သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မိုဂါဒစ်ရှုး ကားဗုံးခွဲမှု လူပေါင်း ၁၀ ကျော်သေဆုံး


အသေခံ ကားဗုံးခွဲသမား ဖောက်ခွဲပြီးနောက် တွေ့ရတဲ့ အပျက်အစီး (မတ်၊ ၂၃၊ ၂၀၁၉)

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှုးမှာ မနေ့ စနေနေ့မှာ စစ်သွေးကြွတွေက အသေခံ ကားဗုံးခွဲပြီးနောက် အစိုးရရုံးတွေကို ၀င်ရောက် တိုက်ခိုက်တာကြောင့် ဒုတိယ ၀န်ကြီး တဦး အပါအ၀င် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒဏ်ရာရသူ အရပ်သား ၁၀ ဦးလောက်လည်း သယ်ယူပေးခဲ့ရတယ်လို့ မိုဂါဒစ်ရှုးရဲ့ တခုတည်းသော အခမဲ့ အရေးပေါ် ၀န်ဆောင်မှုက အာဏာပိုင်တွေက ပြောပါတယ်။ ၀န်ကြီး ဌာန နှစ်ခုရှိရာ အဆောက်အအုံဝန်းရဲ့ ဂိတ်တံခါးမှာ အသေခံ ကားဗုံးခွဲသမားက ဖောက်ခွဲပြီးနောက် တိုက်ခိုက်မှုတွေ စခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အဆောက်အအုံဝန်းရဲ့ အဓိက ဂိတ်တခုကို ကားဗုံးဖောက်ခွဲပြီးနောက်မှာ အစွန်းရောက်ဝါဒီတွေက တိုက်ခိုက်ရေး ရိုင်ဖယ်တွေနဲ့ အဆောက်အအုံတွေကို ပစ်ခတ်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ တိုက်ခိုက်မှု အတွင်း အသက်ရှင် လွတ်မြောက်လာသူ အလုပ်အကိုင်နဲ့ ပြန်လည်တည်ဆောက်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Ahmed Mohamed Iman က ဗွီအိုအေ ဆိုမာလီယာ ဌာနကို ပြောပါတယ်။

အလုပ်သမား တချို့ကို ဓားစာခံ အဖြစ် ဖမ်းဖို့ တိုက်ခိုက်သူတွေက အဆောက်အအုံထဲကို ထိုးဖောက် ၀င်ရောက်ခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့တွေဘက်က ပစ်ခတ်ခဲ့ကြတာလို့ Iman က ပြောပါတယ်။ လွှတ်တော် အမတ် Mohamud Abdullahi Ahmed ကတော့ ပေါက်ကွဲမှုကြောင့် သူ့ကားတောင် လွင့်စင်သွားမလို ဖြစ်ခဲ့ရတဲ့ အကြောင်း အစိုးရ ယူနီဖောင်းတွေ ၀တ်ထားတဲ့ သေနတ်သမား အနည်းဆုံး ၄ ယောက်လောက် အဆောက်အအုံထဲကို ထိုးဖောက်ဝင်ရောက်လာတဲ့ အကြောင်း ပြောပါတယ်။

တိုက်ခိုက်မှုက သူတို့ လက်ချက်ဖြစ်ကြောင်း Al-Shabab စစ်သွေးကြွ အဖွဲ့က ကြေညာချက်ထုတ် ပြောဆိုထားပြီး တိုက်ခိုက်မှု အတွင်း အစိုးရ တာဝန်ရှိသူတွေကို သတ်ဖြတ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ စနေနေ့မှာပဲ မြို့တော် မိုဂါဒစ်ရှုးက တခြားနေရာ ၃ နေရာမှာလည်း ပေါက်ကွဲမှု အသေးစား အနည်းဆုံး သုံးခုလည်း ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG