သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာနယ်တကြော ကျေးရွာတွေမီးရှို့ခံနေရဟု ဒေသခံတွေပြော


မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာမှာ လူနေအိမ်တချို့ မီးရှို့ခံရပုံ( ဓာတ်ပုံ-မုံရွာအမြင့်လမ်းသတင်းမှန်ပြန်ကြားရေး/ဇွန် ၁၀၊ ၂၀၂၄)
မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာမှာ လူနေအိမ်တချို့ မီးရှို့ခံရပုံ( ဓာတ်ပုံ-မုံရွာအမြင့်လမ်းသတင်းမှန်ပြန်ကြားရေး/ဇွန် ၁၀၊ ၂၀၂၄)

မုံရွာမြို့နယ် ထနောင်းတောမြောက်ရွာမှာ လူနေအိမ်တချို့ မီးရှို့ခံရပြီး လူငယ် ၃ ဦး အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ စစ်မှုထမ်းဖို့ လူစုဆောင်းနေတာရှိသလို ရွာတွေဘက်မှာတော့ နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေရှိနေတယ်လို့ သိရပါတယ်။ မုံရွာဒေသအခြေအနေ သတင်းပေးပို့ချက်ကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

မုံရွာမြို့နယ်၊ ထနောင်းတောကျေးရွာအုပ်စုက ထနောင်းတောမြောက်ရွာကို ဇွန်လ ၁၀ ရက်၊ တနင်္လာနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း ရောက်လာပြီး ဒေသခံနေအိမ်တချို့ကို မီးရှို့သွားတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

"မီးရှို့ခံရတာက ပါသွားတာ ၃ အိမ် ပါသွားတယ်ဗျ။ စစ်ကြောင်းက ရွာထဲကအိမ်ကို မီးရှို့ဖို့လာတာ။ အင်အားက သိပ်မများဘူး၊ ၅၀ လောက်ပဲပါတာဗျ။ အဲဒီအိမ်ကို တန်းဝင်ပြီးရှို့သွားတာ။ ဝင်တဲ့အချိန်မှာပဲ လူငယ် ၃ ယောက်က သူတို့နဲ့ ထိပ်တိုက်တွေ့ပြီး အသတ်ခံလိုက်ရတာဗျ။"

အသတ်ခံလိုက်ရတဲ့ လူငယ် ၃ ဦးက မုံရွာခရိုင်တပ်ရင်း ၄ ထဲက ရဲဘော်တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်ကနေ စစ်ကြောင်းစတင်ခဲ့ပြီးတော့ ထနောင်းတောမြောက်ရွာ အရောက်မှာ သေနတ်ပစ်ခတ်ပြီး ရွာထဲကို စတင်ဝင်ခဲ့တာလို့ ပြောပါတယ်။

"တောင်ရွာနဲ့ မြောက်ရွာဆိုပြီး ၂ ရွာရှိတာဗျ၊ ထနောင်းတောက။ စစ်ကောင်စီတပ်က မနက်ပိုင်း ၅ နာရီလောက်ကို ထနောင်းတောမြောက်ရွာ ဝင်ပြီးတော့ ၆ နာရီလောက်မှာ မီးရှို့ပြီး ၈ နာရီ၊ ၉ နာရီလောက်မှာ ပြန်ထွက်သွားတာဗျ။ ရွာခံတွေက သူတို့လာတုန်းကပဲ ခဏရှောင်လိုက်ရတာ။ သူတို့ပြန်သွားတော့ ပြန်ဝင်ကြတယ်ဗျ။"

မုံရွာမြို့နယ်ထဲက ရွာတွေဆီ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့တာတွေက မကြာခဏဆိုသလို ရှိနေပြီး အခု မီးရှို့ခံရတဲ့ ထနောင်းတောမြောက်ရွာဟာ အရင်တုန်းကလည်း နေအိမ်တွေ မီးရှို့ခံရဖူးတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာတော့ စစ်မှုထမ်း တတိယအသုတ်အတွက် လူအယောက် ၅၀ မပြည့်မချင်း မုံရွာမြို့မှာ လူစုနေတယ်လို့ သိရပါတယ်။ မုံရွာနယ်ဖက်မှာတော့ နယ်မြေရှင်းလင်း ဝင်ရောက်မီးရှို့တာကို ရွာအများစု ခံနေရတယ်လို့ မုံရွာမြို့ခံတဦးက ပြောပါတယ်။

"မုံရွာမှာကတော့ တော်တော်လေးကို ဆိုးနေတယ်။ ရွာတွေဘက်မှာ မီးရှို့တာတွေလည်းရှိတယ်။ စစ်ကြောင်းတိုးချဲ့တာ နယ်မြေတိုးချဲ့တာတွေက ရေဦးနဲ့ တန့်ဆည်ဘက်မှာလည်း တော်တော်လေးများနေတယ်။ မုံရွာမြို့မှာက လူထုကလည်းပဲ လက်နက်အင်အား မရှိတဲ့အခါကျတော့ ညကြီးညတာ လာဆွဲရင်လည်း ဘာမှအကူအညီ တောင်းလို့မရဘူးလေ။ အကူအညီ တောင်းချင်လည်းပဲ အခုချိန်က မရဘူး။"

မုံရွာမြို့နယ်ထဲက ကျေးရွာတွေမှာ ဒေသခံနေအိမ်တွေကို မီးရှို့တာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန် ပြောဆိုထားတာမျိုး မရှိသေးပါဘူး။ ဇွန်လ ၇ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း မုံရွာမြို့ပတ်လမ်းပေါ်မှာ လူငယ်အမျိုးသားတဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့တယ်ဆိုပြီး သတင်းဌာနတချို့မှာ ရေးသားဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မဟုတ်မမှန်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG