သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာ သက္ကယ်ကျင်းရွာခံ ၃၀ ကျော် ဖမ်းဆီးခံရမှု၊ မိသားစုဝင်တွေ စိုးရိမ်ပူပင်


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ (CJ)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ (CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာက နေထိုင်သူတချို့ ဖမ်းဆီးခံရတာ ၃ လဝန်းကျင် ကြာနေပြီဖြစ်ပေမယ့် အခုချိန်ထိ ပြန်လွတ်မလာလို့ မိသားစုဝင်တွေ စိုးရိမ်ပူပင်နေကြပါတယ်။ ရွာမီးရှို့ခံထားရတဲ့ အခြေအနေကြောင့်လည်း ပြန်လည်ထူထောင်နိုင်ဖို့ ခက်ခဲနေပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာက ဒေသခံ အယောက် ၅၀ ကျော်ကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး အယောက် ၂၀ ကျော်သာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ကျန် ၃၀ ကျော်ကိုတော့ အခုချိန်ထိ မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီရွာခံတွေကို ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

"ကျန်တဲ့သူတွေ ပြန်မလွတ်သေးဘူး။ အမှုတောင် စွဲချက်တင်ပြီလို့ ကျနော်တို့ ကြားထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘာဖြစ်သွားလဲဆိုတော့ အဲဒီရွာမှာ လက်နက်ကြီးတွေကျတယ်။ လက်နက်ကြီးတွေ ကျပြီးတော့ ပြည်သူတယောက်ကို ပစ်သတ်သွားတယ်။ ဒါပေမဲ့ သူကတော့ ရွာခံမဟုတ်ဘူးလို့တော့ ပြောတယ်ဗျ။"

ဇွန်လ ၉ ရက်နေ့တုန်းကလည်း ရွာအနီးဝန်းကျင်မှာ လက်နက်ကြီးပစ်ခတ်မှုဖြစ်ခဲ့ပြီး အမျိုးသားတဦး ပစ်သတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့၊ ညနေပိုင်းမှာ သက္ကယ်ကျင်းရွာကို စစ်ကောင်စီအဖွဲ့တွေ အိမ်စီးကားနဲ့ ရောက်လာပြီး ရုတ်တရက်စစ်ကြောင်းထိုး လူနေအိမ်တွေကို မီးရှို့ခဲ့တာပါ။ အဲဒီအချိန်မှာ ပိတ်မိနေသူတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။ မီးလောင်မှုကြောင့် နေအိမ် ၅၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးခဲ့ပြီး အခုချိန်ထိ ပြန်လည်ထူထောင်နိုင်ဖို့ ခက်ခဲနေပါတယ်။

"အိမ်ခြေတော်တော်များများ ပါသွားတာဗျ။ ရွာရဲ့တဝက်လောက်နီးပါးကို ကျွတ်ထွက်သွားတာ။ သူက ရွာကြီးကို။ ရွာက အိမ်ခြေတွေ အရမ်းကပ်တာ။ ပုံမှန်အတိုင်းတော့ မလည်ပတ်နိုင်သေးပါဘူး။ တချို့တွေဆိုရင်လည်း နေရေးစားရေး အဆင်မပြေတာ ရှိတာပေါ့။"

ဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။ ဒေသခံနေအိမ် မီးရှို့ခံရတာနဲ့ ရွာခံတွေ ထွက်ပြေးပြီး ခပ်လှမ်းလှမ်းက ကြည့်နေတဲ့ပုံတွေကတော့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး နေအိမ်မီးရှို့တာတွေကို မုံရွာမြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကျေးရွာတွေဟာ မကြာခဏဆိုသလို ခံနေကြရတာပါ။ ဒါ့အပြင် စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးချိန်မှာလည်း မြို့ပေါ်လူနေအိမ်တွေက ပစ်မှတ်ထားခံနေရတယ်လို့ မြို့ခံလူထုက ပြောပါတယ်။

"၅ သုတ်ကနေပြီးတော့ ကျန်တဲ့ ၃ သုတ်အထိ မိန်းကလေးတွေ ခေါ်မယ်။ ဒီအရှေ့ ၄ သုတ်ကတော့ ယောကျ်ားလေး ခေါ်မယ်ပေါ့။ မိဘတွေရော၊ ကလေးတွေရော ဆင်ခြင်ကြဖို့ရာ။ အသွားအလာ အနေအထိုင်တွေ ဆင်ခြင်ကြဖို့ရာ လူထုကို အဲဒါတွေ သိစေချင်တာဗျ။"

မုံရွာမှာ စစ်ကောင်စီအဖွဲ့ မြို့တွင်းလှုပ်ရှားမှုကလည်း ပုံမှန်ရှိနေတယ်လို့ ပြောပါတယ်။ ဇွန်လ ၇ ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့ကလည်း မုံရွာမြို့ပတ်လမ်းပေါ်မှာ လူငယ်အမျိုးသားတဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့တယ်ဆိုပြီး သတင်းဌာနတချို့မှာ ရေးသားဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မဟုတ်မမှန်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG