သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်နဲ့ ကရင်တပ်ဖွဲ့တွေအကြား နယ်မြေအငြင်းပွား ပစ်ခတ်မှုဖြစ်


့ ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်များ
့ ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်များ

မွန်ပြည်သစ်ပါတီ NMSP နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ ကြား နယ်မြေအငြင်းပွားမှုကြောင့် ဒီနေ့ မွန်ပြည်နယ် တပ်မဟာ (၅) ရှိတဲ့ နေရာမှာ နှစ်ဘက် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာမှုနဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ နှစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့က ပစ်ခတ်မှုတွေ ဖြစ်သွားခဲ့တဲ့ကိစ္စကို ညှိနှိုင်းဖို့ နှစ်ဘက်ခေါင်းဆောင်တွေ ကြိုးစားနေတုန်းမှာဘဲ အောက်ခြေတပ်တွေအကြား ခုလို ထိတွေမှုတွေ ဖြစ်ရတာလို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီ ခရိုင်အဆင့် နှစ်ဘက် ဆက်ဆံရေးရုံးတာဝန်ရှိသူတွေ မနေ့က အောက်တိုဘာ ၂၀ ရက်က ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာ နှစ်ဘက်အဖွဲ့တွေအကြား မကြာခဏ ဖြစ်ပေါ်နေတဲ့ နယ်မြေ အငြင်းပွားမှုပြဿနာကို အဖြေရှာဖို့ ထပ်တွေ့ကြပေမဲ့ ဒီနေ့လိုပစ်ခတ်မှုတွေ ထပ်ဖြစ်တဲ့ကိစ္စက အောက်ခြေပိုင်းတပ်တွေ နားလည်မှု လွဲတဲ့ကိစ္စတွေကြောင့် ဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာန ဒုတိယတာဝန်ခံ နိုင်အောင်မငေးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ ကျနော်တို့ အမှတ် (၅) တပ်ရင်းရဲ့ ကီလိုဝက်ကျော်ကျော် ထိဖထိုးရွာပေါ့၊ အဲဒီမှာ ဘုရားသုံးဆူ မြို့နယ်ခွဲပေါ့ တချက်ပြန်ဖြစ်တာ ၁၅ မိနစ်လောက်ပေါ့နော်။ ကျနော်တို့က မနေ့ကပေါ့ ခရိုင်အဆင့် လူကြီးတွေတော့ ပြောထားတယ် ဒါပေမဲ့ နားလည်မှုတော့ တထပ်တည်းတော့ မကျသေးတော့ ပြန်ဖြစ်ကြတယ်ထင်တယ် မြေပြင်မှာလေ။ (နှစ်ဘက်) တပ်ကနီးနီးကပ်ကပ်ရှိနေတော့ အဲလိုဖြစ်သွားတာ ထင်တယ်။”

မနေ့က အောက်တိုဘာ ၂၀ရက် တွေ့တဲ့အခါမှာ သဘောတူညီချက်တချို့ ရပေမဲ့ ဒီနေ့လို ထိတွေ့မှုတွေထပ်ဖြစ်တဲ့ကိစ္စ မြေပြင်အခြေအနေ အသေးစိတ်ကို သေချာ မသိရသေးကြောင်း KNU တပ်မဟာ (၆) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်းက ဗွီအိုအေကိုပြောပါတယ်။

“ ကျနော်တို့ မနေ့ကမနက် ၉ နာရီကနေ ၁၂နာရီထိ မွန်ပြည်သစ်ပါတီနဲ့ ကျနော်တို့ KNU တပ်မဟာ (၆) တွေ့ကြတယ်။ အဲဒီမှာ သဘောတူညီချက် ရှိတယ်။ မနက်ဖြန် ၂၂ရက်ပေါ့ နှစ်ဘက်တပ် အခြေအနေကို ပြန်ပြီးတော့ တည့်မတ်ပေးဖို့ အစီအစဉ်ရှိတယ်။ အခုဖြစ်ရှိတဲ့အခြေအနေ၊ နောက်အခြေအနေ ဘာမှမရသေးတဲ့အပေါ်မှာ ဘာမှပြောလို့မရဘူး။ ဒါကတပ်ပိုင်းဆိုင်ရာ ကိစ္စတွေ ဖြစ်တယ်။”

ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်ရွာအဖျား မွန်ပြည်သစ်တပ်စခန်းရုံရှေ့ မှာ KNU အလံလာစိုက်လို့ နှစ်ဘက်အောက်ခြေတပ်တွေ ပဋိပက္ခ ဖြစ်ခဲ့တာလို့ မွန်ပြည်သစ်ပါတီဘက်က ပြောသလို၊ KNU ဘက်ကလည်း ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ မူလကတည်းက ကရင်ရွာတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ၁၇ရက်နေ့ကဖြစ်ခဲ့တဲ့ နှစ်ဘက်ထိတွေ့မှုမှာ မွန်ပြည်သစ်ပါတီဘက်က အရာရှိတဦး ကျဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ကလည်း နှစ်ဘက်အောက်ခြေတပ်ဖွဲ့တွေအကြား အရင်ကဖြစ်ခဲ့တဲ့ ထိတွေ့ ပစ်ခတ်မှုနဲ့ အလားတူ ပစ်ခတ်မှုမျိုး နောင်မဖြစ်အောင် နည်းလမ်းရှာရေးတို့အတွက် နှစ်ဘက် ခေါင်းဆောင်တွေ ဘုရားသုံးဆူအနီးက DKBA စခန်းတခုမှာ ဆွေးနွေးခဲ့ကြပေမယ့် သိသာတဲ့ သဘောတူညီချက်မရခဲ့ပါဘူး။

မွန်ပြည်သစ်ပါတီနဲ့ KNU တို့ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး NCA ကို လက်မှတ်ရေးထိုးထားသလို အခုလိုဖြစ်တဲ့ကိစ္စတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ ထိခိုက်မှာမဟုတ်ဘူးလို့ နှစ်ဘက်လုံးက တုံ့ပြန်ထားပါတယ်။ အခုဖြစ်နေတဲ့ကိစ္စဟာ အောက်ခြေ နှစ်ဘက်တပ်တွေ နယ်မြေအငြင်းပွားတဲ့ကိစ္စဖြစ်ပြီး မနက်ဖြန် အောက်တိုဘာ ၂၂ ရက်နေ့မှာ နှစ်ဘက် အကြီးပိုင်းတာဝန်ရှိသူတွေ ထပ်မံတွေ့ဆုံသွားဖို့ ရှိပါတယ်။

......................










တိုက်ရိုက် လင့်ခ်


XS
SM
MD
LG