ် (၅) လက် သိမ်းဆည်းရမိတယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေယာဉ်အသုံးပြုတိုက်ခိုက်ခဲ့ပြီး အရပ်သားနေထိုင်တဲ့ နေရာမှာပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် (၁၀) နှစ်ကနေ (၁၇) နှစ်အရွယ်ကြားကလေးသူငယ်တွေအပါအဝင် (၅) ဦး သေဆုံး၊ (၁၁) ဦး ထိခိုက် ဒဏ်ရာရရှိကြောင်းနဲ့ ဆေးပေးခန်း (၁) ခန်း၊ စာသင်ကျောင်း (၅) ကျောင်း၊ ဘာသာရေးအဆောက်အဦး (၅) ခုနဲ့ အရပ်သားနေအိမ် (၆၀) နီးပါး ပျက်စီးခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေကြောင့် သေကျေထိခိုက်မှုတွေနဲ့ ပတ်သက်လို့ နယ်မြေအခြေအနေကြောင့် သီးခြား အတည်ပြုလို့တော့ မရပါဘူး။ မိုးဗြဲတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီကလည်း တစုံတရာ ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို ဗွီအိုအေကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မိုးဗြဲတိုက်ပွဲပြင်းထန်လာကတည်းက ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး နေထိုင်ရေးနဲ့ စားသောက်ရေး အခက်အခဲဖြစ်တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ကရင်နီဒေသ အပါအဝင် မြန်မာနိုင်ငံမှာ ပြည်တွင်း နေရပ်စွန့်ခွာသူ (၃) သန်းခွဲကျော်ဟာ လူစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးရုံး UNOCHA ဖေဖော်ဝါရီလမှာ သတင်းထုတ်ပြန်ထားပါတယ်။
Forum