သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ လကမ္ဘာခရီးစဉ်သစ်


လူသားတွေအတွက် ကြီးမားတဲ့ ခြေလှမ်းတလှမ်းအဖြစ် လကမ္ဘာပေါ်ကို လူသားတွေ ပထမဆုံး ခြေချခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၅၀ ပြည့်ခဲ့ပါပြီ။ လပေါ်ကို လူသားတွေ ခြေချနိုင်အောင် စွမ်းဆောင်ခဲ့တဲ့ အမေရိကန် အာကာသသိပ္ပံ အေဂျင်စီ NASA ကတော့ နောက်ထပ် လကမ္ဘာပေါ်ကို အာကာသယာဉ်မှူးတွေ လွှတ်တင်မယ့် ခရီးစဉ်သစ်အတွက်လည်း ထပ်မံပြင်ဆင်နေတာပါ။ ဒီအကြောင်း AP သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

လကမ္ဘာပေါ်ကို အမေရိကန် အာကာသယာဉ်မှူး Neil Armstrong ခြေချခဲ့တဲ့ အနှစ် ၅၀ ရှိလာချိန်မှာပဲ နောက်ထပ်တကြိမ် ခရီးစဉ်သစ်ကို ၂၀၂၄ ခုနှစ်မှာ စေလွှတ်ဖို့ ပြင်ဆင်နေတာပါ။ အင်္ဂါဂြိုဟ်အထိ လူသားတွေ စေလွှတ်မယ့် ခရီးစဉ်အတွက် ကြိုတင်လေ့ကျင့်တဲ့ အနေနဲ့ လကမ္ဘာကို နောက်တကြိမ် အာကာသယာဉ်မှူးတွေ စေလွှတ်မယ့် အစီအစဉ်ကိုတော့ ဂရိဒဏ္ဍာရီတွေထဲက အပိုလိုနတ်မင်းရဲ့ အမွှာညီမ Artemis လို့ အမည်ပေးထားကြောင်း NASA အကြီးအကဲ Jim Bridenstine ကပြောပါတယ်။

“အပိုလိုရဲ့ အမွှာညီမ Artemis လို့ အမည်ပေးထားတဲ့ အစီအစဉ်သစ်မှာတော့ နောက်ထပ် အမျိုးသားတဦးနဲ့ ပထမဆုံး အမျိုးသမီး တဦးကို လရဲ့တောင်ဝင်ရိုးစွန်းကို စေလွှတ်သွားမှာပါ။”

လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းမှာ တွေ့ရှိထားတဲ့ တန်ချိန်သန်းနဲ့ချီတဲ့ ရေခဲတွေ အပါအဝင် တခြားအရင်းအမြစ်တွေဟာ ခရီးစဉ်သစ်အတွက် အထောက်အကူ ဖြစ်လာဖို့လည်း မျှော်လင့်ထားတာပါ။

“လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းမှာ တန်ချိန်သန်းပေါင်း ရာချီတဲ့ ရေခဲတွေကို တွေ့ရှိထားပါတယ်။ ဒါက အသက်ရှင်သန်ရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ သောက်စရာရေ၊ ရှုစရာလေအပြင်၊ ဒုံးပျံလောင်စာအတွက် ဟိုက်ဒြိုဂျင်နဲ့ အောက်စီဂျင်တွေလည်း ရှိပါတယ်။”

လပေါ်ကို လွှတ်တင်ခဲ့တဲ့ Saturn IB ဒုံးပျံအစီအစဉ်က အငြိမ်းစား အင်ဂျင်နီယာ Kenneth Poimboeuf ကတော့ NASA ရဲ့ လကမ္ဘာ စူးစမ်းရေး လုပ်ငန်းတွေ အဆုံးမသတ်သေးဘူးလို့ ဆိုပါတယ်။

“ဒီနေရာမှာ သမိုင်းကို ဖန်တီးနေတုန်းပါ၊ အဆုံးမသတ်သေးပါဘူး။”

ခရီးစဉ်အသစ်အတွက် လွန်ခဲ့တဲ့ နှစ် ၅၀ က အသုံးပြုခဲ့တဲ့ ကရိယာတချို့ကိုလည်း ပြန်လည်အသုံးပြုသွားမှာပါ။ NASA ရဲ့ အပိုလို အာကာသယာဉ် အစီအစဉ်က အငြိမ်းစား အင်ဂျင်နီယာ Jim Ogle ကတော့ ၁၉၆၉ ခုနှစ် ဇူလိုင်လမှာ လပေါ်ကို ပထမဆုံး ခြေချခဲ့တဲ့ အတွေ့အကြုံကို အခုအထိ မမေ့နိုင်သေးပါဘူး။

“Apollo 11 လွှတ်တင်တဲ့ ထိန်းချုပ်ရေးခန်းထဲမှာ ကြုံခဲ့ရတဲ့ စိတ်လှုပ်ရှားမှုမျိုးကတော့ တသက်မှာ မမေ့နိုင်တဲ့ အတွေ့အကြုံမျိုးပါ။”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က အောင်မြင်မှုတွေအပေါ် အခြေခံပြီး နောက်ထပ်စူးစမ်းလေ့လာမှု အသစ်တွေကို တိုးချဲ့နိုင်ဖို့လည်း NASA ဒုံးပျံလွှတ်တင်ရေးဌာန ညွှန်ကြားရေးမှူးဟောင်း Robert Sieck တို့လို ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

“Apollo အစီအစဉ်မှာ ကျနော် ပါခဲ့ဖူးပါတယ်။ လပေါ်ကို အရောက်သွားနိုင်တယ်ဆိုတာကို သက်သေပြခဲ့ပြီးဖြစ်လို့ တခြားဂြိုဟ်တွေကိုလည်း ထပ်ပြီးရှာဖွေစူးစမ်းကြဖို့ ကျနော်ပြောခဲ့ဖူးပါတယ်။”

လပေါ်ကို ခြေချနိုင်ခဲ့တဲ့ Apollo 11 ခရီးစဉ်က ချန်ထားခဲ့တဲ့ အတွေ့အကြုံတွေကနေ အာကာသထဲ ခရီးရှည်သွားနိုင်မယ့် SLS အစီအစဉ် အပါအဝင် တခြားအာကာသ စူးစမ်းလေ့လာရေး လုပ်ငန်းတွေကို တိုးချဲ့နိုင်ဖို့လည်း NASA သိပ္ပံပညာရှင်တွေ ကြိုးပမ်းနေကြတာပါ။ နောက်ထပ် အာကာသ ခရီးစဉ်သစ်တွေကို စောင့်ကြည့်နေသူတွေထဲမှာတော့ Apollo 11 ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ အာကာသယာဉ်မှူး Michael Collins လည်း တဦးအပါအဝင် ဖြစ်ပါတယ်။

“လပေါ်ကို လူလွှတ်ပြီး ကမ္ဘာကို ဘေးကင်းရန်ကင်း ပြန်ရောက်စေချင်တယ်လို့ သမ္မတ John F. Kennedy ပြောလိုက်တဲ့အချိန်မှာ လကမ္ဘာကို ပျံသန်းဖို့ ပထမဆုံး အတွေးဝင်ခဲ့တာပါ။”

NASA သိပ္ပံပညာရှင်တွေကတော့ အတိတ်က အတွေ့အကြုံတွေအပေါ် အခြေခံပြီး အနာဂတ်အတွက် ပြင်ဆင်နေပါပြီ။ လကမ္ဘာကို နောက်တကြိမ်လွှတ်မယ့် Artemis အာကာသယာဉ် ခရီးစဉ်ကအစ SLS အာကာသခရီးစဉ်၊ Orion အာကာသယာဉ် ခရီးစဉ်တွေအပြင် နောက်ဆုံးတနေ့မှာ အင်္ဂါဂြိုဟ်အထိ ခရီးဆက်နိုင်ဖို့လည်း မျှော်မှန်းထားကြပါတယ်။

၂၀၂၄ လကမ္ဘာခရီးစဉ်သစ်
please wait

No media source currently available

0:00 0:03:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG