သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံးကိုးစစ်ပြေးဒုက္ခသည်များ နေရပ်ပြန်


စစ်ရှောင်ဒုက္ခသည်များ (၂၁ နိုဝင်ဘာ ၂၀၁၆)
စစ်ရှောင်ဒုက္ခသည်များ (၂၁ နိုဝင်ဘာ ၂၀၁၆)

မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့အကြား စစ်ရေးပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသက မုံးကိုးဒေသကစစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိမခြေအနေတည်ငြိမ်လာလို့ မုံးကိုးမြို့ထဲ စတင်ဝင်ရောက်လာပြီး ဖြစ်သလို မြန်မာ့အာဏာပိုင်တွေကလဲ စီစစ်လက်ခံနေပြီးဖြစ်ပါတယ်။ စစ်ဘေးဒဏ်ခံနေရတဲ့မုံးကိုးမြို့ဟာ ပျက်စီးမှုတွေရှိ နေသလို နေရပ်ပြန်သူတွေဟာလဲ စိုးရိမ်စိတ်တွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဗီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေဆက်သွယ်မေးမြန်းပြီးသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း နေရပ်ကနေစွန့်ခွါထွက်ပြေးနေရတဲ့ မုံးကိုးဒေသ စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ကိုစတင်ပြန်နေကြပြီးဖြစ်လို့ မြန်မာအာဏာပိုင်ပူးပေါင်းအဖွဲ့ကနေ စစ်ဆေးပြီး လက်ခံနေတယ်လို့ မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းက ပြောပါတယ်။

“အကုန်လုံး ၁၁၇၃ ယောက်ပြန်ဝင်လာပြီခင်ဗျ အိမ်ထောင်စုကတော့ ၂၄၁ စု လက်ခံပါတယ်။ ကျနော်တို့ မုံးကိုးမြို့မှာ မြို့အုပ်ချုပ်ရေးမှူးရှိတယ်ခင်ဗျ ၊ နောက်ပြီးတော့ ဌာနဆိုင်ရာတွေရှိတယ်ပေါ့။ လမ်းဦးစီး၊ ပြန်ဆက်ရယ် ၊ ကျနော်တို့ အထွေထွေအုပ်ချုပ်ရေးဌာနက ဝန်ထမ်းတွေပေါ့။ အဲဒါတွေကနေပြီးတော့ လူတွေကို လက်ခံပေးတာခင်ဗျ။”

ရက်သတ္တနှစ်ပါတ်အကြာစစ်ရေးတင်းမာနေခဲ့တဲ့ မုံးကိုးဒေသကိုမြန်မာ့တပ်မတော်ကနေ ဒီဇင်ဘာ(၄)ရက်နေ့က ထိမ်းချုပ်ထားပြီးနောက်ပိုင်း နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့လဲ ဦးဇော်မင်းက ပြောပါတယ်။

“တပ်မတော်ကနေပြီးတော့မှ ထိန်းချုပ်ထားတဲ့အတွက်ကြောင့်မို့ တည်ငြိမ်ပါတယ်။ အဟန့်အတား ကတော့ လောလောဆယ်အဲဒီမှာလိုက်ရှာတော့ လက်နက်တွေ့တာတို့ ၊ မိုင်း နောက် လက်ပစ်ဗုံးတွေတွေ့တာလေးတွေ ရှင်းလင်းနေတယ်ခင်ဗျ။”

မုံးကိုးစစ်ဘေးရှောင်တွေအနေနဲ့ မနေ့ကစပြီးနေရပ်ရင်းကိုပြန်နေကြတာပါ။

တိုက်ပွဲကာလအတွင်း မုန်းကိုးမြို့ဟာ စစ်ဒဏ်ခံနေရသလို နေရပ်ပြန်သူတွေဟာလဲ စိုးရိမ်စိတ်တွေရှိနေတယ်လို့ ဒေသခံတဦးဖြစ်သူ ဦးတီတီနောင်လတ် ကပြောပါတယ်။

“ရက်ကွက်လူကြီးများကို သူတို့ခေါ်ပြီး ပြည်သူလူထုကို အိမ်ပြန်ဖို့ သူတို့ပြန်ခေါ်တာရှိပါတယ်။ ဒါကြောင့် အခုအိမ်ပြန်နေကြပြီ။ ဒီတခါ တိုက်ပွဲက နည်းနည်းပြင်းထန်တယ်၊ ဗုံးကျဲတာ ၊ လေယာဉ်ဗုံးကျဲလို့ ထိတဲ့အိမ်ခြေတွေကလည်း မနည်းဘူး ၊ တိုက်ပွဲကြောင့် ပျက်စီးသွားတာလည်း အများကြီးရှိပါတယ်။ စာသင်ကျောင်းတွေလည်း ပျက်သွားတယ် အဲဒါအခုပြန်လည်မွန်းမံဖို့ရှိတယ်လို့ သိရပါတယ်ဒ ပြည်သူလူထုက အိမ်ကိုတော့ ပြန်ချင်တယ်၊ ဒါပေမယ့် အခြေအနေက ပြန်ဖြစ်လာမလား၊ အာမခံချက်ရှိသလား ဆိုတာတော့ ရှိနေပါတယ်။”

တရုတ်နိုင်ငံအတွင်းသောင်းနဲ့ချီတဲ့စစ်ဘေးရှောင်တွေဟာ ဒီကနေ့အထိထောင်ဂဏန်းလောက်သာ ပြန်လည်ဝင် ရောက်လာသေးတယ်လို့သူကဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ(၂၀)ရက်နေ့ကစပြီး KIA / TNLA / MNDAA / AA စတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ မြန်မာ့တပ် မတော်တို့အကြား ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မူဆယ် ကြူကုတ် ပန်ဆိုင်း မုံးကိုး ဖေါင်းဆိုင်ဒေသဘက်မှာ စစ်ရေးတင်းမာလာခဲ့ကြသလို တိုက်ပွဲတွေအတွင်းဒေသခံ(၂)သောင်းခန့်ဟာလဲ တရုတ်နိုင်ငံဘက်ကို စစ်ဘေးတိမ်း ရှောင်ခဲ့ကြရပါတယ်။

မုံးကိုးဒေသခံစစ်ဘေးရှောင်တွေ နေရပ်ရင်းပြန်နိုင်ပြီးဆိုပေမဲ့ ဖေါင်းဆိုင်ဒေသခံစစ်ဘေးရှောင်တွေအနေနဲ့ လော လောဆယ် နေရပ်ပြန်ဖို့ ခွင့်ပြုချက်မရသေးဘူးလို့ ဖေါင်းဆိုင်သိက္ခာတော်ရဆရာတော် ဦးဇင်ဟန်လကပြောပါတယ်။

“ အခု ကျနော်တို့ ဗျူဟာမှူးကို ကျနော်တို့ ခွင့်တောင်းတယ်၊ ကျနော်တို့ ဖောင်းဆိုင်ပြည်သူ့စစ်ကနေပြီးတော့မှ ဖောင်းဆိုင်ပြည်သူတွေကို ပြန်ခေါ်တော့မယ်ဆိုတော့ မခေါ်သေးနဲ့အုန်း ၊ ၁ ရက် ၂ ရက် စစ်ကြောင်းတွေ တအားတိုးလာမယ် ၊ နယ်မြေရှင်းလင်းရေးမပြီးသေးဘူး ပြီးရင်တော့ ပြန်ခေါ်ရအောင်ဆိုပြီးတော့ မနေ့ကအဲဒီလို ပြောတယ်ခင်ဗျ။ စောင့်ပေးပါဦး ခဏ တရုတ်ပြည်မှာနေပြီးတော့မှ ရှင်းလင်းရေးပြီးတဲ့အခါမှ ပြန်ခေါ်မယ်ဆိုပြီးတော့ အဲလိုပြောပါတယ်ခင်ဗျ။”

လက်ရှိမုံးကိုးဒေသဟာ အခြေအနေတည်ငြိမ်စပြုလာပြီးဖြစ်သလို တပ်မတော်အနေနဲ့လည်း နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေဆဲလဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ(၉)ရက်နေ့မှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ မြန်မာ့တပ်မတော်နဲ့မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တို့အကြားတိုက်ပွဲငယ်တခုဖြစ်ပွါးခဲ့ပြီး တပ်မတော်ဘက်က အမ် ၂၂ သေနတ် ၄ လက်၊ ပွိုင့် ၂၂ သေနတ် ၂ လက်၊ လေသေနတ် ၄ လက်၊ အမ် ၂၂ ကျည်အိမ် ၉ ခု၊ မှန်ပြောင်းမျိုးစုံ ၄ ခု၊ ကျည်မျိုးစုံ ၁၇၅ တောင့်၊ ဗုံးသီးမျိုးစုံ ၁၁ လုံး၊ စစ်ပစ္စည်းမျိုးစုံနှင့် အရပ်သားအလောင်း ၇ လောင်းတို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ မနေ့ကသတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ ရက်နေ့မှ ဒီဇင်ဘာ ၉ ရက်နေ့ထိ တပ်မတော်သား တစ်ဦး၊ရဲဝန်ထမ်း ၁၅ ဦး၊ ပြည်သူ ၁၃ ဦး၊ စုစုပေါင်း ၂၉ ဦးသေဆုံးပြီး ရဲဝန်ထမ်း ၁၁ဦး၊ ပြည်သူ ၄၉ဦး၊ ဝန်ထမ်း ၂ဦး၊ စုစုပေါင်း ၆၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန် ရေးကော်မတီကနေ ဒီဇင်ဘာ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG