သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တားမြစ်မှုကြားက မွန်တော်လှန်ရေးနေ့စစ်ရေးပြ ကျင်းပ


၂၀၀၇ သြဂုတ်လက မွန်တော်လှန်ရေးနေ့စစ်ရေးပြအခမ်းအနား
၂၀၀၇ သြဂုတ်လက မွန်တော်လှန်ရေးနေ့စစ်ရေးပြအခမ်းအနား

မြန်မာ့တပ်မတော်ကနေ တားမြစ်ကန့်ကွက်နေတဲ့ကြားက အနှစ်(၇၀)ပြည့်မွန်တော်လှန်ရေးနေ့စစ်ရေးပြ အခမ်းအနားကို မွန်ပြည်သစ်ပါတီကနေ ဒီကနေ့မှာကျင်းပပြီးစီးခဲ့ပါတယ်။ လက်ရှိအစိုးရအနေနဲ့ ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပျက်ကွက်နေတာနဲ့ပတ်သက်လို့မွန်ပြည်သစ်ပါတီက မွန်တော်လှန်ရေးနေ့မှာ ဝေဖန်ပြောကြားလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက်နိုင်ကွမ်းအိမ်က သတင်းပေးပို့ ထားပါတယ်။

မြန်မာ့တပ်မတော်ကနေ ဟန့်တားနေတဲ့ကြားက ဒီကနေ့ကျင်းပတဲ့ မွန်ပြည်သစ်ပါတီရဲ့ တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားမှာ ပါတီရဲ့ရပ်တည်ချက်သဘောထားတွေကိုလဲ ထုတ်ပြန် ခဲ့ပါတယ်။

လက်ရှိ(NLD) အစိုးရအနေနဲ့ အာဏာရတာတနှစ်ကျော်ပြီးဆိုပေမဲ့ ၂၀၀၈ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးနဲ့ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပြေလည်အောင် မညှိနှိုင်းနိုင်သေးတဲ့အတွက် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးကို အဟန့်အတားဖြစ်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒီအခြေအနေကိုမွန်ပြည်သစ်ပါတီရဲ့ဒုဥက္ကဌ နိုင်ဟံသာကအခုလိုပြောပါတယ်။

"NLDအစိုးရအနေနဲ့က ရွေးကောက်ပွဲအတွက်ကြိုတင်တဲ့ကာလတုန်းက ၂၀၀၈ဖွဲ့စည်းပုံကိုပြင်ဖို့ အဓိကကြွေးကျော် ပြီးတော့ရွေးကောက်ပွဲဝင်ထားတယ်။ ဒါပေမဲ့ ဒီနေ့သူတို့အာဏာရလာတာတနှစ်ကျော်ပြီး။ ဘာမှမပြင်နိုင်ဘူး။ အာရုံလည်း သူတို့စိုက်ပုံမပေါ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ နားလည်မှု ညီညွတ်မှု တနိုင်ငံ လုံးအတိုင်းတာဆောင်တဲ့အပစ်ခတ်ရပ်စဲရေးကိုဖြစ်ဖို့ NLDအစိုးရလက်ထက်မှာ အခုထိတိုးတက်လာတဲ့အနေ အထားမမြင်ဘူးနော်။ အစိုးရဘက်ကတော့ ဟိုမှာ(၈)ဖွဲ့ကိုရထားပြီးတော့မှ အဲတာကိုဘဲဇောင်းပေးလုပ်နေတယ်။ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အင်အားစုကိုပါဝင်လာဖို့ အာရုံစိုက်မှုနည်းနေတယ်လို့ကျွန်တော်တို့မြင် တယ်ဗျာ။"

အစိုးရနဲ့တပ်မတော်ကို ဝေဖန်တင်ပြတဲ့ သတင်းမီဒီယာတွေကို တရားစွဲဆိုထောင်ချမှု မွန်ပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းတံတားအမည်ကိစ္စလူထုဆန္ဒပြမှု၊ ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံဆန့်ကျင်ဆန္ဒပြမှု ကိစ္စတွေကို အလေးမထားမှု စတဲ့အချက်တွေကို မွန်ပြည်သစ်ပါတီကနေ ထောက်ပြထားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးရဖို့အတွက် အစိုးရအနေနဲ့ မှန်မှန်ကန်ကန်နဲ့သတ္တိရှိရှိရပ်တည်ပြဖို့လိုတယ်လို့ မွန်ပြည်သစ် ပါတီရဲ့ဒုဥက္ကဌ နိုင်ဟံသာကအခုလိုထောက်ပြပါတယ်။

" အစိုးရအနေနဲ့တဖက်က ကျွန်တော်တို့ကိုတိုက်တွန်းနေသလိုပေါ့နော်။ သတ္တိရှိရှိ နဲ့မှန်မှန်ကန်ကန်နည်းလမ်းကို ဒါငြိမ်းချမ်းရေးရဖို့အတွက်အဲဒီလမ်းကို သတ္တိရှိရှိနဲ့ချီတက်ပါလို့။ အဲဒီမှန်မှန်ကန် ကန်နဲ့သတ္တိရှိရှိရပ်တည်ပြမယ်ဆိုရင် အောင်မြင်လာလိမ့်မယ်လို့ကျွန်တော်တို့မြင်တယ်။"

ဒီကနေ့ ဝါခေါင်လပြည့်နေ့ဟာ မွန်လက်နက်ကိုင်တော်လှန်ရေးနေ့အနှစ်(၇၀)ပြည့်ပြီးဖြစ်သလို မွန်ပြည်သစ်ပါတီ ထိမ်းချုပ်နယ်မြေတွေဖြစ်တဲ့ သထုံခရိုင်၊ မော်လမြိုင်ခရိုင် ထားဝယ်ခရိုင် ဗဟိုဌာနချုပ်နဲ့ ဗဟိုဝန်းကျင်ဒေသ ဘုရားသုံးဆူမြို့ ၊ ဗလဲဒွန်ဖိုက်ကျေးရွာမှာကျင်းပခဲ့ပါတယ်။

ဒီလို မွန်တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားနဲ့ကျင်းပမှုကို မြန်မာ့တပ်မတော်ကနေ ပြီးခဲ့တဲ့သြဂုတ်(၃)ရက်နေ့ ကဟန့်တားပိတ်ပင်ခဲ့သလို ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူဒေသဘက်မှာ နှစ်ဖက်စစ်အင်အားပြင်ဆင်မှုတွေ ရှိလာတဲ့အထိ ဖြစ်ပွါးခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ စစ်ရေးတင်းမာမှုမရှိသေးပေမဲ့ မွန်ပြည်သစ်ပါတီကနေ အခမ်းအနားလုပ်ဆောင်မှု အပေါ်မူတည်ပြီး ရှေ့ဆက်အရေးယူဆောင်ရွက်ဖို့ရှိနေတယ်ဆိုပြီး ဘုရားသုံးဆူနယ်မြေခံ ခလရ(၉၇)တပ်မှူးတွေ ကနေ အကြောင်းကြားလာတယ်လို့ မွန်ပြည်သစ် ပါတီ ဘုရားသုံးဆူဒေသတာဝန်ရှိသူတဦးကပြောပါတယ်။

ငြိမ်းချမ်းရေးတည်ဆောက်နေဆဲကာလမှာ အခုလိုမွန်ပြည်သစ်ပါတီရဲ့အခမ်းအနားကိုပိတ်ပင်တားဆီးတာဟာ နှစ်ဖက်ယုံကြည်မှုကိုလျော့ကျစေတယ်လို့လဲ နိုင်ဟံသာကဆိုပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ(၁၂)ရက်နေ့က ဘုရားသုံးဆူဒေသ မွန်ပြည်သစ်ပါတီရဲ့ (၇၀)ကြိမ်မြောက်မွန်အမျိုးသားနေ့မှာ စစ်ရေးပြအခမ်းအနားမလုပ်ဆောင်ဖို့ မြန်မာ့တပ်မတော်ကနေ ညွှန်ကြားချက်ပေးလာတဲ့အပေါ် မွန်ပြည်သစ် ဘက်ကလက်မခံတဲ့အတွက် မွန်ပြည်သစ်ပါတီရဲ့ အကောက်ခွန်ဂိတ်စခန်း (၃)ခုကို မြန်မာ့တပ်မတော်ကနေ သိမ်း ပိုက်ခဲ့တဲ့အထိအရေးယူမှုဖြစ်စဉ်တွေလဲရှိခဲ့ပါတယ်။

ဒီလိုစစ်ရေးပြအခမ်းအနားတွေပိတ်ပင်လာတာဟာ NCAအပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ မွန်ပြည်သစ် ပါတီအပေါ်ဖိအားပေးတဲ့ လုပ်ရပ်တခုလို့ မွန်နိုင်ငံရေးလေ့လာသုံးသပ်သူတွေကရှုမြင်နေပါတယ်။

မွန်တော်လှန်ရေးနေ့ဟာ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးနောက် မွန်အမျိုးသားတွေအတွက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိဖို့ ဖဆပလ အစိုးရထံ ဥပဒေအကြောင်းအရတောင်းဆိုခဲ့ပေမဲ့ အစိုးရကလက်မခံတဲ့အတွက် မွန်လူငယ်အဖွဲ့အစည်းတွေကနေ ဝါခေါင်လပြည့်နေ့မှာ ဂျိုင်းမြစ်တလျောက်ရွာတွေမှာရှိတဲ့ အစိုးရရဲစခန်းနဲ့ ပြည်သူ့စစ်တွေဆီကလက်နက်တွေကို စီးနင်းသိမ်းပိုက်ခဲ့ပြီး တော်လှန်ရေးစတင်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG